နိုင်ငံ့ဂုဏ်ဆောင် နောင်တစ်ခေတ်၏အောင်စစ်သည်

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  ဒီဇင်ဘာ  ၇ ရက်)

နိုင်ငံ့ဂုဏ်ဆောင် နောင်တစ်ခေတ်၏အောင်စစ်သည်

မြန်မာနိုင်ငံရှိစစ်တက္ကသိုလ်သည်အရှေ့တောင်အာရှတွင်သာမက ကမ္ဘာ့အဆင့်မီတက္ကသိုလ်တစ်ခု ဖြစ်သည်။ စစ်တက္ကသိုလ်ကြီးကို ၁၉၅၄ ခုနှစ်၊ သြဂုတ် ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး သမိုင်း အစဉ်အလာကြီးမားလှသည်။ ထိုစစ်တက္ကသိုလ်ကြီးမှ နိုင်ငံတော်အတွက်အဖိုးတန်သားကောင်းရတနာ များဖြစ်သော နောင်တစ်ခေတ်၏အောင်စစ်သည် များကိုမွေးထုတ်ပေးလျက်ရှိရာ ယခုအခါသင်တန်း အမှတ်စဉ်(၆၃)အထိရှိပြီဖြစ်သည်။ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၃)သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားကျင်းပပုံများကို ၇-၁၂-၂၀၂၁ ရက် နံနက် ၇ နာရီ ၃၀ မိနစ်မှစတင်၍ MRTV၊ MWD Channal နှင့် MWD Variety Channal တို့မှတိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား ကြိုတင်သတင်းကောင်း ပါးထားပြီး ဖြစ်ပါသည်။

နိုင်ငံတော်ကာကွယ်ရေးအတွက် မိမိတို့ကိုယ်တိုင်စိတ်အားထက်သန်စွာဆန္ဒပြုသူများ၊ မိဘများကိုယ်တိုင်ကလည်း မိမိတို့သား သမီးများကို နိုင်ငံတော်ကာကွယ်ရေးအတွက် ယုံကြည်ချက်ပြည့်ဝစွာ ခွင့်ပြုထားသူများ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကျန်းမာရေး သတ်မှတ်ချက်များနှင့်ပြည့်စုံသူများကို အဆင့်ဆင့်စိစစ်ကာ စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းသားအဖြစ် ရွေးချယ် တက်ရောက်ခွင့်ပြုခြင်းဖြစ်သည်။ စစ်တက္ကသိုလ်တွင် လေးနှစ်တာအဆင့်မြင့်ပညာ၊ စစ်အတတ်ပညာရပ်များ သင်ကြားပြီးနောက် သူတို့ကိုပြန်တမ်းဝင် အရာရှိများအဖြစ်ခန့်အပ်ကာ တပ်မတော်(ကြည်း၊ ရေ၊ လေ)ရှိတာဝန်ကျရာတပ်ရင်း/တပ်ဖွဲ့များတွင် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်စေခြင်းဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်ကိုကာကွယ်ခြင်း၊ ပြည်သူလူထု၏ အသက်အိုး အိမ်စည်းစိမ်ကို ကာကွယ်ခြင်းဆိုသည့်နယ်ပယ်သာမက နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကိုကာကွယ်ခြင်း၊ ပြည်သူများအပေါ် ကျရောက်သည့် သဘာဝဘေးအန္တရာယ်၊ ကူးစက်ရောဂါဘေးအန္တရာယ်၊ စားနပ်ရိက္ခာပြတ်လပ်ခြင်း ဘေးအန္တရာယ်များကို ကာကွယ် ခြင်းတို့အထိ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်စီမံဆောင်ရွက်ခြင်းတို့ ပါဝင်သည်။ ထို့ပြင်နိုင်ငံတော်၏ အရေးပေါ်အခြေအနေအရ ပေးအပ်လာသော တာဝန်များကို ထမ်းဆောင်ခြင်းသည်လည်း သမိုင်းပေးတာဝန်အရ နိုင်ငံတော်ကို ကာကွယ်ခြင်းဖြစ်သည်။

လူ့ဘဝဖြတ်သန်းမှုတွင် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းဆင်းများသည်လူငယ်ဘဝတွင်သာရှိသေးရာကျောင်းဆင်းအရာရှိငယ်၊ လူငယ်များဖြစ်၍ လုပ်ချင်ကိုင်ချင်စိတ်နှင့်အတူ စိတ်လိုက်မာန်ပါမလုပ်ဘဲ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိရပေတော့မည်။ ကိုယ်စီ အသိတရားနှင့် သတိတရားကိုလက်ကိုင်ထားပြီး ခေါင်းဆောင်ကောင်းဖြစ်အောင် လုပ်ဆောင်ကြရပေတော့မည်။ သူတို့၏ဘဝ တစ်သက်တာတွင် အမိစစ်တက္ကသိုလ်၏ ကောင်းမြတ်သည့်အစဉ်အလာများကိုစောင့်ထိန်းပြီး တာဝန်ကျေပွန်သော၊ ယုံကြည်အား ထားရသောအရာရှိကောင်းများအဖြစ် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရပေတော့မည်။

မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် ဖြစ်စဉ်ဖြစ်ရပ်အမှန်များကိုမသိမမြင်ဘဲ နိုင်ငံပျက်စီးရေးကို တစိုက်မတ်မတ် လုပ်ဆောင် နေသူများရှိနေသည်။ ထိုသူများသည် အဖြူရောင်နှလုံးသား ပိုင်ရှင်လူငယ်လူရွယ်တို့၏ စိတ်ကိုအမည်းရောင် ဆိုးပေးလျက်ရှိသည်။ ထို့ကြောင့် လူငယ်အချို့သည် လမ်းကြောင်းမှားကာ အကြမ်းဖက်အဖျက်သမားများအဖြစ်သို့ ရောက်သွားကြသည်။ ထိုလူငယ်များ လမ်းမှားရောက်သွားခြင်းသည် မိဘများအတွက်၊ မိသားစုများအတွက် ဝမ်းနည်းဖွယ်ကောင်းသော ကြီးမားသည့် ဆုံးရှုံးမှုဖြစ်သည်။ လူငယ်ချင်းအတူတူ ဘဝဖြတ်သန်းပုံခြင်း ကွဲပြားသောအခါ လမ်းမှားရောက်သွားခြင်းသည် နိုင်ငံအတွက်အနုတ်လက္ခဏာဖြစ်ပြီး လမ်းကြောင်းမှန်သို့ ရောက်သွားသူများကား နိုင်ငံအတွက် အပေါင်းလက္ခဏာဖြစ်သည်။ အပေါင်းလက္ခဏာ လူငယ်များမှာ သူတို့၏ မိဘဆွေမျိုးညီအစ်ကို မောင်နှမများအတွက် ဂုဏ်ယူဝင့်ကြွားတန်ဖိုးထားဖွယ်ဖြစ်သည်။

မိဘများကလူလားမြောက်အောင်မွေးဖွားပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်အောင် သင်ကြားပေးသည်။ အမိစစ်တက္ကသိုလ်က အဆင့်မြင့်ပညာရပ်မျိုးစုံကို ဆက်လက်သင်ကြားပေးခဲ့သည်။ မိဘများ၏ ကျေးဇူးကြီးမားသကဲ့သို့ ဗိုလ်လောင်းသင်တန်း လေးနှစ်တာ ကာလအတွင်း တပ်မတော်၏ ခေါင်းဆောင်ငယ်များဖြစ်လာစေရန် လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် တပ်မတော်နှင့် အမိစစ်တက္ကသိုလ်၏ ကျေးဇူးမှာလည်း ကြီးမားလှပါသည်။ နိုင်ငံတော်နှင့်တပ်မတော်က နောင်တစ်ခေတ်၏ အောင်စစ်သည်များ ဖြစ်လာစေရန် ရည်မှန်းပြီး လေ့ကျင့်မွေးထုတ်ပေးခဲ့ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်နှင့်ပြည်သူလူထု၏ အကျိုးစီးပွားတိုးပွားရေးကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် ကျေးဇူးဆပ်ကြရမည်ဖြစ်သည်။

စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၆၃)သင်တန်းဆင်းများသည် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသော ဗလငါးတန်နှင့်ပြည့်စုံအောင် သင်ကြားတတ်မြောက်သူများဖြစ်သည့်အတွက် နိုင်ငံတော်၏ သားကောင်း ရတနာများအဖြစ် ဆက်လက်တွေ့မြင်ရပေတော့မည်။ လူတိုင်းသည် မိမိ၏ ဘဝခရီးတွင် တိုးတက်ကြီးပွားလိုပါက ကြိုးစား အားထုတ်မှုနှင့်မိမိကိုယ်ကို အကောင်းဆုံးဖြစ်အောင် စောင့်ထိန်းလုပ်ဆောင်ခြင်းဖြစ်ပေရာ နိုင်ငံ့ဂုဏ်ဆောင်နောင်တစ်ခေတ် ၏အောင်စစ်သည်များအဖြစ် သယ်ပိုးဆောင်ရွက်အောင်မြင်ပါစေကြောင်း ရေးသားလိုက်ရပေသည်။    ။