ငယ်ဘဝ

ယမန်နေ့မှအဆက်

မောင်ငြိမ်းချမ်းကိုလည်း သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်နေထိုင်ရန် သင်ကြားပေးသည်။ ဆရာနှင့် တွေ့ဆုံရင်းနှီးခွင့်ရသည်မှာ မောင်ငြိမ်းချမ်းအတွက် ကံကောင်းလှ၏။ ယခု တစ်ခေါက် မောင်ငြိမ်းချမ်း ကျောင်းပြန်ရောက်သောအခါ ဘော်ဒါကျောင်းသား အတော်များများ ပြန်ရောက်၍ စည်စည်ကားကားဖြစ်နေပြီ။ မောင်ငြိမ်းချမ်း စောစော ရောက်ပြီး ရွာသို့တစ်ခေါက်ပြန်လိုက်ရ၍တော်သေးသည်။ ပထမရောက်စဉ်ကလိုသာ လူအများရှေ့မှာ ငိုနေရလျှင်အခက်။ တစ်ရက်ထက်တစ်ရက် လူဟောင်းများ ပိုရောက်လာကြသည်။ လူသစ်များလည်း တိုးလာဆဲ။ ကျောင်းဖွင့်ရက်တွင် ဘော်ဒါကျောင်းသား အားလုံး ၄၀ ခန့်ဖြစ်လာသည်။ ကျောင်းသားဟောင်းများက နေသားတကျ ရှိပြီးဖြစ်၍ ကျောင်းဖွင့်သည်နှင့်သူ့အတန်းနှင့်သူတက်ရောက်ကြသည်။

မောင်ငြိမ်းချမ်းတို့ ကျောင်းသားအသစ်များကို မိဘမဲ့ကျောင်းအုပ်ချုပ်သူ ဆရာတော်၏ ကိုယ်စား ဆရာဦးစံလှိုင်က ကျောင်းအပ်ပေးသည်။ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေညွန့်ထံမှာ အပ်နှံရသည်။ အဖေကြီး၏ ကျောင်းထွက်လက်မှတ်အရ မောင်ငြိမ်းချမ်းကို ဆရာမကြီးက တတိယတန်းမှာပညာသင်ကြားခွင့်ပြုသည်။ မောင်ငြိမ်းချမ်း မန္တလေးမြို့မှာ ကျောင်းနေခွင့်ရသော ကျောင်းသားဖြစ်သွားပြီ။ ရွာမှအဖေကြီးကျောင်းနှင့်    ခြားနားလွန်းလှ၏။ ရွာကျောင်းမှာ ဆရာဆို၍ အဖေကြီးတစ်ယောက်တည်းရှိသည်။ ကျောင်းသားများ အားလုံးကျောင်းပေါ်တွင်တစ်ပြင်တည်းနေရသည်။ ဤကျောင်းတွင် ဆရာ၊ ဆရာမတွေ အများကြီး။ သူ့အတန်းနှင့်သူအကာအရံနှင့်သီးခြားခွဲထားသည်။  စာရေးခုံ၊  ထိုင်ခုံနှင့်အကျအန နေရသည်။ ဘာသာရပ်အလိုက် ဆရာ၊ ဆရာမများပြောင်းလဲ ဝင်ရောက်လာ၍ သင်ပေးကြသည်။

ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန်ခေါင်းလောင်းသာမက အချိန်ပြောင်းသော ခေါင်းလောင်းသံရှိသည်။ အချိန်တိုင်းမှာ အချိန်ပြည့်စာကို ကြိုးစားသင်ကြားရသည်။ မောင်ငြိမ်းချမ်းအတွက် ပျင်းချိန်၊ လွမ်းချိန်မရှိ။ဆရာ၊ ဆရာမများက သပ်ရပ်သန့်ရှင်းစွာ ဝတ်ဆင်ထားသလို ကျောင်းသား၊ ကျောင်းသူအားလုံးလည်း ကျောင်းဝတ်စုံကို   သပ်သပ်ရပ်ရပ် သန့်ရှင်းစွာဆင်တူဝတ်ဆင်ထားကြသည်။ ကျောင်းဝတ်စုံမှာ ပုဆိုးက ကြည်ပြာ(မိုးပြာအနု)ရောင်နှင့် အင်္ကျီကအဖြူဖြစ်သည်။ အဖေကြီး၏ရွာကျောင်းမှ ပြောင်းလာရ သော်လည်း မောင်ငြိမ်းချမ်းစာလိုက်နိုင်ပါသည်။ ကျောင်းကိုစောရောက်ပြီး အင်္ဂလိပ်စာ ကြိုတင်သင်ကြားထားသည်မှာလည်း မောင်ငြိမ်းချမ်းအတွက် ဟန်ကျ သွားသည်။

မောင်ငြိမ်းချမ်းအင်္ဂလိပ်စာ ကောင်းစွာလိုက်နိုင်သည်။ နေ့ကျောင်းသားများသည် မန္တလေး အရှေ့ပြင်မှလာရောက် ကျောင်းတက်ကြသူများဖြစ်သည်။ မောင်ငြိမ်းချမ်းတို့ မိဘမဲ့ ကျောင်းသားများက ဘော်ဒါဆောင်မှာနေရသည်။ ဘော်ဒါဆောင်သည် ဝင်းသီးခြား ဖြစ်သော်လည်း စာသင်သောကျောင်းဆောင်များနှင့် တစ်ဆက်တည်းဖြစ်သည်။ နေ့ကျောင်းသားများသည် မိဘမဲ့ကျောင်းသားများကို အထင်သေး၊ အမြင်သေးနှိမ့်ချ ဆက်ဆံခြင်း မရှိသည့်အပြင် ရင်းနှီးခင်မင်ကြသည်။ ကြင်နာညှာတာကြသည်။ ဤကျောင်းတွင် စာတော်၍ ခြောက်လပတ်စာမေးပွဲမှာ ပထမရလျှင် နှစ်ဝက်နှင့် အတန်းတင် ပေးသည်ဟုဆို၏။ မောင်ငြိမ်းချမ်းပထမလိုချင်သည်။ ခြောက်လနှင့်အတန်းတက်ချင်သည်။ ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်၏။

ဆရာတော်ဦးပဝရ

မောင်ငြိမ်းချမ်းတို့ မိဘမဲ့ကျောင်းသားများ၏ ကျေးဇူးရှင် ဆရာတော်ဖြစ်သည်။ ဆရာတော်သည် မိဘမဲ့ကျောင်းကို တည်ထောင်၍ မိဘမဲ့ကလေးများကို ပညာသင်ကြား ခွင့်ရအောင် ကူညီစောင့်ရှောက်သော စေတနာရှင်ဖြစ်သည်။ မိဘမဲ့ဖြစ်သော ဘော်ဒါ ကျောင်းသားများ၏ စားဝတ်နေရေးကို ဆရာတော်ကတာဝန်ယူရသည်။ ဆန်၊ ဆီ၊ ငါးပိ၊ ငါးခြောက်၊ ငရုတ်သီး၊ အာလူးမှစ၍ ရနိုင်သမျှ ဆရာတော်အလှူခံရသည်။ အောက်ပြည်အောက်ရွာ ကြွသွားပြီး ပြန်လာလျှင် ငါးပိများကိုပိုရအောင် အလှူခံလာသည်။ နှစ်ပေါက်ထားပြီး မိဘမဲ့ကျောင်းသားများ စားရသည်။ ဆရာတော်ကိုကြည့်လျှင် အမြဲတမ်း အလုပ်များနေသည်။ မိဘမဲ့ကျောင်းသားများ၏ စားဝတ်နေရေးအတွက်သာမက စာသင်ဆောင်များ ဆောက်လုပ်ရေး၊ကျောင်းသုံးပရိဘောဂများ ပြည့်စုံရေးအားလုံးကို ဆရာတော်က တာဝန်ယူ ဆောင်ရွက်ပေးရသည်။ ကျောင်းအုပ် ဆရာမကြီးနှင့်တကွ ဆရာ၊ ဆရာမများ အားလုံး ဆရာတော်ကိုလေးစားကြသည်။

မောင်ငြိမ်းချမ်း တတိယတန်းကျောင်းသားအရွယ်က ဆရာတော်၏အသက်မှာ ၅၀ ကျော် ဖြစ်သည်။ အသားဖြူသည် အရပ်က ငါးပေခွဲခန့်၊ ရွှေကိုင်းမျက်မှန်တပ်ထားသည်။ ပိန်ပိန်ပါးပါး ဖြစ်သည်။ သွားလာလှုပ်ရှားမှု သွက်လက်မြန်ဆန်သည်။ သင်္ကန်းဝတ်ထားပုံက သပ်သပ်ရပ်ရပ်မရှိ။ ဖိုသီဖတ်သီဖြစ်၏။ စကားပြောလျှင်လည်း မြန်သည်။ ဘာပြောမှန်းပင် မသိ။ အသေအချာနားထောင်ရသည်။ ဆရာတော်ကို မိဘမဲ့ကျောင်းသားများ အားလုံး ကြောက်ရွံ့ရိုသေကြသည်။ သို့သော် မောင်ငြိမ်းချမ်းမှတ်မိသမျှ ဆရာတော်မည်သူ့ကိုမျှ မရိုက်ဘူးပါ။ ဆူရုံငေါက်ရုံနှင့်ကြောက်ကြခြင်း ဖြစ်သည်။ ဆူစရာရှိလျှင်တော့ အလွန် ဆူပါသည်။ အစကမှ စကားပြောမြန်၍နားမလည်ရသည့်အထဲ ဒေါသတကြီးပြောလျှင် ဗလုံးဗထွေးဖြစ်လာ၍ ဘာမျှနားမလည်တော့ပါ။ ထိုအခါ ဆရာတော်ပိုဒေါသကြီးပြီး ပို၍ ရှုပ်ကုန်တတ်ပါသည်။ မိဘမဲ့ဘော်ဒါမှ ကျောင်းသားများသည် ဖြစ်နိုင်သမျှ ဆရာတော်နှင့် မတွေ့အောင်ရှောင်ကြသည်။  ဆရာတော်၏ ထူးခြားချက်မှာ တွေ့လိုက်သည်နှင့် တွေ့သူကို တစ်ခုခုခိုင်းပါသည်။ တွေ့ပါလျက်နှင့်မခိုင်းဘဲ အလွတ်ပေးသွားသည်ဟူ၍ မရှိပါ။ ထို့ကြောင့် ဆရာတော်နှင့်လမ်းမှာရင်ဆိုင်ကြုံလျှင် ကျောင်းသားများ ဝေးဝေးလွတ်အောင် ရှောင်ပြေး ကြသည်။

ဆက်လက်ဖော်ပြပါမည်။