နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် သဝဏ်လွှာပေးပို့
ချစ်ကြည်လေးစားအပ်ပါသော ရခိုင်တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများ ခင်ဗျား-
ယနေ့ကျရောက်သော (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းလုံးရှိ မိဘပြည်သူညီအစ်ကို မောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း ကောင်းကျိုးမင်္ဂလာ အဖြာဖြာတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
ရခိုင်ပြည်နယ်နေ့သည် ရခိုင်တိုင်းရင်းသားတို့အတွက် အရေးပါသော နေ့ရက်များစွာမှ ထူးထူးခြားခြား ရှိသော နေ့တစ်နေ့ဖြစ်ပါသည်။ ၁၉၇၄ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်က ရေးဆွဲအတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။
ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ၁၉၇၅ ခုနှစ်မှစတင်၍ကျင်းပခဲ့သည်မှာ ယနေ့ဆိုလျှင် (၄၇)နှစ်မြောက် တိုင်ခဲ့ပြီဖြစ်ပါသည်။ ရခိုင်ပြည်နယ်သည် ရခိုင်ရိုးမ တောင်တန်းနှင့် ဘင်္ဂလားပင်လယ်အော်အကြား ကမ်းမြောင်ဒေသတွင် တည်ရှိပါသည်။ ရခိုင်ပြည်နယ်သည် ရှည်လျားလှပသည့် ပင်လယ်ကမ်းရိုးတန်း ဒေသဖြစ်သည်နှင့်အညီ အဖိုးတန် မြစ်၊ ချောင်း၊ အင်းအိုင်များ၊ ကျွန်းများနှင့် ပြည့်နှက်လျက်ရှိပြီး တိုင်းပြည်အတွက် အဖိုးတန် သဘာဝထွက်ကုန်များကို ဖန်တီးပေးနေသော ဒေသတစ်ခုလည်း ဖြစ်ပါသည်။
ရခိုင်ပြည်နယ်သည် သဘာဝပထဝီ အနေအထားအရ သဘာဝသယံဇာတတို့ ပေါကြွယ်ဝသည့် ဒေသတစ်ခုလည်း ဖြစ်ပါသည်။
ရခိုင်ပြည်နယ်သည် ရှေးရခိုင်လူမျိုးတို့၏ ရှည်လျားသော သမိုင်းကြောင်းနှင့်အတူ ယဉ်ကျေးမှုအမွေအနှစ်များ ပေါများသော ဒေသလည်းဖြစ်ပါသည်။ ရခိုင်စာပေသည် ဓညဝတီခေတ်ကပင် စတင်ထွန်းကားခဲ့ကြောင်း သမိုင်းဆိုင်ရာ အထောက်အထားများအရ တွေ့ရှိရသည့်အတွက် စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ စသည်တို့တွင် အဖိုးမဖြတ်နိုင်သော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပေါများလှသည့် ပြည်နယ်ဒေသ တစ်ခုပင်ဖြစ်ပါသည်။ ရှေးရခိုင်ဘုရင်များ လက်ထက်မှသည် ယနေ့အချိန်အထိ ရဟန်းစာဆို၊ လူစာဆိုများသာမက ရခိုင်လူမျိုး ပညာရှိများ၊ ပညာရှင်များ များစွာပေါ်ပေါက်ခဲ့ပြီး နိုင်ငံ့အကျိုး ထမ်းဆောင်ခဲ့သည်ကို ဂုဏ်ယူဖွယ် တွေ့မြင်ရပါသည်။
ရခိုင်ပြည်နယ်သည် သဘာဝပထဝီ အနေအထားအရ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အခြားဒေသများနှင့်နှိုင်းစာလျှင် ဖွံ့ဖြိုးမှုနောက်ကျ ကျန်နေခဲ့ရပါသည်။ ခေတ်အဆက်ဆက် အစိုးရလက်ထက်တွင် ဆောင်ရွက်ခဲ့သော်လည်း တပ်မတော်အစိုးရ လက်ထက်တွင် ရခိုင်ပြည်နယ်ကို အခြားဒေသများထက် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ မကျန်ရစ်နေစေရန် လမ်းပန်းဆက်သွယ်ရေးအား အထူးအလေးထား ဆောင်ရွက်ခဲ့သည့်အတွက် ပြည်ထောင်စုဖွား တိုင်းရင်းသား သွေးချင်း ဒေသများသို့ အချိန်မနှေးဘဲ ကူးလူးဆက်ဆံသွားနိုင်သဖြင့် တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုအား ပို၍ပို၍ တိုးပွားစေခဲ့ပါသည်။
ရခိုင်ပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေး တိုးတက်လာမှုနှင့်အတူ အခြားဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍများဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး တို့သည်လည်း ဖွံ့ဖြိုးတိုးတက် လာလျက်ရှိပါသည်။ ထို့အပြင် အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိနေပါသည်။ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ရခိုင်လူမျိုးတို့၏ ဒေသဆိုင်ရာ ထုတ်ကုန်များအား ပြည်တွင်း၊ ပြည်ပ ပျံ့နှံ့စေရန် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဒေသခံတစ်ဦးချင်း၏ဝင်ငွေလည်း တိုးပွားလာမည်ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့အား ချမှတ်အကောင်အထည် ဖော်လျက်ရှိရာ ရခိုင်ပြည်နယ် ပြည်သူလူထု၏ ဝိုင်းဝန်း ကြိုးပမ်းမှုကြောင့် ရခိုင်ပြည်နယ်၏ လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတို့သည် များစွာတိုးတက် ဖြစ်ထွန်းလာခဲ့ပါသည်။ မိမိတို့နိုင်ငံတွင် ကျေးလက်နေ လူဦးရေ ၇ဝ ရာခိုင်နှုန်းကျော်ရှိသဖြင့် စီးပွားရေး မြင့်တင်မှုများ ဆောင်ရွက်ချိန်တွင် ကျေးလက်နှင့်မြို့ပြ ကွာခြားချက်များ အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ရန် လိုအပ်သည့်အတွက် ရခိုင်ပြည်နယ်ဒေသ၏ ကျေးလက်နေပြည်သူများ ဘဝတိုးတက်အောင် စဉ်းစားဆောင်ရွက်လျက် ရှိပါသည်။ သို့မှသာ ရခိုင်ပြည်နယ်သည် ရေရှည်အကျိုးစီးပွားများ ဖြစ်ထွန်းမည်ဖြစ်ပါသည်။
မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်း၌ ရင်ဆိုင်ကြုံတွေ့နေရသော ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံမှအစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုများ အတွက်ရရှိလာသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား အချိန်မီပို့ဆောင်၍ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါသည်။ အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ မည်သည့် သွေးချင်းတိုင်းရင်းသား လူမျိုးမဆို အရှိန်အဟုန်မပျက် ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
တိုင်းပြည်၏သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် လွတ်လပ်ရေးရပြီးချိန်မှစ၍ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွင်း ကြုံတွေ့ခဲ့ရသော နိုင်ငံရေးပဋိပက္ခများကို အခြေခံသည့် ရိုက်ခတ်မှုကြောင့် တိုင်းရင်းသား ညီအစ်ကိုအချင်းချင်းအကြား နိုင်ငံရေးဝါဒ မတူညီမှု၊ အယူအဆမတူညီမှုများနှင့် သံသယများကို တိုးပွားစေပြီး လက်နက်ကိုင်ပဋိပက္ခများကို ဖြစ်ပေါ်စေခဲ့ပါသည်။ ထိုပဋိပက္ခများကို ဖြေရှင်းနေရခြင်းကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးတိုးတက်မှုနောက်ကျစေမှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားများ အားလုံး အေးအတူ၊ ပူအမျှ အတူတကွ ယှဉ်တွဲနေထိုင်ရင်း အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် တည်ဆောက်ပေးကြရမည်ဖြစ်ပါသည်။
ရခိုင်ပြည်နယ်ဒေသသည် မြတ်ဗုဒ္ဓ၏ သာသနာထွန်းလင်း တောက်ပရာဒေသဖြစ်ခဲ့ပြီး မြောက်ဦး ဒေသကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်မြို့တော်အဖြစ် အသိအမှတ်ပြုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဂုဏ်ယူဝင့်ကြွားဖွယ်ရာအမွေအနှစ်များ၊ ဓလေ့ထုံးစံများကို လေးစားလိုက်နာပြီး အမျိုးသား ယဉ်ကျေးမှုစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် ရခိုင်ဒေသအတွင်းရှိ ပြည်သူလူထုသာမက နိုင်ငံသားတိုင်းအားလုံး တာဝန်ရှိပါသည်။ ထိုတာဝန်ကို တက်ညီလက်ညီ ဝိုင်းဝန်း ဆောင်ရွက်ရင်း ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံ၍ ပြည်နယ်၏အကျိုး၊ ပြည်ထောင်စု၏ အကျိုးတို့ကို ထာဝစဉ် သယ်ပိုးနိုင်ပါစေကြောင်း တိုက်တွန်းနှိုးဆော်လျက် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုလျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
