ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

အမှတ်စဉ်(၇၆)

သားတော်ကြီး   မက္ခရာမင်းသားကြီးအားလည်း  သမီးတော်ပင်းမြို့စားသီရိသုကေသာ ဒေ ဝီမင်းသမီးနှင့် ဖတူမိကွဲမောင်လည် နှမ လည် ထိမ်းမြားလက်ထပ်ပေးတော်မူ၍ သုံးဆယ်မင်းသားကြီး၊ ညောင်အုပ်မင်းသားကြီး စသည်များကိုလည်း အဖတူအမိကွဲ သို့မဟုတ် နောင်တော်ညီတော်တို့မှ မွေးဖွားကြသူမောင်နှမများကို အပြန်ပြန်လက်ထပ်ပေးတော်မူခဲ့လေသည်။ နောင်တော်နှင့် ညီတော် ချစ်ခင်ကြင်နာမှုရှိသကဲ့သို့ မိမိတို့၏သားတော်၊ သမီးတော်များလည်း အချင်းချင်းချစ်ခင်မြတ်နိုး၍ သံယောဇဉ်ကြိုး ရစ်ပတ် မိကြစေလျက် အစဉ်အဆက်ထာဝရ တည်တံ့ခိုင်မြဲသော ချစ်ကြည်မှုကိုရှေးရှု၍ စီမံတော်မူခြင်း ဖြစ်လေသည်။

ယင်းသို့လျှင် နောင်တော်နှင့်ညီတော်တစ်သက်လက်တွဲမပျက် သားတော်၊ မြေးတော်စဉ်ဆက်ခိုင်ခံ့တည်မြဲလျက်ရှိစေရန် စီမံတော်မူ ခြင်းအားဖြင့် သားတော်၊ သမီးတော်များ စုရုံးညီညာ ချစ်ခင်လေးမြတ်စွာရှိခြင်းကြောင့် အမှောင့်ပယောဂများ မဝင်သာအောင် ရှိခဲ့သောအခြေအနေကိုမလိုသူတို့က တစ်စတစ်စယိုယွင်းလာစေရန် ဝဿကာယကုန်းချော ဉာဏ်နှင့်ဥပါယ်တံမျဉ် ကြံဖန်လာ ကြလေသည်။

မင်းသားကြီးများ အိမ်တော်သို့ ထွက်ဝင်ခွင့်ရရှိသူ သူလျှိုအဖွဲ့ဝင်များအား အချင်းချင်းသွေးကွဲစေမည့် အယူအဆများကို လိမ္မာ ပါးနပ်စွာ နားသွင်းစေကြလေသည်။

အချို့မင်းသားကြီးများအိမ်တော်သို့ လက်ဆောင် အဆက်အသဝင်ရင်းမှ နိုင်ငံခြားအရပ်ဒေသများကို သွားရောက်လည်ပတ်ရန် မြှူဆွယ်ခြင်း၊ နိုင်ငံခြားပင်မသွားနိုင်စေကာမူ အောက်မြန်မာပြည်၏ ယနေ့အခြေအနေကို အငြီးပြေအလည်အပတ် သွားချင်လာ အောင် သွေးဆောင်မှန်းမသိ သွေးဆောင်ကြသည်။

အချို့မင်းသားကြီးများအား နိုင်ငံခြားဖြစ်အထည်ပစ္စည်းကအစ အရက်သေစာအထိ  မီးစင်ကြည့်၍ ကြိုက်နှစ်သက်မည့် အချက် အလက်များ ဦးစားပေး၍ သွေးဆောင်လေ့ရှိသည်။ သည်ထက်ရင်းနှီးလက်ခံမှုရှိလာလျှင် ဘုရင့်သားများသာလျှင် ဘုရင်ဖြစ် ထိုက်ကြောင်း လမ်းခင်းပေးခြင်း၊ အကယ်၍ ဘဒွေးတော် အိမ်ရှေ့မင်းကြီးသာမရှိဘူးဆိုခဲ့လျှင် ဘုရင့်သားတော်များမှတစ်ပါး ထီးမွေ နန်းမွေခံစားထိုက်သူမရှိကြောင်းနှင့် သူတို့၏ ထင်မြင်ယူဆချက် ဤသို့ရှိကြောင်းများကို ပါးနပ်စွာနားသွင်းတတ်သည်။ မင်းသားများကလည်း ဘဒွေးတော်အိမ်ရှေ့မင်းကြီးအား ပြစ်မှားစိတ်မရှိကြ။ မလိုစိတ်ထားမရှိခဲ့ကြဘဲ သူတို့နောင်တော် ညီတော် လက်တွဲ၍ ပုဂံမင်းကိုပုန်ကန်ခြားနားခဲ့ခြင်းအားဖြင့် တိုင်းပြည်တည်ထောင်ဖက်၊ စီးပွားဖက်ဖြစ်ခဲ့ကြသောကြောင့် တစ်ကြောင်း၊ ညီတော်၏ လက်ရုံးရည်သတ္တိနှင့် နောင်တော်တို့၏ ဘုန်းစွမ်းဉာဏ်စနှစ်ခုပေါင်း၍ရခဲ့သော ထီးနန်းစည်းစိမ်အား ညီတော်နောင်တော် တို့သာလျှင် ဝေခွဲယူခြင်းက တရားမျှတမှုရှိကြောင်းများ ပြန်လည်မိန့်ကြားလေ့ရှိကြသည်။

သို့ရာတွင် ကျောက်ဆောင်ကျောက်သားပင်ဖြစ်လင့်ကစား ထိခိုက်ဖန်များလာပါက တစ်စတစ်စပွန်းပဲ့ရသကဲ့သို့ လောကီလူသားမျှ သာဖြစ်သော မင်းပျိုမင်းလွင်ဖြစ်သူမင်းသားများအနက် အချို့မင်းသားတို့၏ စိတ်ဘဝင်၌ မတင်မကျဖြစ်စပြုလာလေသည်။ ဆင်အိပ် ရာဝယ် ဆိတ်လာ၍နှိုးသည့်နှယ် မဖွယ်မရာသော အတွေးနယ်ကိုကျယ်ပြန့်လာစေသည်။ သို့သော် မင်းသားကြီးများသည် ခမည်း တော်၏ရည်ရွယ်တော်မူချက်ကို ချေဖျက်လိုသောဆန္ဒမရှိကြပေ။ မတော်တဆတွေဝေမိသော စိတ်များကိုပင် အမြန်ဆုံး မောင်းနှင် ပစ်မိကြသည်။

ဤမင်းသားကြီးများအထဲတွင် အိမ်ရှေ့မင်းကြီး၏ တူတော်သာမက သမက်တော်လည်းဖြစ်နေသူ မြင်ကွန်းမင်းသားကြီးမှာ စိတ်တော်ကလည်း အလွန်ထက်မြက်သည်။ မဟုတ်မခံသတ္တိမျိုးကလည်းရှိသည်။ အခြားသောမင်းသားများထက်ပိုကဲလျက် လက်ရှိ အခြေအနေမျိုး၌ ရပ်တည်မနေလိုသေးဘဲ   ရှေ့ရေးအလားအလာကို များစွာတောင့်တမျှော်လင့်လျက်ရှိရာတွင် သည်းခြေကြိုက် စကားများနှင့် မကြာခဏစိတ်ဓာတ်ကို နှိုးဆွပေးနေသော ဝင်္ကန္တတို့၏ သွေးခွဲမှုရေယာဉ်ကြော၌ နစ်မျောလာခဲ့လေတော့သည်။

မြင်ကွန်းမင်းသားစိတ်တွင် “ရှင်ဘုရင်သားသာလျှင် ရှင်ဘုရင်ဖြစ်ထိုက်သည်။ အခြားမည်သူမျှ ကြားဝင်၍ရှင်ဘုရင်မဖြစ်သင့်” ဟုယူဆလာသည်။ အိမ်ရှေ့မင်းဆိုသည်မှာ ရှင်ဘုရင်လောင်းပင်ဖြစ်သည်။ ခမည်းတော်မင်းတုန်းမင်းတရားကြီးမရှိလျှင် အိမ်ရှေ့မင်း ကသာထီးမွေနန်းမွေကို တရားဝင် ဆက်ခံပိုင်ခွင့်ရှိတော့သည်။ အိမ်ရှေ့မင်းဘုရင်ဖြစ်သည့်နောက် မိမိတို့မှာ ထီးမွေနန်းမွေဆို၍ ဘာမျှမျှော်လင့်စရာ မရှိတော့ပြီ။ အိမ်ရှေ့မင်း၏သား ပန်းတိမ်းမင်းသားကသာ တိုက်ရိုက် အိမ်ရှေ့အရာ ဆက်ခံရရှိကြတော့ မည်ဖြစ်သည်။ ခမည်းတော်မင်းတုန်းမင်းတရားကြီးက ညီတော်ကို သဒ္ဓါတော်မူလွန်း၍ အိမ်ရှေ့နှင်းအပ်လိုက်သဖြင့်သာ မိမိတို့မှာ နောင်သောအခါ ဘုရင့်အရာဆက်ခံခွင့်မရသာတော့သော အခြေအနေသို့ရောက်ရလေသည်ဟူ၍ ကောက်ချက်ချကာ အတွင်းကြိတ် မကျေမနပ်ဖြစ်လာလေသည်။

ခမည်းတော်အပေါ်တွင်လည်း မကျေနပ်၊ ဘဒွေးတော်ယောက္ခမဖြစ်သူ အိမ်ရှေ့မင်းအပေါ်တွင်လည်း မလိုလားမှုဖြစ်လာသည်မှ အစပြုကာ တစ်စတစ်စ စိတ်ဓာတ်ပြင်းထန် လာခဲ့ရတော့သည်။ ယင်းသို့ စိတ်ဓာတ်ပြင်းထန်မှုတို့ကြောင့်လည်း   မျက်မှောင်အမြဲချီ၍ တင်းတင်းမာမာဖြစ်နေသည်။ စိတ်တိုမှု၊ မခံချင်မှုများကအခါ မလင့်နှိုးဆွထားခြင်းကြောင့်လည်း စကားပြောရာ၌ပင် ယခင်ကကဲ့သို့ မင်းညီမင်းသားပီပီ တည်ကြည်သိမ်မွေ့မှုမရှိတော့ပေ။ ကြင်ယာတော်တောင်ညိုမင်းသမီးမှာ မြင်ကွန်းမင်းသားကြီး မျက်နှာတော် မကြည်မသာ တင်းမာခက်ထန်နေဖန်များလာလေသောအခါ မည်သည့်အကြောင်းကိစ္စဖြစ်ပေါ်လေသနည်းဟု တစေ့တစောင်းမှ အကဲခတ်ကြည့်ရှုကာ အကြောင်းရင်းကို စုံစမ်းမှုပြုရှာလေသည်။ ဘာမျှမည်မည်ရရမသိရသောအခါ  စိတ်တော်စနိုးစနောင့် ဖြစ်ရရှာ သည်။

တပည့်လက်သားအဆောင်ကိုင်များကို မေးမြန်း၍လည်း အစမပေါ်ရကား ထူးခြားသော အကြောင်းတစ်ခုခုရှိနေပြီဟူ၍သာ စိတ်မှာ မှတ်ယူထားရရှာတော့သည်။ မင်းတုန်းမင်းတရားကြီးသည် သားတော်ကြီးများကို ချစ်ခင်မြတ်နိုးတော်မူခြင်းကားရှိပါသည်။ သားတော်ကြီးများအတွက် အဆောင်အရွက်၊ အခမ်းအနား၊ ဘွဲ့အမည်များနှင့်တကွ မြို့စား၊ နယ်စား၊ ခြွေရံသင်းပင်းများနှင့် မနှိမ့်မချ မြှောက်စားသူကောင်းပြု၍ ထားရုံမျှမက ခမည်းတော်နှင့်သားတော်ကြီးများ ချစ်ကျွမ်းတဝင်နှင့် ရင်းနှီးမှုရှိစေရန် မကြာခဏ ခမည်းတော်မင်းတရားထံ အခစားဝင်ကြစေခြင်း၊ ရင်းနှီးဖော်ရွေချစ်ခင်စွာနှင့် စကားစမြည်ပြောဟော၍ ရောနှောစေခြင်းများပြုလေ့ ပြုထရှိခဲ့လေသည်။

တစ်နေ့သောအခါ မင်းတုန်းမင်းတရားကြီးသည် အခါတိုင်းကဲ့သို့ သားတော်ကြီးများ လာရောက်ခစားကြသောအခါ သားတော်များ အပေါ် ချစ်ခင်ရင်းနှီးသော သဘောဖြင့် စကားတစ်ခုရှာကာ မိန့်တော်မူပါသည်။

“ငါ့သားတော်ကြီးများကိုယ်တိုင်ချက်တဲ့ဟင်းကို ပွဲတော်တည်လိုတယ်။ ဘာဟင်းများ ချက်တတ်ကြပါသလဲ”ဟူ၍ မေးတော်မူသည်။ မက္ခရာမင်းသားကြီးက “သားတော်က ငါးကြင်းသားချဉ်ရည်ချက်တတ်ပါသည်” ဟုလျှောက်တင်သည်။ သုံးဆယ်မင်းသားကြီးက “ဝက်သားနီချက်တတ်ပါသည်” ဟု လျှောက်တင်လေသည်။

ညောင်ရမ်းမင်းသားကြီးက “ငါးပိချက် ချက်တတ်ပါသည်” ဟု လျှောက်တင်သည်။ မြင်ကွန်းမင်းသားကြီးက ဘာမျှမပြော၍ မင်းတရားကြီးကပင် စတင်မေးတော်မူသည်။ “ငါ့သားတော်ကြီး သီလဝကကော ပြောပါဦး” ဟုဆိုရာ သားတော်က “အမဲနှပ် ကောင်းကောင်းချက် တတ်ပါသည်ဘုရား” ဟု မျက်နှာထားနှင့် တင်လျှောက်လိုက်သောအခါ မင်းတရားကြီးမှာ “ဟင်” ဟုဆိုကာ မျက်နှာတော်ပျက်၍ အဆောင်တော်တွင်း ဝင်သွားလေသည်။                    

ဆက်လက်ဖော်ပြပါမည်။