ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

အမှတ်စဉ်(၇၇)

မင်းတုန်းမင်းတရားကြီးသည် “အမဲ၊ ကျွဲသားများ မစားရုံမက၊  တိုင်းပြည်မှာလည်း ကျွဲနွားများမသတ်ရ” ဟူ၍ တင်းတင်းကျပ်ကျပ်   တားမြစ်ထားခြင်းဖြစ်သည်။

မြင်ကွန်းမင်းသားကြီးသည် ခမည်းတော်ကို မကျေနပ်နေသူဖြစ်၍ အရွဲ့တိုက်ကာ မကြိုက်သောအစာကို တမင်ရွေး၍ တင်လျှောက် လိုက်ခြင်းဖြစ်သည်။ ခေတ် စကားနှင့်ဆိုရသော တမင် “ဘု” ပြောလိုက်ခြင်းပဲဖြစ်သည်။

ပြီးတော့ပြောသေးသည်။ “ရှင်ဘုရင်ကလည်းဗျာ။ ပွဲတော်ချက်တွေ အရှိသားနဲ့၊ အလကား သားတော် တွေကို ဟင်းချက်ခိုင်း ရမလား” ဟူ၍ဖြစ်သည်။ ကျန်ရစ် သော မင်းသားများနှင့် မှူးတော်၊ မတ်တော်ကြီးများမှာ မြင်ကွန်းမင်းသားကြီးအား အံ့သြစွာနှင့် ကြည့်နေကြ ရတော့သည်ဟူသတည်း။

မင်းတုန်းမင်းတရားကြီးသည် တရားပြည့်ဝ၍ အရာရာတိုင်းမှာ မင်းစိတ်၊ မင်းမာန်ဖြင့် သန်လျက်ကိုင်လား၊ ဓားကိုင်လား၊ ဒေါသ ရှေ့ထားလေ့ရှိသော မင်းမျိုးမဟုတ်ဘဲ၊ အမြဲသည်းခံ ခွင့်လွှတ်စိတ်ထားကာ ပညာရှိပုဂ္ဂိုလ် အမျိုးအစားဖြစ်နေသောကြောင့် သားတော် သီလ၀ မြင်ကွန်းမင်းသားကြီးက မိမိမကြိုက်နှစ်သက်ဆုံးသော အမဲသားကိုမှ ရွေးချယ်လျှောက်တင်လိုက်သော်လည်း မျက်နှာတော်ပျက်၍ စက်တော်ဆောင်သို့ ကြွသွားသည် မှတစ်ပါး နောက်ထပ် မည်သည့်အပြစ်တင်မှုကိုမျှ မပြုခဲ့ပေ။

အခြားသော သားတော်ကြီးများထက် မြင်ကွန်းမင်းသားကြီး၏ အတွင်းကြိတ်၊ မကျေနပ်မှုကိုလည်း သတိပြုတော်မူမိလေဟန်ရှိ သည်။ သားတော်များသည် အရွယ်တော်ရောက်လာလျှင် အစဉ်အဆက်ဖြစ်သောထီးမွေနန်းမွေကို လိုချင်ကြပေလိမ့်မည်။ သို့ရာတွင် ညီတော် ကနောင်မင်းထက်လွန်ကဲ၍ သူတို့အား ထီးမွေနန်းမွေခွဲဝေပေးတော်မမူသာပေ။ ညီတော်ကနောင် မင်းသည် ပြည်တည် ထောင်ဖက်ဖြစ်လေသည်။ ၎င်းတို့သာမက မိဖုရားခေါင်စကြာဒေဝီက ဖွားမြင်သော သားတော်ပင်ဖြစ်စေကာမူ၊ ညီတော်ကို ကျော်လွန်ကာ ချစ်သဒ္ဓါ ပွားတော်မမူနိုင်အောင် ရှိတော်မူသည်။ ကံအားလျော်စွာဆိုသလိုပင် မိဖုရားခေါင်ကြီးမှာ သားတော်၊ သမီးတော်များ မထွန်းကား၍ ထီးမွေနန်းမွေဆက် ပြဿနာမတက်ခဲ့ပေ။

ညီတော်ကိုလည်းချစ်သည်။ သားတော်များကိုလည်း အလားတူ ချစ်သနားတော်မူခဲ့လေသည်။ ထို့ကြောင့် သားတော်ကြီးတွေကို မနှိမ့်မချ မြှောက်စား ချီးမြှင့်တော်မူထားသည်မျှမက သားတော်များ၏ အိမ်ထောင်ရေး ကိုပင် အလေးအနက် ဂရုစိုက် တော်မူခဲ့လေသည်။ ညီတော်အိမ်ရှေ့မင်း၏ သားတော် ပန်းတိမ်းမင်းသားအား မင်းတရားကြီး၏  ဒုတိယမြောက်ဆောင်တော် မိဖုရား နန္ဒာဒေဝီဖွားမြင်သော သမီးတော် သီရိသုစန္ဒဒေဝီဘွဲ့ခံ ကန္နီမြို့စား မင်းသမီးနှင့် လက်ထပ်ထိမ်းမြားပေးတော်မူခဲ့ခြင်း၊ ၎င်း၏ညီမ တော် သီရိသုကေသာဝတီဘွဲ့ခံ မဘဲမြို့စားမင်းသမီးအား သားတော်ညောင်ရမ်းမင်းသားကြီးနှင့် ထိမ်းမြားလက်ထပ်ပေး တော်မူခဲ့ ခြင်း၊ သားတော်မက္ခရာ မင်းသားကြီးအား စားပွဲတောင်တိုက်စား မိဖုရားတွင်ဖွားမြင်သော သမီးတော် ဝင်းမြို့စားမင်းသမီးနှင့်  ထိမ်းမြား ပေးတော်မူခဲ့ခြင်း၊ ပထမ  တောင်ရွှေရေးဆောင်မိဖုရားဖွားမြင်သော အဆိုပါ သုမဟာသီရိဓမ္မရာဇာဘွဲ့ခံ မြင်ကွန်းမြို့စား သားတော်သီလဝကို ညီတော်အိမ်ရှေ့မင်း၏ သမီးတော် တောင်ညိုမြို့စားမင်းသမီးနှင့် ထိမ်းမြားပေးတော်မူခဲ့ခြင်း စသည်တို့၌ သားတော်၊ သမီးတော်၊ တူတော်၊ တူမတော်တို့မှာ (အိမ်ထောင်ရေး) ပြဿနာအထူးအထွေ မပေါ်စေကာမူ၊ သားတော် မက္ခရာ မင်းသားကြီးနှင့် သမီးတော်ပင်းမြို့စားတို့မှာ ပြဿနာပေါ်လာခဲ့ရပြန်သည်။

ဤတွင် မင်းတုန်းမင်းတရားကြီးမှာ သားတော်နှင့် သမီးတော်တို့၏ ပြဿနာကို မနေသာတော်မူ၍ စိတ်ရှည်စွာနှင့် ရှင်းလင်းပေးခဲ့ ရသော အကြိမ်မျိုးလည်း ရှိခဲ့လေသေး၏။ မက္ခရာမင်းသားကြီးနှင့် ပင်းမြို့စားမင်းသမီးတို့မှာ ဖတူမိကွဲ မောင်နှမများပင်ဖြစ်စေကာမူ ချစ်ရေးမညီ၍ ကသီလင်တရှိခဲ့ရသောအခါ တိုင်းရေးပြည်ရေး၊ သာသနာရေးတို့နှင့် နေ့ညမလပ် အမှုခပ်သိမ်းတို့ကို စီမံအုပ်ချုပ် မင်းလုပ်တော်မူနေရသော မင်းတုန်းမင်း တရားကြီးမှာ ဝင်ရောက် ဖြေရှင်းတော်မူရရှာပြန်သည်။ မက္ခရာမြို့စားမင်းသားကြီးနှင့်  ပင်းမြို့စား မင်းသမီးတို့၏ ချစ်ရေးမညီကိစ္စကလည်း နန်းတွင်းသူ နန်းတွင်းသားတို့ရပ်ကွက်မှာ တအံ့တသြ ပြောမဆုံးအောင် ရှိခဲ့ရလေသည်။

သီရိသုဓမ္မရာဇာဘွဲ့ခံ မက္ခရာမြို့စားမင်းသားကြီးသည် မင်းတုန်းမင်းတရားကြီးနှင့် ဒုတိယမြောက်ဆောင်တော်မိဖုရား နန္ဒာဒေဝီတို့မှ ဖွားမြင်သော သားတော် ကြီးဖြစ်လေသည်။ ပင်းမြို့စားမင်းသမီးမှာလည်း မင်းတုန်းမင်းတရားကြီးနှင့် စားပွဲတောင် တိုက်စားမိဖုရား တို့မှဖွားမြင်သော သမီးတော်ပင်ဖြစ်လေသည်။ တဝေး မပြားသွေးချင်းသားချင်းပင် ထိမ်းမြားပေးသနားတော် လည်း အချည်းအနှီး ဖြစ်ခဲ့ရလေသည်။ မက္ခရာမင်းသားကြီးနှင့်  ပင်းမြို့စားမင်းသမီးတို့ ရေသွန်းနှင်းအပ်လက်ထပ်ပြီးသောအခါ  နန်းတွင်း အိမ်တော်မှာ စံနေကြစေသည်။ မက္ခရာမင်းသားကြီးသည် နန်းမြို့ထဲ၌ အပြင်အိမ်တော်တွင် ယခင်ကစံနေတော်မူခဲ့သည်။၎င်းအပြင် အိမ်တော်ခေါ် စံအိမ်တော်၌ မင်းသားကြီးစိတ်ကြိုက် ရွေးကောက်တော်မူထားသော အချောအလှဆုံးဆိုရမည့် ကိုယ်လုပ်တော် များရှိလေသည်။

မက္ခရာမင်းသားကြီးသည် ၎င်းကိုယ်လုပ်တော် ကြင်ယာတော်များနှင့် ပျော်ရွှင်စွာစံစားနေထိုင်လျက်ရှိသည်။ ခမည်းတော်ထံ အခစားဝင်ခြင်း၊ လွှတ်တော် တက်ခြင်းကိစ္စများအပ ကျန်အချိန်များတွင် အပြင် အိမ်တော်၌ ကြင်ယာတော်များနှင့်သာ ဖြေဖျော်စံစား နေလေ့ရှိသည်။ ထိုကိုယ်လုပ်တော် ကြင်ယာတော်များမှာ အဆောင်ဆောင်နှင့်ထားသည်။ ၎င်းတို့မှ သားတော်၊ သမီးတော်တွေလည်း  ထွန်းကားလျက်ရှိသည်။ ဆောင်ရ ကိုယ်လုပ်တော်ပေါင်း ခုနစ်ယောက်ရှိသည်။ ၎င်းင်းတို့၏ အမည်များမှာ  (၁) ခင်ခင် (၂) ခင်လေး (၃) ခင်နန်းရင် (၄) ခင်မျိုးနွယ် (၅) မရှင်လေး (၆) ခင်သစ် (၇) ခင်မိမိ ဟူ၍ခေါ်သည်။ အလှအချောကလေးများကို မင်းသားကြီး သဘောကျ ရွေးကောက်မြှောက်စားတော်မူထား ခြင်းဖြစ်သည်။

အဆိုပါ   ကိုယ်လုပ်တော် ခုနစ်ယောက်အနက်မှ မိုင်းရယ်စော်ဘွား၏နှမ “ခင်ခင်” ဆိုသူကို “အချစ်တော် အပိုဆုံး” ဟု ပြောကြသည်။ မက္ခရာကိုယ်တော်ကြီးသည် ခမည်းတော်အမိန့်အရ ခမည်းတော် စီမံတော်မူသည့်အတိုင်း ပင်းမင်းသမီးနှင့် ရေသွန်းလက်ထပ် ခံရသော်လည်း ခမည်းတော်အမိန့် ဖြစ်၍ မငြင်းဆန်ဝံ့သောကြောင့် လက်ထပ်လိုက်ရသော်လည်း ပင်းမင်းသမီး၏ အဆောင်တော်သို့ လုံးဝကူးတော်မမူဘဲ အပြင်အိမ်တော်ရှိ ကိုယ်လုပ်တော်ကြီးများနှင့်သာ သွားရောက်စံနေတော်မူခဲ့လေသည်။

နှမတော်ပင်းမင်းသမီးမှာ နန်းတွင်းအိမ်တော်၌ တစ်ပါးတည်းသာ စံမြန်းနေရရှာသည်။ လက်ထပ်တော် မူရသောနာမည်နှင့် အများက အအိုအထင်ခံရရုံမျှသာရှိရှာသည်။ ရက်ကြာသော် ရှက်တော်မူရှာ၍ အဆောင်တော်ထဲမှာသာ ကြိတ်၍ငိုတော်မူနေရလေသည်။ ယင်းသို့ သမီးတော် ငိုငိုနေရသော အကြောင်းများကို မင်းတုန်းမင်းတရားကြီး ကြားသိတော်မူလျှင် သားတော် မက္ခရာမင်းသားကြီး ခစားဝင်လာသောအခါ အရိပ်ပြအကောင်အထင်သဘောနှင့် သတိပေးတော်မူလေသည်။ နှစ်ကြိမ်၊ သုံးကြိမ်မျှ သားတော်ကို သတိပေးလျှင် သားတော်ကြီးကလည်း “မှန်လှပါဘုရား၊  နှမတော်အဆောင်သွားပါမည်”ဟု  

ဆက်လက်ဖော်ပြပါမည်။