ရတနာပုံ၏နိဒါန်းနှင့်နိဂုံး
အမှတ်စဉ်(၇၈)
ရှေ့တော်မှဝန်ခံသွားသော်လည်း ပင်းမင်းသမီးအဆောင်တော်သို့ တစ်ခါတစ်ခေါက်မှ ရောက်လာတော်မူခြင်းမရှိခဲ့လေ။ ပင်းမင်းသမီးခမျာမှာလည်း ရှက်စိတ်နာ၊ ဝမ်းနည်းစိတ်နှင့် စိတ်ထောင်းကိုယ်ကြေဖြစ်နေသဖြင့် အရိုးပေါ်အရေတင် ပိန်လှီဖျော့တော့ လာရှာလေသည်။
သမီးတော်အဖြစ်ကို မင်းတရားကြီးမြင်တော်မူလေလျှင် သားတော်နှင့်သမီးတော်စပ်ကြား၌ ဗျာများတော်မူရပြန်လေသည်။
ယင်းသို့လျှင် အတွင်းဆောင် စံတော်မူခိုက်၌ သမီးတော်ပင်းမင်းသမီး စိတ်မချမ်းမသာ ဖြစ်နေရှာကြောင်း ထပ်လောင်း သိတော်မူ သောအခါ အပါးတော်တွင်ခစားဝင်သူများအား-
“ဟဲ့ ငါ့သားတော်မောင်ရင်က ဘာပြုလို့ ငါ့သမီးတော်ရဲ့အဆောင်ကို မကူးရတာတုံးဟရို့” ဟူ၍ အမေးတော်ပြုသောအခါ သားတော်ကြီး အကြောင်း သိပြီးသူများက သံတော်ဦးမတင်လျှင် မဖြစ်တော့သောကြောင့်-
“မက္ခရာကိုယ်တော်ကြီး အဆောင်တော်မကူးတဲ့ အကြောင်းရင်းက အပြင်အိမ်တော်က ကိုယ်လုပ်တော်များနှင့်သာ ချစ်ခင်ကြင်နာစွာ ပျော်ပါးတော်မူပြီး သမီးတော်ကို မေတ္တာယိမ်းတော်မမူလို့ပါဘုရား” ဟု မှန်ရာကို လျှောက်တင်သံတော်ဦးတင်ကြရတော့သည်။
ယင်းသို့သောအခါ မင်းတရားကြီးက “သယ်...ငါပေးစားတာ သင်မကြည်ဖြူနေရရိုးလား” ဟု မိန့်တော်မူပြီး သမီးတော်အဆောင်ကို သားတော်ကူးရောက်စေခြင်းငှာ မက္ခရာမင်းသားကြီးအား ရွှေနန်းတော်အတွင်းက အိမ်တော်မှာ တစ်ပါးတည်းလာရောက်နေရမည် ဟု အမိန့်တော်ရှိသောအခါ မက္ခရာကိုယ်တော်ကြီးမှာ ခမည်းတော်အမိန့်ကို မလွန်ဆန်သာတော်မူဘဲ အတွင်းအိမ်တော်သို့ ပြောင်းရွှေ့စံနေရပြန်သည်။ သို့သော်နှမတော် ပင်းမင်းသမီးထံ အဆောင်တော်မကူးဘဲ နေမြဲနေလေသည်။
“သူက ရှင်ဘုရင်သမီးမို့ တဆိတ်ရှိ သူ့အဖေ သွားသွားတိုင်နေမှတော့ ငါကလည်း ဒီတစ်သက် လက်မလျှော့ဘူးပ” ဟုပင် မိန့်တော်မူလိုက်သေး၏။
မင်းတရားကြီးကလည်း သားတော်မက္ခရာကိုယ်တော်ကြီး အတွင်းအိမ်တော်တွင်နေတော်မူခိုက်မှာ အပြင်အိမ်တော်၌ ကျန်ရစ်ကြ သော ကိုယ်လုပ်တော်များကို
“မယ်မင်းတို့ ကိုယ့်မိဘအိမ်အသီးသီးသို့ ခေတ္တပြန်နေချေရမည်” ဟု အမိန့်တော်ထုတ်ဆင့်တော်မူလိုက်သည်။
ကိုယ်လုပ်တော်များသည်လည်း ခမည်းတော်ဘုရား အမိန့်တော်ကို ကြောက်ရွံ့ရှာကြသဖြင့် အထုပ်အပိုးများ ပြင်ဆင်ပြီးလျှင် မြို့ပြင်သို့ထွက်ကြရန်၊ မက္ခရာကိုယ်တော်ကြီးအား နှုတ်ဆက်ကန်တော့ရန် စောင့်နေကြသည်။ မက္ခရာကိုယ်တော်ကြီးလည်း လွှတ်တော်တက်ရာက လှည့်ပြီး ချစ်မငြီးသော ကိုယ်လုပ်တော်ကြီးများထံသို့ ဝင်လာတော်မူခိုက် ငိုကာ၊ ရယ်ကာနှင့် “ဘုရားကျွန်မခမျာ မိဘနေအိမ် ခေတ္တပြန်နေရမယ်လို့ အရှင့်ခမည်းတော်ဘုရား အမိန့်တော်ထုတ်လို့သွားရပါတော့မည်ဖြစ်ကြောင်း” ဝိုင်းလျှောက်တင်ကြလေသည်။ ဤတွင် မက္ခရာကိုယ်တော်ကြီးက ပြုံးတော်မူပြီး-
“အေး...အေး၊ ခေတ္တသွားနေကြချေဦး၊ မသွားခင်အမိန့်တော်လွန်ဆန်တယ်ဆိုပြီး နင်တို့ကိုသတ်လိမ့်မယ်၊ ကြွက်မနိုင် ကျီမီးရှို့နေ တုန်း နင်တို့က ခဏရှောင်နေကြတာကောင်းတယ်” ဟု အမိန့်တော်ရှိတော်မူသည်။”
သို့ရာတွင် မက္ခရာမင်းသားကြီးက အချစ်ဆုံးဖြစ်သော ကိုယ်လုပ်တော်ကလေး “ခင်ခင်” ကိုမူ “နင်မလိုက်နဲ့၊ ဟောဒီမီးဖိုအုတ်တိုက်ထဲ ပုန်းနေရစ်ခဲ့။ ငါ သော့နဲ့အပြင်ကခတ်ထားပြီး ရွှေလွှတ်တော်ကြီးက လာတိုင်းငါဝင်ခဲ့မယ်” ဟု မိန့်တော်မူကာ ခင်ခင်ကို တမင်ချန်၍ ဝှက်ထားလေသည်။
မက္ခရာကိုယ်တော်ကြီးသည် ခမည်းတော်အာဏာအတိုင်း အတွင်းအိမ်တော်တွင်သာ ဟန်မပျက်စံနေကာ လွှတ်တော်ဆင်းတိုင်း ဝှက်ထားသော ကိုယ်လုပ်တော် ခင်ခင်ထံ မှန်မှန်ကြွလာနေသည်။ ခမည်းတော်မင်းတုန်းမင်းတရားကြီးမှာ သားတော်အတွင်း အိမ်တော်တွင် စံနေသောအခါ ဘယ်နည်းမဆို သမီးတော် ပင်းမင်းသမီး၏အဆောင်တော် ကူးမည်မုချဟု ယုံမှတ်တော်မူ လျက်ရှိ သည်။ မက္ခရာကိုယ်တော်ကလည်းခမည်းတော်အကြံကို သိတော်မူပြီးသားဖြစ်၍ ပင်းမင်းသမီးအဆောင်သို့ မသွားမိအောင် အထူး ရှောင် ကြဉ်နေသည်။ ခမည်းတော်သည် မင်းသား၏ မယ်တော်အားသမီးတော်အဆောင်သို့ ကူးမကူးတီးတိုးမပြတ် မေးတော်မူသည်။ မယ်တော်ကလည်း မကူးကြောင်း အမှန်အတိုင်းလျှောက်တင်ရရှာသည်။
ပင်းမင်းသမီးလည်း ကြာလျှင် ရှက်အားကြီးလှသဖြင့် စိတ်တော်နောက်ပျက်ပျက်ဖြစ်လာသောကြောင့် တစ်ပါးတည်း နန်းတော် တွင်းမှာ ဦးတည်ရာလျှောက်သွားနေရှာသည်။ အဆုံးတွင် ခမည်းတော်က သမီးတော် သက်သာရာရမည့်နည်းလမ်း မေးတော်မူရာ တွင်မှ “ဖျ-ကျွန်မဖြင့် ရှက်လှချည်ရဲ့၊ ဒီမင်းသားနှင့် မြန်မြန်ကွာရှင်းလို့သာ ပေးတော်မူပါဘုရား” လို့ ငိုယိုပူဆာလေမှ မင်းတုန်းမင်း တရားကြီးသည် သားတော်မက္ခရာကိုယ်တော်အား လက်လျှော့တော်မူမှန်းမသိ လက်လျှော့ကာ သမီးတော်အလိုအတိုင်း ကွာရှင်း ပေးတော်မူလိုက်ရလေသည်။
မင်းတုန်းမင်းတရားကြီးသည် သားတော်များအပေါ်တွင် ဤမျှ ချစ်ခင်ကြင်နာစွာ အလိုလိုက်တော်မူလေ့ရှိသည်။
အလားတူစွာပင် တစ်ခါသော် သားတော်ကြီးတစ်ပါးဖြစ်သူ သုံးဆယ်မြို့စားမင်းသား မဟာသုသီရိဓမ္မရာဇာဘွဲ့ခံ ခုနစ်ရွာတိုက်စား မိဖုရားမှဖွားမြင်သူသည် ခမည်းတော်ကို ခွင့်မပန်ကြားဘဲ ရုတ်တရက် အောက်ပြည်ရန်ကုန်ကို စုန်ဆင်းသွားလေသည်။
ဤသို့ သုံးဆယ်မင်းသား အင်္ဂလိပ်ပိုင် အောက်ပြည်ရန်ကုန်မြို့သို့ တိတ်တဆိတ်စုန်ဆင်းသွားခြင်းမှာသူလျှိုတို့ မြှောက်ထိုး ပင့်ကော်လုပ်ပေးသော သဘောသက်ဝင်နေလေသည်။ သုံးဆယ်မင်းသားသည် မင်းပျိုမင်းလွင်ဖြစ်သည်။ မင်းသားပီပီ နန်းတွင်းမှာ ကျဉ်းကျဉ်းကျုံ့ကျုံ့နေရခြင်းကို မလိုလား။ လွတ်လွတ်လပ်လပ်ခရီးသွားလို၊ ခရီးဆန့်လိုသော အာသာရှိ၍ မရောက်ဖူးသော အရပ်ဒေသများကို ရောက်ဖူးလိုသည်။
ထို့ကြောင့် ခဏတစ်ဖြုတ် ထွက်သွားလိုက်ခြင်းဖြစ်သည်။ပုန်ကန်လိုသော၊ ခြားနားလိုသော အခြားမကျေနပ်စရာ ကိစ္စများရှိ၍ မဟုတ်ပေ။ ခမည်းတော် မင်းတုန်းမင်းတရားကြီးသည် သားတော် မပန်မကြားထွက်သွားခြင်းအတွက် အမျက်တော်ထွက်ရန် ရှိသော်လည်း အမျက်တော်မထားခဲ့ပေ။ သူ သွားလိုစိတ်ဆန္ဒရှိ၍သွားသည်။ ပုန်ကန်ခြားနားရန် ရည်ရွယ်ချက်မရှိကြောင်းလည်း စုံစမ်းသိရှိတော်မူသည်။
သုံးဆယ်မင်းသားသည် စိတ်ဆောင်၍ထွက်သွားမိသော်လည်း ရန်ကုန်ရောက်ရှိသောအခါ ခမည်းတော်ကို မပန်မကြား ထွက်လာ မိသည်ကို နောင်တတရားရရှိနေသည်။ ခမည်းတော်အမျက်ထား၍ အပြစ်ပေးခံရမည်ကို စိုးရွံ့နေရှာသည်။ သွေးဆောင်ဖျက်ဆီး မှုပြုသော ဝင်္ကန္တသမားများကလည်း ရန်ကုန်၌ မင်းသားကို ဝတ္တရားကျေစွာ ဧည့်ဝတ်ပြုကြသည်။ မင်းသားကို သူတို့ကြိုးကိုင်လျှင် ရမလားလို့ ကြိုးစားကြည့်ကြလေသည်။ မင်းသားက ခမည်းတော်နှင့်ဘထွေးတော်အိမ်ရှေ့မင်းတို့အပေါ်တွင် ပြစ်မှားစိတ်ရှိသူ မဟုတ်မှန်း၊ သွေးခွဲ၍ မရမှန်းသိသောကြောင့် လက်လျှော့ရလေသည်။
ထိုအချိန်က မင်းတုန်းမင်းတရားကြီးပိုင်ဆိုင်သောအထက်မြန်မာပြည် မန္တလေးရတနာပုံမြို့နှင့် အင်္ဂလိပ်ပိုင်အောက်ပြည် ရန်ကုန်မြို့ များမှာ ဧရာဝတီမြစ်ကြောင်းမှ မီးသင်္ဘောများ သွားလာကူးသန်းနေကြသည်။ အင်္ဂလိပ်ပိုင်သင်္ဘောများကလည်း အထက်အညာသို့ ဆန်တက်လာသည်။
ဆက်လက်ဖော်ပြပါမည်။