ရတနာပုံ၏နိဒါန်းနှင့် နိဂုံး

 

ရတနာပုံ၏နိဒါန်းနှင့် နိဂုံး

ယမန်နေ့မှအဆက်

မင်းတုန်းမင်းတရားကြီးပိုင် သင်္ဘောတော်များက လည်း အောက်ပြည်ရန်ကုန်သို့ စုန်ချည်ဆန်ချည် ကူးသန်းခုတ်မောင်းလျက်ရှိသည်။

မင်းတုန်းမင်းတရားကြီးပိုင် သင်္ဘောတော်ကြီးများ မှာ (စကြာယာဉ်ပျံ)၊ (ရေနန်းစကြာ)၊ (မြနန်းစကြာ)၊ (စကြာယာဉ်မွန်)၊ (ရေလွှတ်ယာဉ်ကျော်)၊ (တုလွှတ် ယာဉ်ပျံ)၊ (ရတနာယာဉ်ကျော်)၊ (ပက္ခဒီပ)၊ (ဗန္ဓုလ)၊ (ရှင်စောပု)၊ (မန္တလေး) စသော သင်္ဘောများဖြစ်၍ နိုင်ငံခြားမှ ဝယ်ယူလေသည်။ အချို့သင်္ဘောများမှာ ဧရာဝတီမြစ်ကြောင်းမှာသာမက ပင်လယ်ကူးနိုင်သော မီးသင်္ဘောကြီးများဖြစ်လေသည်။

ယင်းမြန်မာပိုင်သင်္ဘောများမှာ သင်္ဘောသား အလုပ်သမားနှင့် ဦးစီးကပ္ပတိန်အထိ မြန်မာအမျိုးသားများ သာလျှင် အများအားဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ကြ သည်။ သင်္ဘောအမျိုးအစားမှာ ထိုခေတ်က ပေါ်ပေါက်နေသော မီးထိုး၊    ရေနွေးအိုး ဘွိုင်လာအားနှင့် ခုတ်မောင်းရခြင်းဖြစ်သည်။ ၎င်းဘွိုင်လာရေနွေးအား မီးသင်္ဘောများကို ရွှေဘိုမင်းခေါ်  သာယာဝတီမင်း လက်ထက်ကပင် စတင်သုံးစွဲနိုင်ရုံမက ဟံသာဝတီ သင်္ဘောကျင်းမှ  ရတနာမွန် မီးသင်္ဘောကြီးကိုပင် တည်ဆောက် လုပ်ကိုင်နိုင်သည်အထိ    မြန်မာတို့ ကျွမ်းကျင်မှု ရှိခဲ့လေပြီဖြစ်ပါသည်။

သုံးဆယ်မင်းသားသည် မန္တလေးမှ ရန်ကုန်သို့ ရောက်လာသော သင်္ဘောများမှ ပါလာသူများအား ခမည်းတော်မင်းတရားကြီး အမျက်တော်ရှိ၊ မရှိ၊ သတင်းသိလိုမှုကြောင့် စုံစမ်းကြည့်သည်။ ယင်းသို့နှင့် သုံးဆယ်မင်းသား ပြည်တော်ပြန်ခက်၍ အောက်ရပ်ရွာ၌ လေးလခန့် အချိန်ကြာလာသည်။ ခမည်းတော်ကလည်း  သားတော်၌ အထွေအထူး အကြံဉာဏ်မရှိကြောင်း သိတော်မူပြီးဖြစ်၍ နောက်ထပ် အပြစ်တင်တော် မမူကြောင်း သိရလေသည်။

သို့နှင့် မင်းတုန်းမင်းတရားကြီးပိုင်(မြနန်းစကြာ) သင်္ဘောတော်ကြီး  ရန်ကုန်မှ  မန္တလေးရတနာပုံ နေပြည်တော်သို့ ဆန်တက်ရန်ရှိသောအခါ နေပြည် တော် ရတနာပုံမြို့မှ ရန်ကုန်သို့ ကိစ္စတာဝန်နှင့် ရောက်နေသော အကောက်ဝန် ရွှေတိုက်စိုး မဟာမင်းလှ ရာဇာဘွဲ့ခံ မျက်နှာဖြူလူမျိုး အန်ထော်နီသည် နေပြည်တော်သို့ မြနန်းစကြာသင်္ဘောတော်နှင့် လိုက်ပါရန် ရှိနေသည်။

အကောက်ဝန် အန်ထော်နီသည် သုံးဆယ်မင်းသား ပြည်တော်ပြန် ခက်နေကြောင်း သိရှိရသည်။ ခမည်း တော်မင်းတရားကြီး သဘောတော်မှာ အမျက်တော် မရှိကြောင်းလည်း သူသိသည်။ သူလျှိုတို့ သပ်ပင်း၍ မဝင်ကြောင်းလည်း သူသိသည်။ သူလည်း နှစ်ဖက်လွှ၊ နှစ်ဖက်ချွန်၊ နှစ်ဖက်သွားလူစားမျိုးထဲကပင်ဖြစ်သည်။ မင်းသားလည်း အရာမထင်၊ ကြာလျှင် အခြေအနေ မကောင်း၊ သူလျှိုတို့မှာလည်း ခရီးမတွင်။ သို့ကြောင့် ''ဗိုလ်နေမြဲ၊ ကျားနေမြဲ''ဖြစ်လေအောင် အကျိုးဆောင် အနေနှင့် ခမည်းတော်နှင့် သားတော်စပ်ကြားတွင် ဝင်၍ ပြေလည်အောင် ကြံဆောင်လိုက်သည်။

''သုံးဆယ်ကိုယ်တော် နေပြည်တော်သို့ ပြန်လိုက်ပါ တော်မူခဲ့ပါ။ ဘာမှမဖြစ်စေရန် ကျွန်တော်မျိုး တာဝန်ယူ ပါမည်။ ခမည်းတော်ဘုရားကလည်း အမျက်တော်မရှိ ကြောင်း သူအတပ်သိပါသည်''ဟူ၍ ကျိုးကြောင်းပြ တရားချ၍ သူနှင့်အတူ မြနန်းစကြာ သင်္ဘောတော်နှင့် ပြန်လည်ခေါ်ယူလာခဲ့ခြင်းဖြစ်လေသည်။

ရတနာပုံနေပြည်တော်သို့ ရောက်သောအခါ ခမည်းတော်က တစ်စုံတစ်ရာ   အပြစ်တော်မပေးသဖြင့် သုံးဆယ်မင်းသား စိတ်အေးရလေသည်။

သုံးဆယ်မင်းသားသည် ၁၂၂၄ ခု၊ တန်ခူးလဆန်း ၂ ရက်နေ့က နေပြည်တော်မှ တိတ်တဆိတ် ရန်ကုန်သို့ စုန်ဆင်းသွားခဲ့ရာ ၁၂၂၅ ခု၊ ဝါခေါင်လပြည့်ကျော် ၂ ရက်နေ့မှ အကောက်ဝန် အန်ထော်နီနှင့်အတူ မင်းတုန်းမင်းပိုင် မြနန်းစကြာ မီးသင်္ဘောကြီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ လာခဲ့ရခြင်းဖြစ်လေသည်။

မင်းတုန်းမင်းတရားကြီးသည် ဤသို့လျှင် ငယ်ရွယ်သူ မင်းပျိုမင်းလွင် သားတော်များ၏ အမှားကိုလည်း စိတ်ရှည်စွာ သည်းခံတော်မူလေ့ရှိခဲ့ပါသည်။

ထိုအချိန်က နယ်ချဲ့သူလျှိုတို့၏ အရေးအကြီးဆုံး လုပ်ငန်းမှာ လက်နက် စုဆောင်းနေသော အိမ်ရှေ့မင်းအပေါ်တွင် ''ပစ်ကွင်း''ထားလျက် နည်းအမျိုးမျိုးနှင့် ဖျက်ဆီးရန်ပင်ဖြစ်လေသည်။

သူတို့၏ ရည်မှန်းချက်နှင့် သဘာဝအကျဆုံး လုပ်ရပ်မှာ အိမ်ရှေ့မင်းကို  ဖယ်ရှင်းပစ်ရန်ဖြစ်ပါသည်။ သို့ဖယ်ရှင်းခြင်း ကိစ္စမှာလည်း သူတို့ပယောဂဟူ၍ လုံးဝ အကောင်အထည် မဖော်နိုင်စေသောနည်းဖြစ်သည်။

ဤနည်းသည် ထီးနန်းမွေဆက်ခံလိုသော သားတော်များနှင့် ဘထွေးတော် အိမ်ရှေ့မင်းတို့ကြားမှာ ကုန်းစကားနှင့် အမုန်းပွားစေရန် ပထမရည်ရွယ်သည်။

မလိုမုန်းထားစိတ်များ ဖြစ်ပေါ်လာလျှင် အကွက်ဝင်လေပြီ။

ရှေ့ဆက်ရန် ခရီးမှာ သားတော်များကို မြှောက်ပင့် ပေးခြင်း၊ သွေးထိုးပေးခြင်းနှင့် တိတ်တဆိတ်ကျိတ်၍ နောက်ပိုင်းမှာ အကူအညီအဆက်အသွယ်(တစ်နည်း) အကာအကွယ်ပြုပေးရန် ကတိတာဝန်ခံခြင်း စသည်များကို တစ်လှမ်းချင်း တစ်လှမ်းချင်း တက်လှမ်းလာရန် ဖြစ်သည်။

သို့သော်  မင်းသားများကို   ဆွဲဆောင်ရာ၌ ထင်သလောက် ခရီးမရောက်ဘဲရှိနေသည်။

နောက်ဆုံးအခြေအနေကား ရှိသမျှ မင်းသားများအနက်မှ သူတို့အလိုကျ ဖြစ်လာမည့်သူတစ်ဦးကို တွေ့ရှိကြပြီ။  ထိုသူကား   မြင်ကွန်းမင်းသားကြီး သီလဝပါတည်း။   မြင်ကွန်းမင်းသားကြီးကိုရလျှင် ညီတော် မြင်းခုံတိုင်မင်းသားမှာ အလိုအလျောက် နောက်ကကပ်၍ ပါလာပေလိမ့်မည်။ သူတို့က ညီနောင် ရင်းချာများပါပေ။

အိမ်ရှေ့မင်းကြီးမရှိလျှင် မြင်ကွန်းကိုယ်တော်ကြီး ထီးနန်းဆက်ခံရမည် အမှန်ဟူသော ထင်မြင်ချက်များ ကိုပေးရင်း ယင်းသွင်းသွေးထိုး ခံခဲ့ရခြင်းဖြင့် ယဉ်ပါး ခဲ့ပြီဖြစ်သော်လည်း ထင်ထင်မှတ်မှတ် အနောက်တိုင်း ဖြစ် လက်နက်သေနတ်များဆို၍ အပ်တိုတစ်ချောင်းမျှ ပေးကမ်းထောက်ပံ့မှုမရှိ။ ပိပိရိရိ အစဖျောက်ထားသည်။ သက်သေခံ အထောက်အထား နောက်များတွင် မပေါ်ရန်ဖြစ်လေသည်။

သို့သော် နောင်ခါနောင်ခါ အကြောင်းရှိလာလျှင် ရန်ကုန်က အင်္ဂလိပ်တို့က ကြည့်နေကြမည်မဟုတ်ပါ။ မြင်ကွန်း ကိုယ်တော်ကြီးနောက်မှာ အင်တိုက်အားတိုက် အကူအညီပေးကြမည် ဖြစ်သည်ဟူသော ယုံကြည်ချက် ကိုလည်း မြင်ကွန်းမင်းသားကြီး၏ ဦးထိပ်၌ သံမှိုစွဲသလို မြဲမြံခိုင်ခံ့နေစေသည်။ မက်လုံးပေးမှန်းမသိ ပေးထား ခြင်းဖြစ်သည်။

ထို့ကြောင့် ရတနာပုံထီးနန်းကို လုယူရန် အကြံသည် မြင်ကွန်းမင်းသားကြီး၌ လေးနက်ခိုင်မာသည်ထက် ခိုင်မာလာလေသည်။ ရှေးဦးစွာ ဖြစ်ပေါ်သော အကြံမှာ ဘထွေးတော်ယောက္ခမ အိမ်ရှေ့မင်းကြီးအား  ဖယ်ရှား ပစ်လိုခြင်းဖြစ်သည်။

အိမ်ရှေ့မင်းကြီးမရှိလျှင်   မိမိတစ်ပါးတည်းက အိမ်ရှေ့အရာဆက်ခံနိုင်ရန်    အလားအလာက လမ်းဖြောင့်လမ်းမှန်ဖြစ်၍ လာဦးမည်မဟုတ်ပေ။ အခြား အလားတူ သားတော်ကြီးတွေ ၄-၅ ဦးရှိနေသေးသည်။ ခမည်းတော် မင်းတုန်းမင်းတရားကြီးက လည်း မည်သည့်သားတော်ကို အိမ်ရှေ့နှင်းမည်နည်း၊ အိမ်ရှေ့မင်းကြီးမှာလည်း သားတော်ကြီးတစ်ပါးဖြစ်သော ပန်းတိမ်းမင်းသားကြီးက ထီးတည်းကျန်ရစ်ရှိနေ ဦးမည်။ မင်းတုန်းမင်း တရားကြီးသည် ညီတော်ကို အလွန်ချစ်သည်။ ထို့ကြောင့် ညီတော်၏ နေရာကို သူ့သားတော် ပန်းတိမ်းမင်းသားအား ထပ်မံခန့်အပ်လိုက်ပါလျှင် မိမိတို့ ကြိုးစားခဲ့သမျှ သဲရေကျဖြစ်ရတော့မည်။

ဆက်လက်ဖော်ပြပါမည်။