ရတနာပုံ၏နိဒါန်းနှင့်နိဂုံး
အမှတ်စဉ်(၈၀)
သည်တော့ အရင်းကိုလှဲမှသာ ရာဇဝင်ပြောင်ရပေတော့မည်။ စွန့်စားရခြင်းအတူတူ ခမည်းတော်နှင့်ဘဒွေးတော်ပါ ဤညီတော်၊ နောင်တော်နှစ်ပါးလုံးကိုဖယ်ရှားသုတ်သင်ပစ်မှသာ မိမိအဖို့ ခရီးလမ်းပန်းဖြောင့်ဖြူး သာယာမည်ဖြစ်သည်ဟု တွက်ဆသည်။
သို့ရာတွင် အိမ်ရှေ့စံကနောင်မင်း၏ နောင်တော်မင်းတုန်းမင်းတရားကြီးသည် မိမိ၏ခမည်းတော်ရင်းဖြစ်နေပြန်သည်။ အဖကိုသတ် သော သားသည်ပစ္စက္ခတွင်လည်းကောင်း၊ သံသရာတွင်လည်းကောင်း၊ အဆိုးဆုံးအယုတ်ညံ့ဆုံး ပဉ္စနန္တိယကံထိုက်သော လူမိုက်လုံး လုံးဖြစ်လေတော့မည်။
မြင်ကွန်းမင်းသားကြီးသည် လောကဓမ္မတို့ကို ကျွမ်းကျင်နားလည်သော မင်းသားတစ်ပါးပင်ဖြစ်လေသည်။ နားမလည်၍ကား မဟုတ်။ မင်းလုပ်ချင်သော အာသာဆန္ဒက အလွန်နှိုးဆွခြင်းခံနေရသူဖြစ်သည်။ ထိုခေတ်ဆီက ရှင်ဘုရင်သတ်သူက ရှင်ဘုရင် ဖြစ်နိုင်သည်။ ရှင်ဘုရင်ဖြစ်လိုသူသည် ညီအစ်ကိုချင်းသော်လည်းကောင်း၊ တူအရီးသော်လည်းကောင်း၊ နောက်ဆုံး မွေးဖခင်ကို လည်းကောင်းသတ်ရက်ရမည်။ သတ်ရဲရမည်။ မြတ်စွာဘုရား လက်ထက်တော်ကြီးမှာပင် ရှင်ဘုရင်ဖြစ်ချင်သော အဇာတသတ် မင်းသားသည် ခမည်းတော်ဗိမ္ဗိသာရမင်းကြီးကို သတ်ပြခဲ့ပြီး မဟုတ်တုံလော။ ပုဂံရာဇဝင်၌ အလွန်တန်ခိုးကြီးလှသော အလောင်း စည်သူမင်းကြီးအား သားတော်နရသူက ထီးနန်းမြန်မြန်ရလို၍ သေခဲလှသည်ဆိုပြီး လူမမာကြီးကို ရွှေကူကြီးဘုရားတွင်းက ဘူးစင် အောက်လာရောက် ပစ်ထားခဲ့ဖူးသည် မဟုတ်ပေလော စသော ဆင်ခြေဆင်လက်မျိုးမှာ သဘာဝအလျောက် အလိုလိုပေါ် ပေါက်လာပေလိမ့်မည်။
ယင်းသို့ အထောက်များကြောင့်တစ်ကြောင်း၊ အားပေးအားမြှောက် ပယောဂမွှေနှောက်ထားခြင်းခံရ၍တစ်ကြောင်း၊ မိမိကိုယ်၌လည်း ထီးနန်းစည်းစိမ်ကို အလိုရမ္မက်ကြီးနေမှုကြောင့်တစ်ကြောင်း၊ လောဘရှေ့ဆောင်၍ မောဟအမိုက်မှောင်ဖုံးလွှမ်းနေပြီဖြစ်ရကား မြင်ကွန်းမင်းသားကြီးမှာ နောက်ဆုံး၌ ဘဒွေးတော်နှင့်ခမည်းတော်တို့ကို သုတ်သင်ရှင်းလင်းပစ်ရန် ဆုံးဖြတ်ချက် လျှို့ဝှက်အကြံ အစည်ပြုနေပေတော့သည်။
သူလျှိုများသည် အလွန်လျှင် ပါးနပ်လိမ္မာကြသူများလည်း ဖြစ်ပါသည်။ သွေးခွဲမှုအမျိုးမျိုးတို့ကိုလည်း ဒိုးလိုမွှေ့နေအောင် တတ်နိုင်၊ စွမ်းနိုင် ပရိယာယ်နှင့် ဝင်္ကန္တဉာဏ်တွေကြွယ်ဝလှပါသည်။ အိမ်ရှေ့စံကနောင်မင်းက လက်နက်စက်ရုံများ တည်ဆောက်လျက် လက်နက်အမျိုးမျိုး လုပ်ကိုင်စုဆောင်းနေသည်။ သေနတ်ယမ်းအမျိုးမျိုး၊ မြေမြှုပ်ဗုံး၊ ရေမြှုပ်ဗုံးများအထိ စမ်းသပ်လုပ်ဆောင် အောင်မြင်လျက်ရှိသည်။ အိမ်ရှေ့မင်း၏ ရည်ရွယ်ချက်သည်မိမိနိုင်ငံ၌ လက်နက်အင်အားတောင့်တင်းမှုရှိမှ လုံခြုံမည်။ တိုင်းတစ်ပါး တို့က ခန့်ညားရိုသေမည်။ နယ်ချဲ့အင်္ဂလိပ်များက အနိုင်ကျင့်သိမ်းပိုက်ထားသော မိမိတို့ပိုင် မြန်မာနိုင်ငံအောက်ပိုင်းကိုလည်း ပြန်လည် တိုက်ခိုက်ယူနိုင်ပေလိမ့်ဟူ၍ ဖြစ်ပါသည်။
ဤသည်ကို အခွင့်ကောင်းယူပြီး မင်းတုန်းမင်းတရားကြီးက ညီတော်အိမ်ရှေ့မင်းအပေါ်၌ မတော်မလျော်ယုန်ထင်ကြောင်ထင် “ထင်” စေမည်ဖြစ်သော အရိပ်လက္ခဏာများကို နားတော်သွင်းစေသည်။ နားတော်သွင်းမည့် အတွင်းတော်လူ(အချို့သော မိဖုရား)များအား သူလျှို့မများက ရင်းနှီးအောင် ခစားပြီးလျှင် “အိမ်ရှေ့မင်းလက်နက်လူသူစုရုံးနေကြောင်း၊ သည့်ထက်အင်အားတောင့်တင်းလျက် လက်နက်တွေများပြားလာသောအခါ နောင်တော်မင်းတရားကြီးကိုပင် ထီးနန်းမှ ချပစ်မည်စိုးရိမ်ဖွယ်ရှိကြောင်း” ဥပါယ်တံမျဉ်ဖြင့် အကျိုးလိုယောင်ရူပဆောင်ကြသည်။
သားတော်များမိခင် မိဖုရားများကလည်း မင်းတုန်းမင်းတရားကြီးကို ထိပါးမည်ဆိုလျှင် မချိအောင်နာကြပေမည်။ မင်းတုန်းမင်း တရားကြီးဟူသော ရေမြင့်ပါမှမိမိတို့ မိဖုရား(ကြာ)များ တင့်တယ်စွာပွင့်နိုင်မည်။ ရေခန်းလျှင်ကြာများနွမ်းကြရတော့မည်။ မိန်းမဟူ သည် အစိုးရိမ်လည်း လွန်တတ်ကြသည်။ သို့ကြောင့် အိမ်ရှေ့မင်းလက်နက်စုသည်ကို စိုးရိမ်မိကြောင်း နှစ်ကိုယ်ကြား လျှောက်တင် ခွင့်ရချိန်များမှာ သတိပေးလျှောက်တင်ကြသည်။
သို့သော် မင်းတရားကြီးက စိုးရိမ်ဟန်မပြ၊ အစဦးကပင် “ငါ့ကို ငါ့ညီတော်က နန်းတင်ပေးထားတာကပဲ” ဟူ၍ပင် ပြန်လည် မိန့်မြွက်တော်မူလေသေးသည်။ သို့သော် စိတ်တော်တွင်းကတော့ သံသယဝင်မှုကလေးများ မှေးယှက်နေကောင်းနေပေမည်။ သံသယဆိုသည်မှာ မျိုးစေ့ကလေးရှိနေလျှင် အပင်ပေါက်ရန် အညှောက်ထိုးလာနိုင်သေး၏။ မကွေးဝန်ကြီး ဦးကြာဥသည် နယ်ချဲ့ အင်္ဂလိပ်ကို ပြန်ချဖို့ကိစ္စမှာ အိမ်ရှေ့မင်းနှင့်သဘောတူညီပါသည်။ အိမ်ရှေ့မင်း လက်နက်စုဆောင်းရာတွင်လည်း ဝင်ရောက် အားပေး နေသူဖြစ်သည်။
မင်းတုန်းမင်းတရားကြီးသည် မကွေးဝန်ကြီး ဦးကြာဥက အိမ်ရှေ့မင်းထံ မကြာခဏ ဝင်ထွက်သွားလာနေကြောင်း အထောက်တော် များမှတစ်ဆင့် ကြားသိတော်မူရသည်။ ဦးကြာဥသည် မိမိတို့ညီနောင် ပုဂံမင်းကို ပုန်ကန်ခြားနားရာ၌ အရေးကြီးသောကဏ္ဍမှနေ၍ ပါဝင်ကူညီခဲ့သူဖြစ်လေသည်။ မိမိတို့အပေါ်၌ သစ္စာစောင့်သူဖြစ်သည်ဟု မှတ်ယူခဲ့ပြီးဖြစ်သည်။ မကွေးဝန်ကြီးမှာ အစွမ်းထက်မြက် သူလည်းဖြစ်သည်။ (ရှင်ဘုရင် ကြာကြာလုပ်ချင်ရင် လုံအောင်ထိုင်)ဆိုသော စကားပင်ထိုခေတ်က ပေါ်ခဲ့သေးသည်။ မကွေး ဝန်ကြီးကို ရည်ရွယ်၍ဆိုသော စကားဖြစ်သည်။ မကွေးဝန်ကြီးနှင့် ချစ်ခင်မှု၊ ခိုင်လုံမှုရှိမှ ထီးနန်းအတွက် စိတ်ချရမည်ဟူ၍ အဓိပ္ပာယ် ရသည်။
သို့ကြောင့် ညီတော်အိမ်ရှေ့မင်း စံနေတော်မူရာမြောက်အိမ်တော်သို့ မကွေးဝန်ကြီးမကြာခဏ ဝင်ထွက်ခစားမှုပြုသည်ကိုပါ သံသယ ဝင်တော်မူလာပြန်သည်။ သို့ရာတွင် ပညာရှိမင်းဖြစ်၍ ပညာရှိအမျက်ပြင်မထွက်ဟူသော စကားပုံအတိုင်း စိတ်တော်မှအထွေအထူး မရှိသကဲ့သို့ နှုတ်တော်မှလည်း တစ်စုံတစ်ရာမိန့်ကြားတော်မူခြင်းမပြုခဲ့ပါ။ အချိန်အခါ ငံ့လင့်ကာနေတော်မူဆဲဖြစ်၊ သို့သော် တစ်နည်းနည်းနှင့်ညီတော်အား လက်နက်စုဆောင်း လုပ်ဆောင်နေမှုများကို ဤအခြေအနေထက် တိုးတက်မှုမရှိရလောက်အောင် ကြံဆောင်လျက်၊ တစ်ဖက်မှလည်း ညီတော်အားတားဆီးထားရန်ကိုမူ ကြံစည်စိတ်ကူးမိလေသေးသည်။
ဆက်လက်ဖော်ပြပါမည်။