ငယ်ဘဝ

ယမန်နေ့မှအဆက်

ကျောင်းသားကြီးများက မောင်ငြိမ်းချမ်းကို လမ်းမှာဆရာတော်နှင့်တွေ့လျှင် ဝေးဝေးကပင် လွတ်အောင်ရှောင်ရန် ပြောကြသည်။ မောင်ငြိမ်းချမ်းက ဘာခိုင်းမည်ကိုသိချင်၍ မရှောင်ဘဲ သွားသည်။ မောင်ငြိမ်းချမ်းကိုမြင်သည်နှင့် သူ့ဘော်ဒါကျောင်းသားမှန်း ဆရာတော်သိသည်။

“ဟဲ့... ကောင်လေး...လာစမ်း”

မောင်ငြိမ်းချမ်း သွားနေရာမှ ရပ်လိုက်သည်။

“ဟိုမှာတွေ့လား... လမ်းဘေးမှာအုတ်ခဲတွေ... အဲဒါတွေအားလုံးသယ်ပြီး ဟိုဝင်းထဲက တည်ပင် ခြေရင်းမှာ အသေအချာစုပုံပြီး စီထပ်ထားလိုက်...”

“တင်ပါ့ဘုရား...”

မောင်ငြိမ်းချမ်း တစ်ညနေလုံးအလုပ်များသွားပါသည်။ ကိုယ့်ခိုင်းသည်မဟုတ်၍ ကျန်သည့် လူများကလည်း ဘယ်သူမျှမကူညီကြပါ။ ခိုင်းသူသာ လုပ်ရသည်။ နောက်သုံးရက်ခန့်တွင် လမ်းမှာရင်ဆိုင်ကြုံရပြန်သည်။ ရှေ့မှသွားသူများ ဆရာတော်ကိုမြင်သည်နှင့် ကွေ့ပတ်ရှောင် သွားကြသည်။ တချို့ဆိုလျှင် တစ်ခုခုမေ့ကျန်ခဲ့ဟန်နှင့် နောက်ပြန်လှည့်သွားကြသည်။ မောင်ငြိမ်းချမ်း ဆရာတော်ကိုမြင်တွေ့ချိန်တွင် ဘေးသို့ရှောင်သွားရန် လမ်းခွဲမရှိ။ နောက်ကြောင်းပြန် လှည့်သွားရမည်ကိုတော့ မလုပ်ချင်။ ဆရာတော်ကိုမရိုမသေ လုပ်ရာ ကျမည်။ မရိုးသားသူ၊ လူလည်လုပ်သူဟုလည်း အထင်ခံရမှာစိုးသည်။ မရှောင်တော့ပါဟု ဆုံးဖြတ်လိုက်သည်။

”ခိုင်းချင်လည်း ခိုင်းပါစေတော့... ခိုင်းစရာလည်း ရှိချင်မှရှိမှာပါ...”ဟု သဘောထားပြီး ရိုရိုသေသေ လက်ပိုက် ခေါင်းငုံ့လျက် ဆရာတော်၏ဘေးမှ ဖြတ်လျှောက်သွားရသည်။ ဆရာတော်ကို လွန်သွားပြီ ဒီတစ်ခါတော့ လွတ်သွားပြီဟု ထင်လိုက်သည်။

“ဟဲ့ ကောင်လေး...လာဦး...”

ဆရာတော်က နောက်မှ လှမ်းခေါ်၍ပြန်လှည့်သွားရသည်။

“ဟိုမှာ ဝါးလုံးတွေ့လား...”

မြက်ခင်းထဲမှ ပြန့်ကဲျလဲကျနေသော ဝါးလုံးများကိုဆရာတော်ကပြသည်။  

“ကြာရင်ဆွေးကုန်လိမ့်မယ်...” ဟိုကုက္ကိုပင်ခွနေရာမှာ စီပြီးထောင်ထားလိုက်...

“ကောင်းပါပြီ ဘုရား...”

မောင်ငြိမ်းချမ်းသွားမည့် ကိစ္စမသွားရတော့ပါ။ မြက်တောထဲမှ ဝါးလုံးများကို တစ်လုံးချင်း ယူပြီး ကုက္ကိုပင်ခွကြားမှာ သွားထောင်ရသည်။ စာသင်ခန်းဆောက်လုပ်စဉ်က ငြမ်းဆင် အသုံးပြုခဲ့သော ဝါးလုံးများဖြစ်ပါသည်။ မောင်ငြိမ်းချမ်းထက် အသက်ကြီးသော စတုတ္ထတန်းမှ ကျောင်းသားနှစ်ယောက် ထပ်ရောက်လာပါသည်။ ဘယ်နေရာမှာ ဆရာတော်နှင့်တွေ့လာသည်ကို မသိ။ မောင်ငြိမ်းချမ်းကိုကူ၍ ဝါးသယ်ရန် ခိုင်းလိုက်ခြင်းဖြစ် သည်။ ငါးလုံးစီခန့်သစ်ပင်မှာထောင်ပြီး ပြန်ထွက်ခွာသွားကြသည်။ မောင်ငြိမ်းချမ်းကတော့ ပြီးသည်အထိဆက်လုပ်လိုက်ပါသည်။ နောက် ၁၀ ရက်ခန့်တွင် တစ်ကြိမ်ထပ်ကြုံပြန်သည်။ ညနေပိုင်း ၁၅ မိနစ်ကျောင်းဆင်းချိန်မှာ ဘော်ဒါဆောင်သို့ ပြန်လာခြင်းဖြစ်သည်။ တစ်ယောက်တည်းမဟုတ်။ အားလုံးငါးယောက်။ စစ်အတွင်းက ဗုံးကျပျက်စီးသွားသော နှစ်ထပ်တိုက်ကြီးကို ပြန်လည်ပြုပြင်အုတ်ကြွပ်မိုးသည်ကို ဆရာတော်ကိုယ်တိုင် ကြီးကြပ် နေသည်။ သို့သော် ဆရာတော်ရပ်နေသည်မှာ ထနောင်းပင်ကွယ်နေ၍  အဝေးမှမမြင်ရ၊ အနားရောက်မှ ဘွားခနဲတွေ့ရခြင်းဖြစ်သည်။

“ဟာ...ဟိုကောင်တွေ...”

တစ်ယောက်က အသံထွက်ပြောလိုက်ပြီး မောင်ငြိမ်းချမ်းမှအပ လေးယောက်လုံးထွက်ပြေး ကြသည်။ ပြောင်ပြောင်တင်းတင်းပင်ဖြစ်၏။

“ဟင်...ဟိုကောင်တွေ...”

ဆရာတော်ထွက်ပြေးသူများကို လှမ်းကြည့်ရင်းပြောလိုက်သည်။ သို့သော် ဆရာတော်သည်  ထိုသို့ မရိုမသေပြုသည်ဟူ၍ လိုက်ဖမ်းစေပြီး အပြစ်ပေးခြင်းမရှိ။ အမှတ်အတေး ထားခြင်းလည်း မရှိ။ မောင်ငြိမ်းချမ်းကတော့ တစ်ယောက်တည်း မပြေးဘဲ  ကျန်ခဲ့သည်။    ကျောင်းဆရာမြေးဖြစ်သော မောင်ငြိမ်းချမ်း ဆရာတော်ကြီးနှင့်တွေ့ခါမှ မျက်နှာပြောင် တိုက်ပြီး ထွက်ပြေးတာမျိုးမလုပ်ချင်ပါ။ ဆရာတော်ကလည်း တစ်ယောက်တည်း ထွက်မပြေးဘဲ ကျန်၍ လိမ္မာသည်ဟုမခိုင်းဘဲမနေ။

“ကောင်လေး...လာဦး...”

မောင်ငြိမ်းချမ်းကိုခေါ်နေပြီ။

“ဘော်ဒါဆောင်သွားမလို့လား...”

”တင်ပါ့ဘုရား...”

“ဘော်ဒါဆောင်ကပြန်လာရင် ကျောင်းသွားမတက်နဲ့ဦး... ဟိုကစားကွင်းလေးကနေ ဘော်ဒါ ဆောင်အဝင်ပေါက်ကို စောင့်ကြည့်နေ... ဧည့်သည်တစ်ယောက် ငါ့ဆီလာဖို့ရှိတယ်... ဧည့်သည် ဝင်းတံခါးပေါက်ကိုဝင်သွားတာတွေ့ရင် ငါ့လာခေါ်လှည့်...”

“ဒီတစ်ခါခိုင်းတာက တယ်ဟုတ်ပါလား...”

မောင်ငြိမ်းချမ်းသဘောကျသွားသည်။ ဘော်ဒါဆောင်သို့ပြေးသွားလိုက်သည်။ ယူစရာရှိသော စာအုပ်ကိုယူပြီး အမြန်ပြန်ထွက်လာသည်။ ကလေးကစားကွင်းနေရာမှ ဘော်ဒါဆောင် အဝင်ပေါက်ကို  လှမ်းကြည့်နေလိုက်သည်။                   

ဆက်လက်ဖော်ပြပါမည်။