ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

အမှတ်စဉ်(၈၂)

အောင်ပင်လယ်ကန်ကြီးသည် ရန်ကင်းတောင်ခြေမှစ၍ တောင်နှင့်မြောက်ရှည်လျားသော အင်းကျယ်ကြီးဖြစ်သည်။ ရေပြင်ဖွေးဖွေး ကြောင့် ပင်လယ်ကလေးတမျှလည်း ကျယ်ဝန်းသဖြင့် “အောင်ပင်လယ်ကန်” ဟူ၍ တင်စားခေါ်ဝေါ်ကြခြင်းလည်းဖြစ်လေသည်။

အောင်ပင်လယ်ကန်ကြီး အနီးအနားတစ်ဝိုက်သည် အောင်ပင်လယ်ကန်ရေကို သောက်မှီစိုက်ပျိုးရသော လယ်ယာမြေတို့က ခြံရံလျက်ရှိသည်။ လမိုင်းလယ်တော်များလည်း ဤအရပ်မှာပင်ရှိသည်။ ထိုနေ့သည် ဥပုသ်နေ့ဖြစ်သောကြောင့် လယ်လုပ်ကိုင်သူများ နားနားနေနေ ဥပုသ်စောင့်ရန်ဘုန်းကြီးကျောင်းများ၊ ဘုရားပုထိုးများသို့ သက်ကြီးသူ ဘိုးဘွားမိဘများနှင့်အတူ သွားရောက် တရားနာ ယူသူတွေများသဖြင့် ရွာနီးချုပ်စပ်များ၌ ကလေးသူငယ်များသာကျန်ရှိနေကြသည်။

အိမ်ရှေ့မင်းအမှူးပြုသော မှူးမတ်လက်စွဲတစ်စုတို့အောင်ပင်လယ်ကန်သို့ ဆိုက်ရောက်လာကြသောအခါ လယ်ပယ်တို့၌ လယ်ထွန် ကောက်စိုက်ဆင်းသူများမရှိ။ ရှင်းလင်းတိတ်ဆိတ်လျက်နေသည်။ အလွန်လည်း အဆင်ပြေလှသောကြောင့် အသင့်ယူဆောင် လာသော လက်နက်ခဲယမ်းတို့နှင့် ရေမြှုပ်ဗုံးများကို လိုအပ်သလို စမ်းသပ်ဖောက်ခွဲကြည့်ရန် စိတ်အားထက်သန်စွာ ညှိနှိုင်းစိုင်းပြင်း လျက်ရှိကြလေသည်။

စီစဉ်လုပ်ကိုင်မှုတို့ ပြီးဆုံးပြီဖြစ်၍ နောက်ဆုံးစမ်းသပ်ရမည်ဖြစ်သော အကောင်းဆုံးလုပ်ဆောင်ခဲ့သည့် ရေမြှုပ်ဗုံးကြီးကို ရေအောက်မှနေ၍ ပေါက်ကွဲစေခဲ့သည်။ ဗုံးကွဲသောအသံကြီးသည် မြေကြီးတုန်မျှ အလွန်မြည်ဟည်းသွားပြီးလျှင် အောင်ပင်လယ် ကန်ရေများသည်လည်း ရေမြှုပ်ဗုံးကြီး၏ အရှိန်ပြင်းထန်မှုကြောင့် ရေပန်းများ ထန်းတစ်ဖျားနီးပါး ကောင်းကင်သို့ ဖြာတက် သွားလေသည်။ အောင်မြင်စွာ ပေါက်ကွဲသွားခြင်းဖြစ်သောကြောင့် အိမ်ရှေ့မင်းနှင့်တကွ မှူးမတ်လက်စွဲ သူရဲသူခက်တစ်စုတို့မှာ အလွန်ပင် ဝမ်းသာအားရခြင်းဖြစ်ကြရလေသည်။

လက်နက်ဆန်းအောင်မြင်မှုအတွက် လက်ပမ်းပေါက်ခတ်သူခတ်၊ ဦးရစ်ခေါင်းပေါင်း ဝှေ့ယမ်းသူကဝှေ့ယမ်းကာ အားတက်ခြင်း၊ ဝမ်းမြောက်ခြင်းတို့၏ အထွတ်အထိပ်သို့ ရောက်နေကြသည်။ အိမ်ရှေ့မင်းကြီးကလည်း ကျေနပ်အားရတော်မူခြင်းကြောင့် ရွှင်ပြုံးထက် သန်တော်မူလျက်ရှိလေသည်။

နောက်ဆုံး ဤရေမြှုပ်ဗုံး၏ပုံစံကို အိမ်ရှေ့မင်းက အတည်ပြုမှတ်တမ်းတင်လျက် နောက်ထပ်ရေမြှုပ်ဗုံးပေါင်းများစွာကိုပြုလုပ်ရန် သန္နိဋ္ဌာန်ချလိုက်သည်။ ဤလက်နက်ဆန်း  အောင်မြင်မှုသတင်းကောင်းကို နောင်တော်မင်းတရားကြီးအား လျှောက်ကြားလျှင် အားရတော်မူလိမ့်မည်ဟုယုံကြည်သည်။ ထို့နောက်စိတ်အားတက်ကြွစွာနှင့် ရန်ကင်းတောင်ခြေမှ နန်းမြို့တော်သို့ ပြန်လာခဲ့ကြ လေသည်။

အိမ်ရှေ့မင်းအမှူးပြု၍ ရန်ကင်းတောင်ခြေ အောင်ပင်လယ်ကန်၌ ရေမြှုပ်ဗုံးဖောက်ခွဲ စမ်းသပ်နေသောအချိန်မှာ မင်းတုန်းမင်း တရားကြီးအမှူးရှိသော ရွှေနန်းတော်သား မင်းမှုထမ်းများနှင့် ရွှေနန်းတော်သူမိဖုရားများ၊ သမီးတော်များ၊ မြို့စား၊ ရွာစား၊ အပျိုတော် များသည် သာသနာပိုင်ဆရာတော်အမှူးရှိသော သုဓမ္မာဝင်ဆရာတော်ကြီးများကို ရွှေနန်းတော်သို့ပင့်ဆောင်ကာ ဆွမ်းလုပ် ကျွေးလှူဒါန်း တော်မူနေစဉ်အခါ ဖြစ်လေသည်။

ဥပုသ်နေ့တိုင်းလည်း  ထိုသို့ပင်  ဆွမ်းလုပ်ကျွေးလှူဒါန်းတော်မူလေ့ရှိသည်။ သာသနာပိုင်ဆရာတော်ကြီးအမှူးပြုသော သုဓမ္မာဝင် ဆရာတော်ကြီးများသည် ဆွမ်းဘောဇဉ်ရသာများ ဘုဉ်းပေးသုံးဆောင်တော်မူလျက်ရှိနေသည်ကို မင်းတုန်းမင်းတရားကြီးနှင့်တကွ နန်းတွင်းသူ၊ နန်းတွင်းသားတို့က ကြည်ညိုသဒ္ဓါပွား လျက်ရှိနေကြဆဲ-ဗြုန်းခနဲ ပေါက်ကွဲသံကြီး မြည်ဟည်းလျက်ထွက်ပေါ် လာလေ သည်။ ရှေးကနှင့်မတူ အလွန်ပြင်းထန်သော အသံကြီးဖြစ်သောကြောင့် ဆရာတော်ကြီးများနှင့်တကွ အားလုံးပင် ထိတ်လန့်အံ့သြ သွားကြလေသည်။

ဆရာတော်ကြီးများနှင့် မင်းတရားကြီးက ဤအသံသည် မည်သို့သောအသံဖြစ်ကြောင်း သိလိုကြသည်။ သို့ကြောင့် အပါးရှိ မှူးကြီး၊ မတ်ကြီးများကို အမေးတော်ရှိလေသည်။

“သည်ယနေ့ ညီတော်အိမ်ရှေ့ဘုရားသည် အောင်ပင်လယ်ကန်တွင် ရေမြှုပ်ဗုံးဖောက်ခွဲစမ်းသပ်ခြင်းဖြစ်ပါကြောင်း” ကို   အတွင်းဝန် တစ်ဦးက သူသိရသရွေ့ အမှန်အတိုင်း လျှောက်တင်လိုက်လေသည်။ မင်းတရားကြီးက ခပ်မဆိတ်နေတော်မူသော်လည်း သာသနာပိုင် ဆရာတော်ကြီးသည် ဤတင်လျှောက်ချက်ကို ကြားသိတော်မူလိုက်ရသောကြောင့် စားလက်စဖြစ်သော ဆွမ်းလုတ် ရုပ်သိမ်းတော်မူလိုက်ပြီး လက်ဆေးစင်ကြယ်မှု ပြုလေတော့၏။ မင်းတုန်းမင်းတရားကြီးသည် သာသနာပိုင်ဆရာတော်ကြီး ဆွမ်းဘုဉ်းပေးမှု တန့်ရပ်လိုက်သည်ကို စိတ်ချမ်းသာတော်မမူပေ။ “ဒကာတော် ရေမြေ့ရှင် လူသတ်လက်နက်များ ပြုလုပ် ဖန်တီးခြင်း မှာ သတ္တဝါအပေါင်းတို့၏ အသက်ကို သေကျေစေနိုင်မှု အားထုတ်ခြင်းဖြစ်၍ ဆရာတော်မှာ သတ္တဝါအပေါင်းတို့အသက်အတွက် စိတ်မကောင်းသဖြင့် ဆွမ်းစား၍ မဝင်တော့ကြောင်း” အမိန့်ရှိတော်မူလေသည်။

ဤတွင် မင်းတုန်းမင်းတရားကြီးက “အရှင်ဘုရားစိတ်ချမ်းသာစွာ သီတင်းသုံးတော်မူပါ။ တပည့်တော်ညီတော်အိမ်ရှေ့မင်းအား လက်နက်များနောက်ထပ်မပြုလုပ်စေရန် မေတ္တာရပ်ခံပေးပါမည်ဘုရား” ဟူ၍လျှောက်ထား ကတိပြုတော်မူလိုက်လေသည်။

ထိုစကားများသည် မင်းပရိသတ်များစွာ၏ အလယ်တွင် လျှောက်တင်ကတိထားခြင်းဖြစ်၍ နန်းရင်ပြင်တစ်ဝန်းလုံး တွေ့မြင်ကြား သိရလေသည်။ အချို့မိဖုရားတို့ကလည်း ကျိတ်ပြီး ဝမ်းသာကြလေသည်။ ယင်း မင်းမိန်းမပရိသတ်တို့အထဲတွင် ဆွမ်းကျွေးတရားနာ ကြွရောက်လာမြဲဖြစ်သော အိမ်ရှေ့မိဖုရား လှိုင်ထိပ်ခေါင်တင်လည်း ပါရှိလေသည်။

လှိုင်ထိပ်ခေါင်တင်သည် မောင်တော်အိမ်ရှေ့စံ ကနောင်မင်း၏ လက်နက်စုဆောင်းမှု ရည်ရွယ်ချက်ကို သိရှိတော်မူပြီးဖြစ်သည်။ မောင်တော်ဘယ်မျှ စိတ်ဝင်စားအားစိုက်နေသည်ကိုလည်း နားလည်သူဖြစ်လေသည်။ သာသနာပိုင်ဆရာတော်ဘုရား၏ ပြုမူမိန့် ကြားချက်နှင့် ခဲအိုတော်မင်းတရားကြီး၏ လျှောက်တင်ကတိပေးမှုများကို တွေ့မြင်ကြားသိရသောအခါ မောင်တော်အတွက် စိတ်လက် မအီ ဖြစ်တော်မူရရှာသည်။

သို့ကြောင့် မျက်နှာတော်ပျက်ပျက်နှင့် ဆက်လက်၍ ဆွမ်းအနုမောဒနာတရားနာခြင်းကိစ္စ ပြီးဆုံးတိုင်သည့်တိုင်အောင် စံနေပြီးခါမှ မြောက်အိမ်တော်သို့ ပြန်လည်ကြွလာရလေတော့သည်။

မောင်တော်အိမ်ရှေ့မင်း၏ မူလအခြေခံရည်ရွယ်ချက်သည် အောက်မြန်မာနိုင်ငံကို ပြန်လည်ရယူလိုရေးနှင့် တိုင်းပြည်အပေါ်တွင် နိုင်ငံရပ်ခြားက အထင်မသေးစေခြင်းငှာ လူတန်းစေ့အောင် စစ်လက်နက်နှင့်စစ်အင်အားတောင့်တင်းလိုမှုကြောင့် ဤမျှကိုယ်ရော စိတ်ပါအပင်အပန်းခံ၍ အားထုတ်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း လှိုင်ထိပ်ခေါင်တင်က ကောင်းစွာနားလည်သူဖြစ်ရာ ယနေ့ အတွေ့ အကြုံအရဆိုပါလျှင် သာသနာပိုင် ဆရာတော်ဘုရားကြီးအလိုတော်အရ ခဲအိုတော် မင်းတုန်းမင်းတရားကြီးက လက်နက်များ ဆက်လက် မလုပ်ဆောင်ရန် မေတ္တာရပ်ခံပေးပါမည်ဟု ကတိပေးရသဖြင့် ကနောင်မင်းအလိုနှင့် ဆန့်ကျင်လျက်ရှိနေသည်။

လက်နက်လုပ်ဆောင်မှုနှင့်စပ်လျဉ်း၍ ညီနောင်ချင်း သဘောကွဲလွဲကြရတော့မည်ကိုလည်း မလိုလားပေ။ စိတ်မာန်တက်ကြွနေသူ မောင်တော်ကနောင်မင်း၏ လုပ်ရပ်များအား နောင်တော်မင်းတရားကြီးက အားပေးတော်မမူရုံမျှမက နောက်ထပ် ဆက်လက် လုပ်ဆောင်မှုကိုပင် မပြုရလေအောင် မေတ္တာရပ်လေဦးတော့မည်။ မောင်တော်အိမ်ရှေ့မင်း မည်မျှစိတ်ဓာတ်ကျတော်မူရှာမည်ကို မှန်းဆတွေးမြော်ကာ စိတ်တော်မကြည်မသာ ရှိနေရရှာတော့သည်။      

ဆက်လက်ဖော်ပြပါမည်။