ရတနာပုံ၏နိဒါန်းနှင့်နိဂုံး
အမှတ်စဉ်(၈၃)
လှိုင်ထိပ်ခေါင်တင်မြောက်အိမ်တော်သို့ ပြန်လည် ရောက်ရှိတော်မူ၍ မကြာခင်မှာပင် ကကြိုးစုံတင်ထားသော စီးတော်မြင်းပေါ်တွင် ခြေတော်တင်လျက် မြင်း၏ ဝဲယာ တစ်ဖက်တစ်ချက်တွင် ရွှေထီးမိုးမြင့်တို့ ခြံရံကာအိမ်တော်ဝင်းအတွင်းသို့ ဝင်ရောက်လာသော ကနောင်အိမ်ရှေ့ဘုရားကို တွေ့မြင်ရလေသည်။ မှူးမတ်လက်စွဲတို့ကလည်း နောက်ပါးမှ မြင်းကိုယ်စီနှင့် ဝမ်းသာအားရ ပြုံးရွှင် စိတ်ကြွသော မျက်နှာထားများနှင့် ရှိကြလေသည်။
အိမ်ရှေ့မင်းသည် မကြာမီ လျောင်းတော်ဦးလှေကားမှ တက်ကြွလာရာ လှိုင်ထိပ်ထားက သလွန်တော်ပေါ်မှထ၍ ကြိုဆိုသည်။ ကနောင်မင်းသည် လှိုင်ထိပ် ခေါင်တင်၏ ပခုံးကို သိမ်းဖက်ကာ ဝမ်းသာအားရဖြင့်...
“တင်တင်ရေ...ဒီနေ့ စမ်းခဲ့တဲ့ ရေမြှုပ်ဗုံးကြီး ဟာ လုပ်ဆောင်ခဲ့သမျှတွေထဲမှာ အအောင်မြင်ဆုံးပဲ၊ အသံကြီးကလည်း အင်မတန်ကို ပြင်းထန်လှတယ်၊ တင်တင်တို့ ကြားလိုက်ကဲ့ မဟုတ်လား” ဟူ၍ အားရပါးရ မိန့်ကြားတော်မူလိုက်သည်။ လှိုင်ထိပ်ခေါင်တင်က အကျိုးအကြောင်းမည်သို့ စတင်ရမည် မဝေခွဲနိုင်မီ စိတ်လေးလေးနှင့်...
“တင်တင် ကြားရပါတယ် မောင်တော်” ဟု ခပ်ယဲ့ယဲ့ပြန်၍ တင်လေလျှင် လှိုင်ထိပ်တင်၏ အေးစက်စက်တုံ့ပြန်မှုကို အားမလို အားမရ ဖြစ်ပုံရသော အိမ်ရှေ့မင်းက...
“တင်တင်လည်း အေးစက်စက်နိုင်ရန်ကော၊ မောင်မောင်ကဖြင့် အဲဒီဗုံးကြီးအောင်မြင်တဲ့အတွက် စိတ်ထက်သန်လိုက်ရ၊ ဝမ်းသာ လိုက်ရတာ၊ တင်တင်ကောဝမ်းမသာဘူးလား” ဟု ထပ်ဆင့်မေးမြန်းလိုက်ရာ...
“တင်တင်လည်း အင်မတန်ပဲ ဝမ်းသာအားရရှိလှပါတယ် မောင်တော်၊ အနေ့နေ့ အရက်ရက် ကြိုးစားမှုအောင်မြင်တဲ့အတွက် အားလည်းတက်မိပါတယ်”
“အဲ...ဟုတ်ပြီ။ ဒီလိုမှပေါ့။ နောင်တော်ဘုရားကို သတင်းကောင်းသွားပြီး သံတော်ဦးတင်ရလိမ့်မယ်၊ နောင်ဘုရားကလည်း အားရတော်မူမှာပဲ တင်တင်ရဲ့”
“ဖြည်းဖြည်းတော့ လျှောက်တင်တာပေါ့၊ ခုတော့ အပန်းဖြေတော်မူပါဦး၊ ချိုးတော်ရေသုံးပြီး ပွဲတော်များတည်ပြီးမှ...”
“အင်းလေ ဟုတ်ပါရဲ့၊ သြော် ဒါထက် ဗုံးကွဲသံကြီးကို ရွှေနန်းတော်တွင်းက အားလုံးကြားကြရဲ့လား တင်တင်”
“ရွှေနန်းရှင်ဘုရားနှင့်တကွ နန်းတွင်းက အားလုံးကြားကြပါရဲ့၊ ပြင်းထန်တဲ့အသံကြီးမို့ အမေးတော်ရှိလို့ အတွင်းဝန်တို့က အောင်ပင်လယ်မှာ မောင်တော်ရေမြှုပ်ဗုံး စမ်းသပ်ဖောက်ခွဲသံဖြစ်ကြောင်း သံတော်ဦးတင်ကြရပါတယ်”
“ဒီတော့ နောင်တော်ဘုရားက အားရတော်မူသွားရော့လား တင်တင်ရယ်...”
“ကိုယ်တော် ထင်တော်မူသလို မဟုတ်ဘူး ဘုရာ့”
“ဗုံးကွဲသံကြီး ကြားရတဲ့အချိန်က သာသနာပိုင် ဆရာတော်ဘုရားနှင့် သုဓမ္မာဆရာတော်များ ဆွမ်းဘုဉ်းပေးနေကြဆဲဖြစ်ပါတယ်။ အသံကြီးကြောင့် ရုတ်တရက် အထိတ်တလန့်ဖြစ်သွားကြပြီးတဲ့နောက် ရွှေနန်းရှင်ဘုရား အမေးတော်ရှိလို့ ဝန်တို့က လျှောက်တင် တဲ့အခါ သာသနာပိုင်ဆရာတော်ဘုရားကြီးက စားလက်စဆွမ်းလုတ်ကို လက်တော်ပြန်ရုပ်သိမ်းလိုက်ပါတယ်။
ဆွမ်းကို ဆက်လက်ပြီး ဘုဉ်းပေးခြင်းမပြုတော့ဘဲ လက်ဆေးတော်မူလိုက်ပါတယ်။ ဒီတွင် ရွှေနန်းရှင်က ဆရာတော်ဘုရားကို လျှောက်တင်ရာမှာ “ကျုပ် ဆွမ်းဆက်ပြီး မစားလိုတော့ဘူး၊ ဒီလူသတ်လက်နက်တွေလုပ်နေသမျှ သတ္တဝါတွေ သေကျေ ပျက်စီးကြရတော့မယ်လို့ အမိန့်တော်ရှိတော်မူပါတယ်”
“အင်း ဒီတော့ နောင်တော်ဘုရားက ဘယ်လိုမိန့်တော်မူတုံး”
“ရွှေနန်းရှင်ဘုရားက ဆရာတော်စိတ်ချမ်းသာစွာ သီတင်းသုံးတော်မူပါ၊ တပည့်တော် ညီတော်ကို ဒီလက်နက်များ နောက်ထပ် မလုပ်ရအောင် မေတ္တာရပ်ခံပေးပါမည်ဟု ကတိပေးတော်မူလိုက်ပါတယ်”
“ဟင်...အကျိုးနည်းတော့မှာပါကလား”
အိမ်ရှေ့မင်းမှာ အလွန်အားမာန်တက်တော်မူနေရာမှ အားပျက်၍ သက်ပြင်းချတော်မူလိုက်သည်။
“အင်း...ဘာသာရေးက တိုင်းရေးပြည်ရေးအပေါ်မှာ လွှမ်းမိုးစွက်ဖက်လာရင် ဒီတိုင်းပြည်ဘယ်မှာ ကြီးပွားထွန်းကားနိုင်တော့မှာလဲ၊ နောင်တော်ဘုရားကလည်း ဘာသာရေးနှင့် တိုင်းရေးပြည်ရေးကို ခွဲခြမ်း စိတ်ဖြာ ထားတော်မူသင့်ပါတယ်၊ တစ်ဖက်သတ် ကတိပေး၊ အာမခံမှုမပြုသင့်ပါဘူး တင်တင်ရယ်” ဟု ညည်းညည်းညူညူ မိန့်တော်မူလိုက်သဖြင့် လှိုပ်ထိပ်ခေါင်တင်မှာ မောင်တော်အိမ်ရှေ့မင်း ဒေါသအမျက် ပြင်းပြင်းထန်ထန် ထွက်တော်မမူသည်ကိုပင် စိတ်တော်အေးသွားရလေသည်။
ညီတော်သည် မည်မျှ စိတ်ဓာတ်တင်းမာတော်မူသူဖြစ်လင့်ကစား နောင်တော်ဘုရားအပေါ်တွင် ကြည်ညိုမပျက် ဒေါမနဿမစွက်ဘဲ သက်ပြင်းရှည်ရှည် ဆွဲချတော်မူလိုက်ခြင်းဖြင့် ဖြေသိမ့်တော်မူရှာသည်ကိုပင် ကျေးဇူးတင်လျက်ရှိလေသည်။
“လူသတ်လက်နက်လုပ်တဲ့အတွက် သတ္တဝါတွေ သေကျေပျက်စီးမယ်ဆိုတာက ဒီလက်နက်နှင့် သတ္တဝါများကို အလကား သွားသတ် ဖို့မှ မဟုတ်ဘဲ။ ကိုယ့်တိုင်းပြည်ကို လာရောက်ကျူးကျော်သူများကို ခုခံတွန်းလှန်တိုက်ခိုက်နိုင်အောင်လို့ ပြည့်အင်အားသစ် တစ်ရပ်ကို စုဆောင်းရခြင်းကပဲ။ ဆရာတော်ဘုရားများက ဘာသာရေးနှင့် ဆန့်ကျင်လို့ တားမြစ်တာလည်း အပြစ်မဆိုလိုပါဘူး။ ဒါပေမဲ့ လက်နက်မရှိ အင်အားချည့်နဲ့နေတဲ့ ကိုယ်တို့ရဲ့တိုင်းပြည်ကို လူမလေးခွေးမခန့်ဖြစ်ပြီး လက်နက်ကြီးရှိသူ မိစ္ဆာများက နိုင်ရာစားလုပ်လာကြရင် ခေါင်းငုံ့ခံကြတော့မယ်။ အဲဒီအခါမှာ ဘာသာရေးကို ဒီမိစ္ဆာဝါဒကောင်တွေက အားပေးခြင်း မပြုဘဲဖျက်ဆီး ချေမှုန်းပစ်တာ ခံကြရတော့မှာ မဟုတ်လား။ဒါကြောင့် တိုင်းပြည်ထူထောင်တဲ့ အားသစ်မွေးတဲ့ နေရာမှာ ဘာသာရေးက ရှေ့က ဝင်ပြီး ကန့်ကန့်လန့်လန့် တားဆီးမနေဘဲ မျက်နှာလွှဲပြီး မသိကျိုးကျွန်ပြုနေကြဖို့ အချိန်ပါကလားနော်...”
ညည်းညူတော်မူရင်း အိမ်ရှေ့မင်းကြီး စိတ်ပျက် အားလျော့စွာနှင့် သက်ပြင်းချတော်မူလိုက်သည်။ လှိုင်ထိပ်ခေါင်တင်သည် စိတ်မာန် ကျဆင်းသွားသော မောင်တော်အိမ်ရှေ့မင်းအား တစ်နည်းတစ်လမ်းအားပေးစကား လျှောက်တင်လိုသောကြောင့်...
“ရွှေနန်းရှင်က မောင်တော်ကို တွေ့တော်မူလျှင် တကယ်တမ်း မေတ္တာရပ်ခံချင်မှ ခံလိမ့်မည်လို့လည်းတင်တင်တွေးမိပါသေးတယ်။ သာသနာပိုင်ဆရာတော်ဘုရား စိတ်တော်အကြိုက် အလိုက်သင့် အာမခံချက်ပြုတော်မူခြင်းလည်း ဖြစ်နိုင်ကြောင်းပါ။ တိုင်းပြည် အတွက် အကာအကွယ်လက်နက်များ စုဆောင်းထားခြင်းမှာ ဘုရင်မင်းလုပ်သူတိုင်း လိုအပ်တဲ့အချက်ဖြစ်ကြောင်းကို နောင်တော် ရွှေနန်းရှင် မသိတော်မူဘဲ နေပါ့မလားဘုရား” ဟူ၍ ပြေရာပြေကြောင်း နားတော်သွင်းရရှာလေသည်။
“ကိုယ်တော်တော့ မထင်တတ်ပါဘူး တင်တင်ရယ်၊ ရွှေနန်းရှင်နောင်တော်က မေတ္တာရပ်ခံပေမယ့် မောင်မောင်ကတော့ မှန်ပါ့ ဘုရားလို့ ခေါင်းညိတ်ပြီး ကွယ်ရာမှာတော့ လက်နက်လုပ်ဆောင်မှုကို လုံးဝအလျှော့မပေးဘဲ လုပ်ကိုင်စုဆောင်းမြဲအတိုင်း ဆက်လက် လုပ်သွားမှသာ ဖြစ်တော့မှာပဲ”
“အသံမြည်အောင်တော့ လက်နက်မစမ်းပါစေနှင့်ဘုရား၊ အသံမကြားရရင် ကိုယ်တော်ဘာလုပ်လုပ် ရွှေနန်းရှင် သိတော်မူမှာ မဟုတ်ပါဘူး။ ကဲ ပွဲတော်အုပ်သွင်းခိုင်းပါတော့မည် ချိုးတော်ရေ သုံးတော်မူပါတော့” မြောက်အိမ်တော်မှာ အိမ်ရှေ့မင်းနှင့် အိမ်ရှေ့ မိဖုရားတို့ ရေမြှုပ်ဗုံးဖောက်ခွဲမှုနှင့် စပ်လျဉ်းသော စကားများကို ဤတွင် အဆုံးသတ်ခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။