တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး၊ COVID-19 ရောဂါကုသရန် ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ စက်တင်ဘာ - ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့နှင့် နမ့်စန်မြို့တို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေ များကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကြ သည်။
ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြသည်။ ထို့ပြင် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ နယ်မြေခံဆေးတပ်ရင်း၊ တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်းနှင့် တိုက်ကြီးမြို့နယ်၊ နယ်မြေခံဆေးတပ်ရင်းများ၌ COVID-19 ရောဂါပိုးတွေ့လူနာများအား ကုသရန်အတွက် အဆောင်များပြင်ဆင်ထားရှိမှု၊ လိုအပ်သောဆေးရုံသုံးစက်ကိရိယာများ၊ ဆေးဝါးများနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး၊ အထောက်အကူပြုပစ္စည်းများထားရှိမှု အခြေ အနေများအား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တပ်နယ်အားကစားခန်းမနှင့် နယ်မြေခံ တပ်ရင်းခန်းမတို့၌ COVID-19 ရောဂါနှင့်ပတ်သက်၍ သီးသန့်စောင့်ကြည့်သူများ ထားရှိရန် ကြိုတင်ပြင်ဆင်ထားရှိမှုများကို တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့်အဖွဲ့ဝင်များကလည်းကောင်း အသီးသီးသွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။