ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော စေတုတ္တရာမြို့နယ်ရှိ တောင်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လှူဒါန်း

ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော စေတုတ္တရာမြို့နယ်ရှိ တောင်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၉
    
တပ်မတော်အနေဖြင့် COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရာသီဥတု ဖောက်ပြန်၍ မိုးခေါင်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော မကွေးတိုင်းဒေသကြီး နှင့်မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ကျေးရွာ ၄ ရွာမှ သီးနှံများပျက်စီးဆုံးရှုံးခဲ့သော တောင်သူများအတွက် မန်ကျည်းစုကျေးရွာ၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဒါန်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးသန့်၊ စလင်း တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ကျော်နှင့် တာဝန်ရှိသူများက သွားရောက် ပေးအပ်လှူဒါန်းသည်။
    
ဦးစွာ တပ်နယ်မှူးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သီးနှံများပျက်စီးခဲ့သည့် ကျေးရွာ ၄ ရွာမှ အိမ်ထောင်စု ၄၈၈ စု၊ တောင်သူ ၁၈၅၂ ဦးအတွက် ဆန် ၃၁၁ အိတ်၊ ဆီ ၅၄၈ ပိဿာ ၈၀ ကျပ်သား၊ ဆား ၄၈၀ ပိဿာ ၂၀ ကျပ်သားနှင့် ပဲ ၈၂၅ ပိဿာ ၂၀ ကျပ်သားတို့ကို ထောက်ပံ့ပေးအပ်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက လက်ခံရယူကြပြီး သံဆည်ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 
    
အဆိုပါ စလင်းမြို့နယ်အတွင်းရှိ သံဆည်ကျေးရွာ၊ မန်ကျည်းစုကျေးရွာ၊ ကြီးအုံ ကျေးရွာနှင့် ငါးမကျေးရွာတို့မှ သီးနှံများပျက်စီးဆုံးရှုံးခဲ့မှုသည် စုစုပေါင်း ၁၀၇၂ ဧက ဖြစ်ကြောင်း သိရှိရသည်။
    
သီးနှံများပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာများမှ တောင်သူများအား တပ်မတော်က ယခုကဲ့သို့ ပေးအပ်လှူဒါန်းခြင်းအတွက် ဒေသခံတောင်သူများနှင့် ကျေးရွာနေပြည်သူများက အထူးပင်ဝမ်းမြောက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများအား ကျေးဇူးတင်လျက်ရှိကြောင်း သတင်းရရှိသည်။