ရတနာပုံ၏နိဒါန်းနှင့်နိဂုံး
အမှတ်စဉ်(၈၄)
အိမ်ရှေ့မင်းသည် နောင်တော်ရွှေနန်းရှင်က လက်နက်များ နောက်ထပ်မပြုလုပ်ရန် မေတ္တာရပ်ခံမည်စိုးသောကြောင့် ညီလာခံသို့ပင် အခစားမဝင်ဘဲ ကိုယ်လက်မအီမသာဖြစ်သည်ဟု အကြောင်းပြကာ မင်္ဂလာအိမ်တော်မှာပင် သီတင်းတစ်ပတ်မျှ အပြင်မထွက်စံ နေတော်မူလေသည်။
သို့ရာတွင် လက်နက်စက်ရုံများက အလုပ်မပျက်စေရ၊ ခဲယမ်းစမ်းသပ်မှုများလည်း မလစ်ဟင်းစေရန် တပည့်ခေါင်းအကြီး အကဲများ အား စီမံခန့်ခွဲမြဲအတိုင်း လုပ်ဆောင်ထမ်းရွက်စေလျက်ရှိကြချေသည်။ သီတင်းတစ်ပတ်မျှရှိသောအခါမူကား ညီတော်အိမ်ရှေ့မင်းမှာ နောင်တော်မင်းတရားကြီးထံ အခစားမဝင်ဘဲနေ၍ မရတော့သဖြင့် ထုံးစံအတိုင်း ရှေ့တော်သို့အခစားဝင်ခဲ့ရလေသည်။ နောင်တော် သည် ညီတော်အား ပြုံးရွှင်စွာ ကရုဏာမျက်နှာထားနှင့်ရှုစားတော်မူကာ...
“ညီပု နည်းနည်းပိန်သွားသလားလို့ ထင်ရတယ်။ နေကောင်းပြီလား၊ ပွဲတော်များတည်လို့ကောင်းရဲ့လား” ဟု မေးတော်မူသည်တွင်
“မထောင်းသာလှပါဘုရား၊ ပွဲတော်များတည်လို့ ကောင်းလာပါကြောင်း”
“ညီပုရယ် သိပ်လည်း အပင်ပန်းမခံပါနှင့်၊ ကမ္မသကာ ကံစီမံတဲ့အတိုင်းသာဖြစ်ကြရမှာပါ။ ညီတော်ပင်ပန်းလှတာတစ်ကြောင်း၊ သာသနာပိုင် ဆရာတော်ဘုရားလည်း စိတ်ကောင်းစေလိုလို့တစ်ကြောင်း၊ ညီပုကိုလူသတ်လက်နက်တွေ ပင်ပင်ပန်းပန်း လုပ်ကိုင် စုဆောင်းနေတာ အတန်အသင့်လျှော့ပါလို့မေတ္တာရပ်ခံချင်တယ်”
“နောင်ဘုရား အမိန့်တော်ကိုနာခံပါမည်ဘုရား၊ ညီညီကြိုးစားနေခြင်းမှာလည်း လူသတ္တဝါတွေကိုသတ်ရန် မရည်ရွယ်ပါ။ တိုင်းပြည် တစ်ပြည်နှင့်တူအောင် လူတန်းစေ့အောင် ကြံဆောင်ကြိုးစားနေရခြင်းသာ ဖြစ်ကြောင်းပါဘုရား”
“ကိုကို နားလည်ပါတယ် ညီပုရယ်၊ လောကဝတ်၊ ဓမ္မဝတ်ဆိုတာကလည်းရှိသေးတော့ ရဟန်းရှင်လူ အပြစ်တင်မခံရအောင် ဘယ်အမှုကိုပြုပြု ‘သိသာသိစေမမြင်စေနှင့်၊ မြင်သာမြင်စေ မသိစေနှင့်’ ဆိုသလို ပြုရမယ်၊ ညီပုလည်း နားလည်ကျွမ်းကျင်ပြီးသား၊ လိမ္မာပါးနပ်ပြီးသားကပဲ။ နောင်တော်ကတော့ သာသနာပိုင်ဆရာတော်ဘုရား ခါးခါးသီးသီး နှစ်သက်တော်မမူတာ သိရတယ်။ လက်နက်များ ထပ်မံမလုပ်စေရန် မေတ္တာရပ်ခံပေးပါမည်ဟု ကတိပြုတင်လျှောက်လိုက်ရခြင်း ဖြစ်တယ်” ဟူ၍ ဖျောင်းဖျ မိန့်ကြား တော်မူသောအခါ...
“မှန်လှပါ အမိန့်တော်မြတ်ကို ညီတော်နာခံယူပါမည်ဘုရား” ဟု ပြန်လည်တင်လျှောက်ခဲ့ရသော်လည်း အိမ်ရှေ့မင်းကြီး စိတ်တော်ထဲမှာမူ ကြည်လင်တော်မမူနိုင်ရှာခဲ့ပေ။
ထိုအချိန်အခါမှအစပြု၍ ရေမြှုပ်ဗုံး စမ်းသပ်ဖောက်ခဲ့သောအသံများ တိတ်ဆိတ်သွားခဲ့လေသည်။ အိမ်ရှေ့မင်းသည် လက်နက်စု ဆောင်းဖြည့်တင်းခြင်းကိစ္စကို နောင်တော်မင်းတုန်းမင်းတရားကြီးက အားပေးတော်မူခြင်းမခံရသောအခါ စိတ်တော်များလည်း ရှေးအခါကလောက် ကြည်သာရွှင်ပျအားမာန် တက်ကြွမှုမရှိလှတော့ပေ။ နောင်ရေးအတွက် အလေးအနက် မျှော်လင့်ထားသော စိတ်ဝင်စားမှုမှာ တစ်စိတ်တစ်ဒေသလျော့ကျလျက်ရှိသည်တွင် မျက်နှာတော် အသွင်အပြင်မှာ အလိုတော်မကျသော အရိပ်လက္ခဏာ များ ယှက်သန်းလာလေတော့သည်။
လွှတ်တော်သို့ မှန်မှန်တက်သည်။ နောင်တော်ထံသို့လည်း မပြတ်အခစားရောက်သည်။ လက်နက်စက်ရုံတော်များသို့ ယခင်က လောက် ထွက်ကြွကြည့်ရှုတော် မမူတော့ဘဲ အချိန်ကျဲသွားသည်။ သို့သော် တူတော်သုံးဆယ်မင်းသား၊ မက္ခရာမင်းသားတို့အား ယခင်ကကဲ့သို့ပင် မလစ်မလပ်သွားရောက် ကြည့်ရှုစစ်ဆေးစေရန် တာဝန်ပိုမိုပေးအပ်ထားလေသည်။ အိမ်ရှေ့မင်းကြီး၏သားတော် ပန်းတိမ်းမင်းသားသည် တူတော်မင်းသားကြီးများနည်းတူ လက်နက်စက်ရုံများမှာ ထမ်းရွက်လိုသည်။ ပန်းတိမ်းမင်းသားက နည်းနည်း စိတ်တော်ဆတ်သည်။ မြင်ကွန်းမင်းသားကြီးနှင့်လည်း ကောင်းစွာမပြေလည်ချင်သော လက္ခဏာပြသည်။ အခြားမင်းသား များကဲ့သို့ ဆက်ဆံရေးချောမွေ့ခြင်းမရှိခဲ့ပေ။ သူတို့စိတ်ဓာတ်နှင့် သူတို့နှစ်ဦး၏ အပြုအမူကို မင်းတုန်းမင်းတရားကြီးနှင့် အိမ်ရှေ့မင်း တို့က သိတော်မူကြပြီးသား ဖြစ်သည်။
သို့ကြောင့် တစ်ချိန်က နောင်တော်မင်းတုန်းမင်းက ညီတော်အိမ်ရှေ့စံကနောင်မင်းအား...
“သီလဝနှင့်မောင်ညိုတို့နှစ်ယောက်ဟာ ကြွစောင်းစောင်းရှိနေကြတယ်။ ကိုကိုကလည်း သားတော်သီလဝကို ထိန်းပါမည်။ ညီပုက လည်း ညီပုသားတော်မောင်ညိုကို ထိန်းပါဘိ။ သူတို့နှစ်ယောက် သင့်မြတ်ချစ်ခင်တာကို မြင်တော်မူလိုတယ်” ဟူ၍ အမိန့်ရှိ သတိပေးတော်မူ ဖူးလေသည်။ အိမ်ရှေ့မင်း၏သားတော် ပန်းတိမ်းမင်းသား၏ ငယ်မည်မှာ ‘ထိပ်တင်ညို’ ဟုခေါ်သည်။ သို့ကြောင့် မင်းတရားကြီးက ‘မောင်ညို’ ဟူ၍ခေါ်ခြင်းဖြစ်သည်။
မင်းတုန်းမင်းတရားကြီး၏သားတော် မြင်ကွန်းမြို့စားမင်းသား၏ ငယ်မည်မှာ ‘သီလဝ’ ဟူ၍ခေါ်သည်။ မြင်ကွန်းမင်းသားက ခမည်းတော်၏ ထီးနန်းအမွေကို အတွင်းကျိတ် မျှော်မှန်းနေသူဖြစ်၍ အိမ်ရှေ့မင်း၏ သားတော် ပန်းတိမ်းမင်းသားအပေါ်တွင် မေတ္တာကင်းမဲ့ ငြိုငြင်နေခဲ့သူဖြစ်သည်။
ပန်းတိမ်းမင်းသားကလည်း သူ့ခမည်းတော်အိမ်ရှေ့မင်း ဘုရင်ဖြစ်လာသောအခါ သူသာလျှင် ထီးမွေ၊ နန်းမွေဆက်ခံရမည့် အိမ်ရှေ့မင်းအဖြစ်ကို ခံယူမည့်သူဖြစ်ကြောင်း ပုံသေတွက်ဆထားခဲ့သူဖြစ်လေသည်။
သို့ကြောင့်လျှင် ထီးမွေ၊ နန်းမွေကို ဆက်ခံရန်ရည်ရွယ်ချက်၊ မျှော်လင့်ချက်ကိုယ်စီ ရှိနေကြသူများဖြစ်သဖြင့် ချိုသွေးနေ၊ ရန်စောင် နေကြခြင်းဖြစ်လေသည်။ ယင်းသို့လျှင် မြင်ကွန်းမင်းသားကြီးနှင့် ပန်းတိမ်းမင်းသားတို့မှာ ညီနောင်ဝမ်းကွဲချင်းပင် ဖြစ်လင့်ကစား အခြားသောညီတော်၊ နောင်တော်များကဲ့သို့ မဟုတ်ကြဘဲ သူစိမ်းပြင်မေတ္တာရေမစင်ကြရုံမက တစ်ဦးအပေါ်တစ်ဦးက မျက်စိ စပါးမွေးစူးနေကြသူများ ဖြစ်ကြလေသည်။
အိမ်ရှေ့စံ ကနောင်မင်းသားကြီးသည် တူတော်မက္ခရာမင်းသား၊ သုံးဆယ်မင်းသားတို့ကဲ့သို့ မြင်ကွန်းမင်းသားကြီးကို လက်နက် စက်ရုံများသို့ ကြည့်ရှုကွပ်ကဲရာ၌ ပါဝင်ခြင်းမပြုစေဘဲ၊ မိမိသားတော် ပန်းတိမ်းမင်းသားအားလည်း ဤလုပ်ငန်းနှင့်စပ်လျဉ်း၍ အသုံးပြုတော် မမူခဲ့ပေ။ မီးမသေရေမနောက် သူတို့နှစ်ယောက်ကို လွတ်လပ်စွာ လွှတ်ထားရခြင်းမှာ မျက်နှာချင်းဆိုင်မိလျှင် မဖြစ်သင့်သည်များ ထပ်မံဖြစ်လာမည်။
စိုးရိမ်တော်မူမိ၍ဖြစ်သည်။ ပန်းတိမ်းမင်းသား၏ နှမတော် တောင်ညိုမင်းသမီးသည်ပင် မြင်ကွန်းမင်းသားကြီး၏ ကြင်ယာတော် ဖြစ်ခဲ့ရာ ညီအစ်ကိုသာမက သမီးယောက်ဖလည်း တော်စပ်နေကြသူများဖြစ်သည်။ ပန်းတိမ်းမင်းသား၏ နှမတော်တစ်ပါးဖြစ်သူ ရန်အောင်မြို့စား မင်းသမီးမှာလည်း သုံးဆယ်မင်းသားကြီး၏ ကြင်ယာတော်ဖြစ်၍ ညီအစ်ကိုဝမ်းကွဲသာမက သမီးယောက်ဖလည်း တော်စပ်ခဲ့ကြသည်။ သို့သော် ပန်းတိမ်းမင်းသားနှင့် သုံးဆယ်မင်းသားတို့မှာ စိတ်တွင်းအခုအခံမရှိကြ။ အထွေအထူးမရှိကြစေကာမူ မြင်ကွန်းမင်းသားနှင့် ပန်းတိမ်းမင်းသားတို့သာလျှင် တဇောင်းစေးနှင့်မျက်ချေးပမာ စိတ်တွင်းကတင်းမာမှုကိုယ်စီကိုယ်င ရှိနေ ကြသူများ ဖြစ်သည်။ ထို့ကြောင့် စကားနည်းရန်စဲသဘောနှင့် ဤမင်းသားနှစ်ပါးအား အိမ်ရှေ့ဘုရားက ခြွင်းချန်ထားတော်မူ ခြင်းဖြစ်သည်ဟု ယူဆရန်ရှိလေသည်။
ဆိုအပ်ခဲ့ပြီးသည့်အတိုင်း အိမ်ရှေ့မင်းကြီးသည် လက်နက်ကိစ္စနှင့်စပ်လျဉ်း၍ နောင်တော်မင်းတုန်းမင်းတရားကြီး၏ အားပေး အားမြှောက်မှု မရရှိသောအခါ လုပ်ရိုးလုပ်စဉ်အတိုင်း လက်နက်စုဆောင်းမှုများပြုလုပ် လျက်ရှိပါသော်လည်း ကိုယ်တော်တိုင် လက်နက်စက်ရုံများသို့ အားတက်သရော ရှေးအခါကလို ကြွရောက် ခြင်းပြုတော်မမူခဲ့ပေ။ လွှတ်တော်ကိစ္စပြီးလျှင် အိမ်တော်တွင် ခေတ္တခဏစံနေတော်မူပြီး ပြင်အိမ်တော်က ကိုယ်လုပ်တော်များနှင့် သားတော်ငယ်၊ သမီးတော်ငယ်များ အလယ်တွင် အပျင်းဖြေ စံနေတော်မူခဲ့လေသည်။ မြောက်ဆောင်တော် သခင်ကြေးအဆောင်တွင် အများအားဖြင့် စံနေတော်မူသောအချိန်ကများသည်။
ဆက်လက်ဖော်ပြပါမည်။