ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

(ယမန်နေ့မှအဆက်)

သမီးတော်ငယ်ကလေးများနှင့်လည်း အငြီးဖြေ ပျော်ပျော်ရွှင်ရွှင် စံနေတော် မူတတ်လေသည်။

သမီးတော် သားတော်ငယ်များကလည်း ခမည်းတော်အိမ်ရှေ့မင်း အပါးတော်ဝယ် ငယ်ရွယ်သူများပီပီ ပလီပလာ တွတ်တီးတွတ်တာ ပြောဆိုနေကြခြင်းကြောင့် တပြုံးပြုံးနှင့် အပျင်းတော် ပြေရလေသည်။

အိမ်ရှေ့မင်းသည် ယင်းသို့ စိတ်ပြေလက်ပျောက် အခြားဆောင်များ၌  နေတော်မူသောအခါ  အဆောင်တော်မကြီးမှ အိမ်ရှေ့မိဖုရား လှိုင်ထိပ်ခေါင်တင်မှာတော့ တစ်ပါးတည်း ထီးတည်း ကျန်နေရှာတော့သည်။

မျှော်တော်ဇောနှင့်လည်း ထုံးစံအတိုင်း မောတော်မူရရှာပြန်တော့သည်။

လှိုင်ထိပ်ခေါင်တင်အဖို့ ဤအဖြစ်မှာ ဆန်းလှသည်တော့ မဟုတ်ပါ။

သို့ကြောင့်ပင် သည်အရင်ကတည်းက စိန်ခြူးကြာညောင်ကဲ့သို့ အမျှော်စိုက် ဘောလယ်တွေ အများအပြား ရေးသားခဲ့ရပြီးပြီဖြစ်လေသည်။

တစ်နေ့တွင် မြောက်ဆောင်တော်၌ အိမ်ရှေ့ကိုယ်တော်ကြီး   အငြီးပြေ စံတော်မူချိန်ဖြစ်သည်။ မြောက်ဆောင်တော်ရှင် သခင်ကြေးမှာ အိမ်ရှေ့ ကိုယ်တော်ကြီးအတွက် နေ့လယ်စာ အချိုအုပ်၊ အဆိမ့် အုပ်များ ပြင်ဆင်စေခိုင်းနေခြင်းဖြင့် အတွင်းဆောင်၌ အလုပ်များလျက် ရှိလေသည်။

ရှေ့ဆောင်တော်ရှိ သလွန်ပေါ်တွင် အိမ်ရှေ့ကိုယ် တော်ကြီးက လဲလျောင်းနေတော်မူသည်။ သလွန်တော်အောက် အီတာလျံကော်ဇောပေါ်တွင် သမီးတော်ငယ်ကလေးများက ရွှေဇယ်ငွေဇယ်များနှင့် ဇယ်ခုတ်ကစား နေကြသည်။

အိမ်ရှေ့မင်းသည် သမီးတော်ကလေးများ ကစား ငြင်းခုံနေကြသည်ကို တပြုံးပြုံးနှင့် ရှုစားတော်မူလျက် ရှိသည်။

ဇယ်ဝိုင်း၌ ဇယ်ခုတ်ကစားသူများမှာ သခင်ကြေးမှ ဖွားမြင်သော သမီးတော်ကလေး ၉ နှစ်အရွယ် စပ္ပာယ်နဂိုမြို့စား (သီရိအာသာဒေဝီ)နှင့် ကိုယ်လုပ်တော် ခင်စာမှဖွားမြင်သော သမီးတော်ကလေး သီရိမေလ္လဝတီ ဧလာဇေယျသိန်မြို့စား ထိပ်ခေါင်တင်အေး (မယ်ဆွေအေး)၊ ကိုယ်လုပ်တော်  ခင်ဖူးမှ ဖွားမြင်သူ သမီးတော်ကလေး(မယ်ဆွေစစ်)၊   ကိုယ်လုပ်တော် ခင်ကောက်မှဖွားမြင်သူ သမီးတော်ကလေး(မယ်ဆွေတင်)၊ ကိုယ်လုပ်တော်ခင်လေးမှ ဖွားမြင်သူ  သမီးတော်ကလေး ပခုက္ကူရွာစား(မယ်ဆွေအုန်)၊ ကိုယ်လုပ်တော် ခင်ပုမှ ဖွားမြင်သော သမီးတော်ကလေး(မယ်ဆွေရှင်) စုစုပေါင်း ခြောက်ယောက်ဖြစ်သည်။

မှတ်ချက်။   ။   ရတနာပုံခေတ်၌ မင်းတုန်းမင်းနှင့် ညီတော်အိမ်ရှေ့မင်း၏ သားတော်၊ သမီးတော်များကို ခမည်းတော်များက ချစ်စနိုးပေးထားသော ငယ်မည်များရှိကြရာ  မင်းတုန်းမင်းတရားကြီး၏ သားတော်၊ သမီးတော်များ၏ ငယ်မည်တွင် (မျိုး)ဟူသောအမည်ဖြင့် သတ်မှတ်၍ ညီတော် အိမ်ရှေ့မင်း၏ သားတော်၊ သမီးတော်များကို (ဆွေ)ဟူသော အမည်ပါလေ့ရှိပါသည်။ ထို့ကြောင့် ယင်းခေတ်က အမည်တွင် (မျိုး)ပါခဲ့လျှင်နန်းတော်ကြီးက သားတော်၊ သမီးတော်များဟု သိနိုင်၍  အမည်တွင် (ဆွေ)ဟုပါရှိလျှင် အိမ်ရှေ့တော်က သားတော်၊ သမီးတော်များဟူ၍ နန်းတော်သား၊ နန်းတော်သူတို့က သိမှတ်ကြရမြဲဖြစ်လေသည်။

သို့ကြောင့် ယခု အိမ်ရှေ့တော်မှ သမီးတော်များ စပ္ပာယ်နဂို ထိပ်ခေါင်တင်အပါအဝင် မယ်ဆွေအေး၊ မယ်ဆွေစစ်၊ မယ်ဆွေတင်၊ မယ်ဆွေအုန်၊ မယ်ဆွေရှင် စသူတို့သည် အိမ်ရှေ့အိမ်တော်မှ သမီးတော်များ ထုံးစံအတိုင်း(ဆွေ)တပ်၍ မှည့်ခေါ်ထားသော ငယ်မည်များဖြစ်သည်။ ဤအမည်များကို ခမည်းတော်၊ မယ် တော်တို့ကသာ ခေါ်ခြင်းဖြစ်၍    အခြားလူတို့က ခေါ်ခွင့်မရှိချေ။ မယ်ဆွေအစား ''ထိပ်ခေါင်တင်''သာကပ်၍ ခေါ်ရမြဲဖြစ်ပါသည်။ ဥပမာ-မယ်ဆွေအေး အစား ''ထိပ်ခေါင်တင်အေး''ဟူ၍ လည်းကောင်း၊ မယ် ဆွေစစ်အား ''ထိပ်ခေါင်တင်စစ်''ဟူ၍ လည်းကောင်း ခေါ်ဝေါ်အသုံးပြုကြရသော ထုံးစံရှိခဲ့ပါသည်။

ဆိုအပ်ခဲ့သည့်အတိုင်း   ခမည်းတော် အိမ်ရှေ့ ကိုယ်တော်ကြီးရှေ့တော်ဝယ် ဇယ်ခုတ်ကစားနေကြ သော သမီးတော်ငယ် ခြောက်ယောက်မှာ ကိုယ်စီကိုယ်င ပါရှိကြသော အထိန်းတော်များက မလှမ်းမကမ်းမှ  ခစားဝပ်တွားနေကြရသည်။ အလိုရှိရာ လုပ်ကိုင်ပေးရန်လည်း မျက်ခြည်မပြတ် အကဲခတ်နေကြရသည်။

အိမ်ရှေ့ကိုယ်တော်ကြီးရှေ့၌ ဖြစ်၍လည်း    ပို၍ ကြောက်ရွံ့ရိုသေစွာ နေထိုင်ကြရလေသည်။

သမီးတော်ကလေးများမှာ ၈ နှစ်၊ ၉ နှစ်၊ ၁ဝ နှစ်မျှသာ အသက်ကရှိနေ၍ ကလေးဘဝ ခမည်းတော် ရှေ့တွင် ပျော်ပျော်ရွှင်ရွှင်ရှိကြသည်။ ဆံရစ်ဝိုင်း၊ ကြက်တောင်စု၊ လည်စည်းကလေးတွေနှင့် ပုတီးလက်ကောက် ခြေချင်းများလည်း ညွတ်နေအောင် ဝတ်ဆင် ပေးထားကြသည်။ မင်းပွဲသဘင် အခမ်းအနားမဟုတ်၍ သာမန်အိမ်တော်အတွင်း၌ ဝတ်ဆင်မြဲဖြစ်သော ဖဲပန်းကြွ၊ ရင်စေ့အင်္ကျီ၊ ပိုးဗလာထဘီကလေးတွေ ကိုယ်စီနှင့်  ကြည့်မငြီးအောင်ရှိကြသည်ကို  အိမ်ရှေ့ ကိုယ်တော်ကြီးက ရှုစားတော်မူနေသည်။   ဤတွင် စပ္ပာယ်နဂိုထိပ်ခေါင်တင်ကလေးမှာ ကြက်တောင်စည်း ဗူးပွင့်ကလေးက ဖွာလန်ကြဲလျက် မွဲချောက်ချောက် ဖြစ်နေသည်ကိုတွေ့ရလေသည်။ ဤတွင် ခမည်းတော်က ''စပ္ပာယ်နဂိုရ်လေး ဒီလာခဲ့ဦး''ဟု ချစ်စနိုးခေါ်တော်မူသဖြင့်   သမီးတော်ကလေးက  ကစားရာမှထ၍ ခမည်းတော်အပါး ရောက်လာသည်။

''သမီးတော်ဆံပင်က  ဖွာနေပါလား။ ဘာပြုလို့ ဆီမလူးရသလဲ''ဟူ၍ ဆံပင်စုလည်း ကြက်တောင်စည်းကို တယုတယ ဆွဲကိုင်ကာ မေးတော်မူပါသည်။

သမီးတော်က ကစားမက်၍ ဆီမလူးခဲ့ဟု ထင်တော်မူသည်။ မယ်ဆွေအေး စသော အခြားသမီးတော်များမှာဆံပင်ရောင်က ဆီလူးထားသဖြင့် နက်မှောင်နေသည်။

သို့သော် သမီးတော်က ...

''ဆီမွှေးကုန်နေလို့ ဒီနေ့မလူးရတာပါ ဘုရား''ဟူ၍ ပြန်လည်လျှောက်တင်ချိန်၌ မယ်တော်သခင်ကြေးသည် အိမ်ရှေ့ကိုယ်တော်ကြီး အပါးတော်သို့ ရောက်လာလေသည်။

''ရှင်ကြေးရဲ့ ဆီမွှေးကုန်နေရင် စောစောက ပွတ်ခိုင်းပါတော့လား၊ ခု သမီးတော် ခေါင်းစုတ်ဖွားဖြစ်နေ ပါပကော''ဟု ဆီး၍ မိန့်တော်မူလေသည်။

''အီစတန်ဆီမွှေးရှိပါဘုရား၊ သမီးတော် မစပ္ပာယ်က မြတ်လေးဆီမှ လူးမယ်ဆိုလို့''ဟူသော အဖြေကို မဆုံးမီ သမီးတော်ကဝင်၍ ''အီစတန်ဆီမွှေးက ကုလားစော် နံပါဘိနှင့်၊ မကြိုက်လို့ မလူးတာပါဘုရား''ဟု တင်လျှောက်သောအခါ    အိမ်ရှေ့ကိုယ်တော်ကြီးက ပြုံးတော်မူသည်။ ပြီးလျှင် ''မြတ်လေးဆီက ဘယ်တော့မှ ရမှာလဲ ရှင်ကြေးရဲ့''ဟု မေးတော်မူသောအခါ ''ယခု တစ်ရက်နှစ်ရက်အတွင်း နေပွင့်တဲ့နေ့မှာ ကြိတ်မှာပါဘုရား၊ မြတ်လေး ပန်းသပ်ထားတဲ့   နှမ်းများလည်း ဆီဆုံမှာ ပို့ထားပြီးပါပြီဘုရား''ဟု  တင်လျှောက်လေလျှင်...

ဆက်လက်ဖော်ပြပါမည်။