![](https://myawady.net.mm/sites/default/files/yadanarpon_10.jpg)
ရတနာပုံ၏နိဒါန်းနှင့်နိဂုံး
အမှတ်စဉ်(၈၆)
“ဟယ်... တစ်ရက်နှစ်ရက်တောင် စောင့်ရဦး မလား၊ မစပ္ပာယ် ခေါင်းစုတ်ဖွားနေရတာ မကြည့်ချင် ပါဘူး။ ဟဲ့ မိရွှေစင် လာစမ်း။ တင်တင်ဆီမှာ မစပ္ပာယ်က မြတ်လေးဆီနည်းနည်းပေးလိုက်ပါလို့ သွားတောင်း ချေ” ဟု အိမ်ရှေ့ကိုယ်တော်ကြီးက မိန့်တော်မူ လေသည်။
အထိန်းတော်၊ အချီတော်ကလေး မိရွှေစင်သည် သခင်ကြေးလှမ်းပေးသော ရွှေဖလားငယ်ကလေးကိုယူလျက် အိမ်ရှေ့တော်ဆောင် မကြီးရှိ လှိုင်ထိပ်ခေါင်တင်ထံသို့ထွက်လာခဲ့ရလေသည်။
စပ္ပာယ်နဂိုရ်ထိပ်ခေါင်တင်ကလေးက အားရဝမ်းသာနှင့် “ခမည်းတော်ဘုရား ခေါင်ဘုရားမေမှာ မြတ်လေး ဆီမွှေးတွေ အများကြီးရှိလားဖျ” ဟုမေး၍ ခမည်းတော်က “သမီးတော် မစပ္ပာယ်ရဲ့ ခေါင်ဘုရားမေက မြတ်လေးဆီအမြဲသုံးတော်မူတာဆိုတော့ များများရှိမှာပေါ့”ဟုပြုံး၍မိန့်ကြားကာ သခင်ကြေးယူလာ၍ အပါးတော်သို့ရောက်နေသောအချိုအုပ်ကို ပွဲတော်တည်နေလေသည်။
အပျိုတော်ကလေးရွှေစင်သည် အိမ်ရှေ့မိဖုရား လှိုင်ထိပ်ခေါင်တင်အပါးတော်သို့ ဝင်ရောက်ခစားမိလေသည်။ အမေးတော်ရှိ လာသောအခါ ရွှေစင်က သမီးတော်စပ္ပာယ်နဂိုရ်ထိပ်ခေါင်တင်ကလေးက မြတ်လေးဆီနည်းနည်းပေးသနားတော်မူပါရန် စေလွှတ် ကြောင်း လျှောက်ထားလေသည်။ လှိုင်ထိပ်ခေါင်တင်မှာ ပုရပိုက်တွင် စာရေးတော်မူ နေဆဲအခိုက်ဖြစ်သည်။ အပါးတော်တွင်ရှိသော အပျို တော်ငယ်ခင်ညှာအား သုံးတော်မူနေကျ ဖန်ဘူးထဲက မြတ်လေးဆီနည်းနည်းခွဲ၍ထည့်ပေးလိုက်ရန် စေခိုင်းတော်မူလိုက်သည်။ ခင်ညှာသည် ရွှေစင်လက်မှ ရွှေဖလားငယ်ကိုယူ၍ အတွင်းဆောင်သို့ဝင်သွားပြီး မကြာမီ မြတ်လေးဆီပါသော ရွှေဖလားငယ်ကို ယူ၍ပြန်ထွက်လာပြီး ရွှေစင်လက်သို့ ကမ်းပေးလိုက်သည်။ ရွှေစင်သည် လှိုင်ထိပ်ခေါင်တင်ကို လက်ယှက်ဦးချ၍ အပါးတော်မှ ထွက်ခွာလာခဲ့လေသည်။ ရွှေစင်ပြန်ရောက်လာပြီးနောက် အိမ်ရှေ့ကိုယ်တော်ကြီးရှေ့တော်၌ မြတ်လေးဆီထည့် ထားသော ရွှေဖလားငယ်ကိုကိုင်ကာခစားလာသည်။
“ရခဲ့ရဲ့လားဟဲ့၊ ကဲ သမီးတော်ကို ဆီလူး ဆံပင်ဖြီးပေးလိုက်” ဟု မိန့်တော်မူလိုက်သည်တွင် စပ္ပာယ်နဂိုရ်ထိပ်ခေါင်တင် ကလေး ကလည်း ဝမ်းသာအားရနှင့် ရွှေဖလားကို လှမ်းယူကြည့်သည်။ နမ်းသည်။ မွှေးလိုက်တာဟုလည်း ရင့်ကျူးလိုက်သေးသည်။ ထို့နောက် ရွှေဖလားကို စူးစိုက်ကြည့်ပြီး မျက်နှာကလေး ပျက်သွားလေသည်။
“ဟင်...ဒီမြတ်လေးဆီကို မလူးချင်ပါဘူး” ဟု ပြောကာ ငိုမဲ့မဲ့ပြုလိုက်လေသည်။ ယူလာသောရွှေစင်ကလည်း ထိတ်ထိတ် ပျာပျာဖြစ်ရရှာသည်။ ခမည်းတော် အိမ်ရှေ့ကိုယ်တော်ကြီးကလည်း သမီးတော်ရုတ်ခြည်း ပြောင်းလဲသွားသည်ကို အံ့အားသင့်နေ တော်မူသည်။ ညီအစ်မတော် ကစားဖော်မင်းသမီးကလေးများကလည်း အကြောင်းမသိရသေး၍ ငေးကြည့်နေကြရှာလေသည်။
“ဘယ်လိုဖြစ်သွားရပြန်သည်တုန်း စပ္ပာယ်နဂိုရ်လေး” ဟု ခမည်းတော်ကမေးသည်တွင် သမီးတော်ကလေးက ငိုမဲ့မဲ့မျက်နှာနှင့် “မလူးချင်ပါဘူးဘုရား၊ ဆီမွှေးထဲမှာ ပိုးဟပ်သေကလေးပါလာလို့ ရွံ့ပါဘိတယ်ဘုရား” ဟု ပြန်လည်လျှောက်ကာ မျက်ရည် ပေါက်ကလေးများ ကျလာလေသည်။
အနားမှာရှိသော သခင်ကြေးကလည်း သမီးတော်လက်မှရွှေဆီခွက်ကိုယူကြည့်လိုက်သည်။ မြတ်လေးဆီထဲမှာ ဥခွံကပေါက်ကာစ ဖြစ်သော စပါးစေ့ခန့်ရှိ ပိုးဟပ်သေကောင်ကလေးကိုတွေ့ရသည်တွင် “သြော်....မတော်တဆပါလာတာဖြစ်ပါလိမ့်မယ် သမီးတော် ရယ်ဆယ်ယူပစ်လိုက်ရင် ပြီးသားနှင့် ရွံ့စရာမဟုတ်တာ ရွံ့တတ်ရှာရန်ကော” ဟု ဖြေသိမ့်အောင်ပြောသော်လည်းသမီးတော်က မပြေနိုင်ရှာပါ။ “ခေါင်ဘုရားမေက သမီးတော်ကို ချစ်တော်မမူပါဘူး။ ဒါကြောင့်သာ ပိုးဟပ်သေကြီးပါတဲ့ ဆီမွှေးကိုမှ သနားတော် မူလိုက်တာပေါ့ဖျ” ဆို၍ ကြူကြူပါအောင် ငိုပါလေတော့သည်။
အိမ်ရှေ့ကိုယ်တော်ကြီးကလည်း သမီးတော်ကလေးငိုသည်ကို မြင်ရသောအခါ မူလပြုံးရွှင်ကြည်လင်နေသောမျက်နှာတော်မှ ဣန္ဒြေရင့်ကျက်သွားလေသည်။ ဤကိစ္စနှင့်ပတ်သက်၍ နောက်ထပ် တစ်စုံတစ်ရာ မိန့်ကြားတော်မမူဘဲရှိလေသည်။
အိမ်ရှေ့မိဖုရား လှိုင်ထိပ်ခေါင်တင်အပေါ် အလိုတော်မကျ၍ တွေးတောမိသော မြောက်ဆောင်တော် သခင်ကြေးက ရွှေစင်ကို မျက်ရိပ်ပြ ခေါ်သွားပြီး အဆောင်တော်ထဲတွင် ကျိတ်၍မေးမြန်းသောအခါ ခေါင်ခေါင်ဘုရားအမိန့်တော်နှင့် အပျိုတော်ခင်ညှာက မြတ်လေးဆီကို သုံးတော်မူနေကျ ဖန်ဘူးထဲမှ ခွဲငှဲ့ပေးလိုက် ကြောင်း လျှောက်တင်သည်။
“မတော်တဆ ပါလာတာဖြစ်ပါလိမ့်မယ် ရွှေစင် ရယ်၊ မယ်မင်းကလည်း လမ်းမှာတုန်းက ကြည့်ရှုယူ လာရင်း ပိုးဟပ်ကလေး ဆယ်ပစ် လိုက်ရင်ပြီးသင့်တာ ကပဲ၊ ခုတော့ သမီးတော်ငိုလို့ သူ့ခမည်းတော်က အလိုတော်မကျဖြစ်သွားရပြီ” ဟု မြည်တွန်ပြစ်တင်ရာ ရွှေစင် မှာလည်း မိမိပေါ့ဆမှုကြောင့်ဖြစ်ရသည်ဟု မျက်နှာ မကောင်းဖြစ်ရရှာတော့သည်။
အိမ်ရှေ့ကိုယ်တော်ကြီးသည် မူလကပင် လက်နက်ကိစ္စကြောင့် နောင်တော်ဘုရားအပေါ် အလိုတော်မကျဖြစ်ခဲ့ရခြင်းကြောင့် စိတ်ပြေ လက်ပြေ သမီးတော်ငယ်ကလေးတွေနှင့် စံနေတော်မူမိရာတွင် အဆင်မပြေသောဖြစ်ရပ်ကြောင့် ဤနေရာမှာ စိတ်ဝင်စား တော်မမူပြန်ဘဲ ကိုယ်လုပ်တော်ရှင်ဖဲ၏ အဆောင်သို့ ကြွချီသွားတော်မူပြန်သည်။
ကိုယ်လုပ်တော်ရှင်ဖဲမှာ သမီးတော်ကောင်းတုန်မြို့စား(မယ်ဆွေယုန်) ထိပ်ခေါင်တင်ယုန်၏ မယ်တော်ဖြစ်လေသည်။ ထိုအဆောင် တွင် တစ်ညဉ့်မျှ စံတော်မူ၍ နောက်တစ်နေ့၌ သားတော်(မောင်ဆွေသိမ့်)၏ မယ်တော်ဖြစ်သော ခင်ချိန်၏အဆောင်တွင် စံနေသည်။ ထိုမှတစ်ဖန် သားတော်(မောင်ဆွေမြတ်)၏ မယ်တော်ရှင်လေး၏ အဆောင်သို့လည်းကောင်း၊ သားတော်(မောင်ဆွေဝန်း)၊ (မောင် ဆွေဟန်)နှင့် (မောင်ဆွေငြိမ့်)တို့၏ မယ်တော်ဖြစ်သော ကိုယ်လုပ်တော် ခင်မြင့်၏အဆောင်သို့လည်းကောင်း၊ စိတ်တော် သင့်ရာ အဆောင်တော်လေးငါးဆောင်သို့ တစ်လှည့်စီ ကြွချီစံမြန်းနေလေသည်။ အဆောင်တော်ကြီးသို့ကား လုံးဝပြန်လည် ကြွရောက် တော်မမူဘဲရှိလေသည်။
အိမ်ရှေ့မိဖုရားလှိုင်ထိပ်ခေါင်တင်သည် မောင်တော်အိမ်ရှေ့ကိုယ်တော်ကြီး ၄-၅ ရက်မျှ ကြာသည့်တိုင်အဆောင်မကြီးသို့ ပြန်လည် ကြွလာခြင်းမရှိသဖြင့် စိတ်ရွှင်လန်းချမ်းမြေ့တော်မမူရှာပေ။ အခါတိုင်းဆိုလျှင် ဤမျှရက်ရှည်ရှည်နေတော်မူခြင်းမရှိသဖြင့် စိတ်တော် တထင့်ထင့်ရှိတော်မူသဖြင့် လက်ပါးစေများကို စုံစမ်းစေရန် အခြားအဆောင်တော်များသို့ လှည့်လည်ကြည့်ရှုစေသောအခါ မည်သည့် အကြောင်း ထူးထွေမရှိကြောင်း ကိုယ်တော်ကျန်းမာစွာနှင့် ကိုယ်လုပ်တော်ကြီးအဆောင်များတွင် တစ်လှည့်စီစံနေတော်မူရင်း သားတော်၊ သမီးတော်ငယ်ကလေးများနှင့် အပျင်းတော်ဖြေလျက်ရှိကြောင်း သိရှိရသဖြင့် စိတ်တော်ကအေးရလေသည်။
သို့သော်....မိမိအား ရှိသည်ဟူ၍ပင်မထင်၊ ၄-၅ ရက်ကြာမျှမကြွလာ၊ နေနိုင်တော်မူရှာလေသည်ဟု ဘဝင်ကျတော်မမူနိုင်။
ဆက်လက်ဖော်ပြပါမည်။