နေပြည်တော် ဒီဇင်ဘာ ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာဆွေးနွေးပွဲကျင်းပ
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မင်္ဂလာခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးဥပဒေချုပ်၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိ သူများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ယနေ့ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ စတုတ္ထအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မေလနှင့် အောက်တိုဘာလတို့တွင် တွေ့ဆုံခဲ့ချိန်၌ မြန်မာနိုင်ငံနှင့်သင့်လျော် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံး နိုင်ရေးဆွေးနွေးခဲ့ကြရာ နိုင်ငံရေးပါတီများကလည်း စာတမ်းများ တင်ပြဖတ်ကြားခဲ့သကဲ့သို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်လည်း ဆောင်ရွက်သင့်သည့် အခြေခံအချက်များကို အကျယ်တဝင့် ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကတင်ပြခဲ့သည့် စာတမ်းများကို အလေးထားလေ့လာခဲ့ပြီး နိုင်ငံရေးပါတီ အချင်းချင်း ဆွေးနွေးညှိနှိုင်းရန်၊ အချိန်ပေးကာ တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်နိုင်ရန် နိုဝင်ဘာ ၂၂ ရက်က အကြောင်း ကြားပြင်ဆင်ခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့တွင် အစုအဖွဲ့အလိုက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်များအတွက် PR စနစ်အရ ဆောင်ရွက်သင့်သည့် ရွေးကောက်ပွဲဒီဇိုင်းကို နှစ်ရက်တာအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ် မူဘောင်အတွင်းမှဆွေးနွေးညှိနှိုင်း၍ သုံးရက်မြောက်နေ့တွင် အစုအဖွဲ့အလိုက် ဆွေးနွေးရရှိလာသည့် PR စနစ်ရွေးကောက်ပွဲဒီဇိုင်း စာတမ်းတစ်စောင်စီကို ဖတ်ကြားဆွေးနွေးသွားမည် ဖြစ်ကြောင်း။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများဖြစ်ရန် ဆောင်ရွက်ကြရာတွင် သာတူ ညီမျှ ယှဉ်ပြိုင်နိုင်သောအခြေအနေကို ဖန်တီးပေးရန်လိုအပ်သကဲ့သို့ ဥပဒေနှင့်ညီညွတ်မှု ရှိရန်ကိုလည်း အလေးထားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲစနစ်နှင့် ရွေးကောက်ပွဲလုပ်ငန်း စဉ်များမှန်ကန်မှ သာ ပြည်သူအများကို ကိုယ်စားပြုသော ပြည်သူ့ကိုယ်စားလှယ်များရွေးချယ်နိုင်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရန်အတွက် ရွေးကောက်ပွဲစနစ်များဖော်ဆောင်ခြင်း၊ ရွေးကောက်ပွဲ နယ်မြေများ သတ်မှတ်ခြင်း၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများကျင်းပခြင်းတို့ဆောင်ရွက်ရာတွင် PR စနစ်ကို ကျင့်သုံး ခြင်းဖြင့် ပါတီအများအပြားသည် ရွေးကောက်ပွဲတွင်ရရှိသည့် ဆန္ဒမဲများအရ အချိုးကျကိုယ်စားလှယ်များရရှိကာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စု ပါတီငယ်လေးများ၏ ကိုယ်စားလှယ် များ လွှတ်တော်သို့ ဝင်ရောက်နိုင်သည့် အခွင့်အရေးကိုလည်း ရရှိလာမည်ဖြစ်ပြီး မဲဆန္ဒရှင်အများစု၏ အခွင့်အရေးရရှိမည့်အပြင် မဲဆန္ဒရှင်တစ်ဦးချင်းစီ၏ အခွင့်အရေးလည်း ရရှိမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် အားလုံးပါဝင်ဆောင်ရွက်မှု (All Inclusive) သဘောတရားအား ဖော်ဆောင်သွားနိုင်မည် ဖြစ်ကြောင်း၊ လွှတ်တော်အတွင်း တစ်ပါတီ ကြီးစိုးလွှမ်းမိုးမှုကို လျှော့ချပြီး ပါတီစုံပါဝင်နိုင်ခြင်းဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ နိုင်ငံတော်အခြေခံမူဖြစ်သည့် စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်မည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲသုံးကြိမ်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ သုံးကြိမ်၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှစ်ကြိမ်တို့တွင် မဲအများဆုံးရသူအနိုင်ရစနစ်(FPTP)ကို ကျင့်သုံးခဲ့သော်လည်း ပြောင်းလဲလာသည့် ခေတ်အခြေအနေအရ မြန်မာနိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသင့်လျော်သော ရွေးကောက်ပွဲ စနစ်မျိုးကို ပြောင်းလဲဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း အချိုးကျကိုယ်စားပြု စနစ်ဖြင့် လွှတ်တော်ရွေးကောက်ပွဲ များကျင်းပသည့် နိုင်ငံပေါင်း ၁၁၁ နိုင်ငံ ရှိလာပြီဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ရွေးကောက်ပွဲစနစ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ သဘောတူညီခဲ့ပြီးဖြစ်သည့် PR စနစ်ဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်များတွင် လိုက်လျောညီထွေ ကျင့်သုံးဆောင်ရွက် နိုင်မည့် ရွေးကောက်ပွဲဒီဇိုင်းကို အကျေအလည်ညှိနှိုင်းပြီး ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ ၆၂ ပါတီ၊ ဆွေးနွေးမည့်သူ ၁၁၅ ဦးကို အစုအဖွဲ့ ခြောက်ဖွဲ့အနေဖြင့် ပြည်သူ့လွှတ်တော် နှစ်ဖွဲ့၊ အမျိုးသားလွှတ်တော် နှစ်ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် နှစ်ဖွဲ့စီဖြင့် ပါတီအကြီးအငယ်အလိုက် မျှတရန် စုဖွဲ့ထားကြောင်း၊ အစုအဖွဲ့အလိုက်ဆွေးနွေးကြရာတွင် အဆင်ပြေစေရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် အထောက်အကူပြုရုံးဝန်ထမ်းများက ဝိုင်းဝန်းကူညီပေးသွားကြမည် ဖြစ် ကြောင်း၊ အဖွဲ့လိုက်ဆွေးနွေးရာတွင်လည်း မိမိပါတီသဘောထားကို တရားသေဆုပ်ကိုင်ထားခြင်းထက် အကြံဉာဏ်ကောင်းများ ဖလှယ်ခြင်း၊ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ခြင်းတို့ဖြင့် ကောင်းမွန်သော ရွေးကောက်ပွဲစနစ်များ ရရှိလာနိုင်မည်ဟု ယုံကြည်ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့သည်မှာ ဆယ်စုနှစ်တစ်စုကျော် သာရှိခဲ့သည့်အလျောက် ဒီမိုကရေစီကို အကြောင်းပြု၍ ရှုထောင့်အမျိုးမျိုးဖြင့် ဝင်ရောက်ခြယ်လှယ်လွှမ်းမိုးချုပ်ကိုင်ရန် ဆောင်ရွက်မှုများ၊ ပါတီတစ်ခုတည်းကသာ ရွေးကောက်ပွဲအနိုင်ရလိုပြီး နိုင်ငံတော်အာဏာကိုမတရားရယူနိုင်ရန် ဆောင်ရွက်ခဲ့မှုများကြောင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ပယ်ဖျက်ခဲ့ရသည်အထိ ဖြစ်ပွားခဲ့ရသည်ကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း၊ ပထဝီဝင်အနေအထားအရ ပြောင်းလဲကျင့်သုံး လာသည့် ပထဝီနိုင်ငံရေး၏အရေးပါမှုအပေါ် အင်အားကြီးနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုများကိုလည်း သတိပြုဆောင်ရွက် ကြရန် လည်း လိုအပ်ကြောင်း၊ ဒီမိုကရေစီကျင့်သုံးရာတွင် အများဆန္ဒဖြင့် ဆောင်ရွက်ကြ သော်လည်း အခြေခံအကျဆုံးဖြစ်သည့် တရား ဥပဒေကို စောင့်ထိန်းလိုက်နာကျင့်သုံးခြင်း၊ စည်းကမ်းလိုက်နာခြင်း၊ အမှန်တရားကိုလက်ခံပြီး ဖြောင့်မတ်တည်ကြည်ခြင်း စသည့် အခြေခံ အချက်များကို လိုက်နာကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပါတီနိုင်ငံရေးဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အလေးထား လိုက်နာဆောင်ရွက်ကြရန်၊ တည်ဆဲဥပဒေများကို လိုက်နာနိုင်ရန် နှင့် မိမိတိုင်းပြည်၊ လူမျိုး၊ ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးစံများနှင့် ဆီလျော်သည့် ရွေးကောက်ပွဲစနစ်မျိုးဖော်ဆောင်နိုင်ရေး အလေးထားဆွေးနွေးပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြီးနောက် ဒုတိယပိုင်းအစီအစဉ်အဖြစ် နိုင်ငံရေးပါတီအစုအဖွဲ့ ခြောက်ဖွဲ့တို့က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်
နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တို့အတွက် PR စနစ်အရ ဆောင်ရွက်သင့်သည့် ရွေးကောက်ပွဲဒီဇိုင်းများကို ဆက်လက် ဆွေးနွေးကြပြီး ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၅ရက်နှင့် ၂၆ ရက်အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)