ရန်ကုန်မြို့ ရွှေပိတောက်ငါးဈေးကြီးမှ နိုင်ငံတစ်ဝန်းသို့ နေ့စဉ် ရေထွက်ကုန်ပိဿာချိန် ငါးသိန်းခန့် ရောင်းဝယ်ဖောက်ကားလျက်ရှိ

ရန်ကုန်မြို့ ရွှေပိတောက်ငါးဈေးကြီးမှ နိုင်ငံတစ်ဝန်းသို့ နေ့စဉ် ရေထွက်ကုန်ပိဿာချိန် ငါးသိန်းခန့် ရောင်းဝယ်ဖောက်ကားလျက်ရှိ

ရန်ကုန်  ဒီဇင်ဘာ  ၂၄

ရန်ကုန်မြို့ရှိ ရွှေပိတောက်ငါးဈေးကြီးမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် နိုင်ငံတစ်ဝန်းသို့ နေ့စဉ် ရေထွက်ကုန် ပိဿာချိန် ငါးသိန်းခန့် ရောင်းဝယ် ဖောက်ကားလျက်ရှိကြောင်း သိရသည်။ ရွှေပိတောက်ငါးဈေးကြီးကို   ၂၀၁၄ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး စတင်ဖွင့်လှစ်စဉ်က ဆိုင်ခန်းအနည်းငယ်သာ အရောင်းအဝယ်ရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၆ ရက်တွင် ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးကြီး ၌ရောင်းချသော ပျံကျဈေးသည်များ ရွှေ ပိတောက်ငါးဈေးကြီးအတွင်းသို့ လာရောက် ရောင်းချချိန်မှစ၍    အရောင်းအဝယ်ပိုမို စည်ကားခဲ့သည်။

“အခုဆိုရင် ရွှေပိတောက်ငါးဈေးကြီး မှာ တစ်ရက်ကို ရေထွက်ကုန်ပိဿာချိန် ငါးသိန်းလောက် အရောင်းအဝယ်ရှိလာတဲ့အတွက် ငါးမွေးမြူသူတွေ၊ ကုန်သည်တွေနဲ့ လက်လီလက်ကားရောင်းချတဲ့သူတွေ အဆင်ပြေလာကြတယ်။ ပြည်ပပို့ကုန်လည်းရှိတယ်။  ရန်ကုန်မြို့မှာ အကြီးဆုံး ရေထွက်ကုန်ဈေးကြီးဖြစ်လာတဲ့အတွက် အဆင့်မြင့်ဈေးကြီးတစ်ခုအဖြစ် ပြောင်းလဲမယ်ဆိုရင် ရေထွက် ကုန် ဖြန့်ချိရာ အဆင့်မြင့်ငါးဈေးကြီးတစ်ခုအဖြစ် တွေ့မြင်ရမှာပါ”ဟု  ရွှေပိတောက်ငါးဈေး ဈေးသာယာရေးဥက္ကဋ္ဌ    ဦးကျင်စော ကပြောသည်။

ရွှေပိတောက်ငါးဈေးသည်  ၈  ဒသမ ၁၂၂ ဧကကျယ်ဝန်းပြီး ဈေးရုံပေါင်း ရှစ်ရုံတွင် ဆိုင်ခန်းပေါင်း ၄၄၄ ခန်းနှင့် ပျံကျ ဆိုင်ခန်းငယ် ပေါင်း ၁၂၀ ဖြင့် ရေထွက်ကုန် များ လက်လီလက်ကား ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရသည်။

လင်းခန့်