ပြင်ဦးလွင်မြို့ ၂၀၂၁ ခုနှစ် ခရစ္စမတ်အထိမ်းအမှတ် မိတ်ဆုံညစာစားပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ပြင်ဦးလွင်မြို့ သစ်တောသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြင်ဦးလွင်တပ်နယ်မှ တပ်နယ်မှူးနှင့်အရာရှိကြီးများ၊ သိက္ခာတော်ရဘုန်းတော်ကြီးများ၊ ဆရာတော်များ၊ သီလရှင်များ၊ ခရစ်ယာန်ဘာသာဝင် ဧည့်သည်တော်များ တက်ရောက်ကြသည်။
မိတ်ဆုံစားပွဲတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး အားလုံးတို့သည် မိမိတို့ယုံကြည်ကိုးကွယ်ဆည်းကပ်ရာ ဘာသာတရား၏ အထိမ်းအမှတ် အခါကြီးနေ့ကြီးများ၊ ပွဲလမ်းသဘင်များ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ မတူညီကြသော်လည်း အချင်းချင်း တစ်ဦးပေါ်တစ်ဦး မေတ္တာတရားထားရှိကာ ယုံကြည်မှု၊ စည်းလုံးညီညွတ်ခြင်းများဖြင့် အတူတကွ ယှဉ်တွဲနေထိုင်လျက် ရှိကြောင်း၊ ခရစ်တော်မှ ကောင်းချီးမင်္ဂလာအဖြာဖြာကျရောက်ပြီး ကိုယ်စိတ်နှစ်ပါး အေးချမ်းကြပါစေကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်၍ သိက္ခာတော်ရဘုန်းတော်ကြီး D; Father L.Mar နှင့် သိက္ခာတော်ရဘုန်းတော်ကြီး လပ်ခူဆပ်တို့က ခရစ္စမတ်ပွဲတော်ကျင်းပရခြင်း အကြောင်းရင်းနှင့် မြန်မာနိုင်ငံကြီး တည်ငြိမ်အေးချမ်းပြီး ပြည်သူပြည်သား များအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း ခရစ္စမတ်ဆုတောင်းကောင်းချီးပေးပြီး ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် ဓမ္မတေးသီချင်းများ သီဆိုကျူးအေးပြီး ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က တက်ရောက်လာသူများကို ခရစ္စမတ်အမှတ်တရ လက်ဆောင်များ ပေးအပ်ကြကာ ခရစ္စမတ်ကိတ်မုန့်ခွဲ၍ ညစာဖြင့် တည်ခင်းဧည့်ခံသည်။
ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ ခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်မြှင့်တင်ရေး လှုပ်ရှားမှုတစ်ခုအဖြစ် ပြင်ဦးလွင်ကျေးလက် ဒေသစက်ဘီးစီးခရီးစဉ် ပွဲတော်သို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်မင်းလတ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပါဝင်တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက စက်ဘီးစီးခရီးစဉ်ကို သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးသည်။ စက်ဘီးစီးခရီးစဉ် လမ်းကြောင်းမှာ ခရိုင်ပြည်သူ့အားကစားကွင်းမှ ပွဲကောက်ရေတံခွန်၊ ပွဲကောက်ရွာ၊ ဒီဇင်ဘာခြံအထိ ၉ မိုင်ခန့် ရှည်လျားပြီး ပြည်တွင်းပြည်ပမှ စက်ဘီးစီးခရီးသွား ၁၅၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့အဖွဲ့သည် ပြင်ဦးလွင်ဘူတာသို့ သွားရောက်ကာ ပြင်ဦးလွင်မှ ဂုတ်ထိပ်တံတားသို့ ပြေးဆွဲခုတ်မောင်းမည့် မီးရထားခရီးစဉ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်ပက်ဖျန်းကာ ခရီးစဉ်တွင် လိုက်ပါစီးနင်းသူများကို အမှတ်တရ လက်ဆောင်များ ပေးအပ်၍ ရင်းရင်းနှီးနှီး နှုတ်ဆက်စကားများ ပြောကြားသည်။
အဆိုပါရထားခရီးစဉ်အား ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ပုံမှန်လိုက်ပါစီးနင်းနိုင်သည့် ဝင်ဆံ့ဦးရေ၏ ထက်ဝက်ခန့်လျှော့ချထားပြီး ခရီးသွားပြည်သူ ၁၄၀ ခန့် လိုက်ပါစီးနင်းကြကြောင်းသိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်ဘီးစီးခရီးစဉ်၏တစ်ထောက် နားရပ်ဖြစ်သည့် ပွဲကောက်ရေတံခွန်သို့ သွားရောက်ကာ စက်ဘီးစီးခရီးစဉ်တွင်ပါဝင်ကြသူများကို တွေ့ဆုံအားပေးစကားပြောကြား
သည်။ ထို့နောက် ဒီဇင်ဘာခြံသို့သွားရောက်၍ ဝင်ရောက်လာသောစက်ဘီးစီးသမားများကို ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်တရ လည်ဆွဲတံဆိပ်များ ချီးမြှင့်ကြိုဆိုကြပြီး ပြင်ဦးလွင်ကျေးလက်ဒေသစက်ဘီးစီးခရီးစဉ် ဖြစ်မြောက်ရေးတွင် ပူးပေါင်း ပါဝင်သူများကို ဂုဏ်ပြုလက်မှတ်များချီးမြှင့်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့အဖွဲ့သည် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၈)၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင်များ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုကြပြီး မှတ်ပုံတင်လာရောက် လုပ်ဆောင်သော ဒေသခံပြည်သူများကို မှတ်ပုံတင်ကတ်ပြားများ ပေးအပ်ကြသည်။