ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ လုပ်ငန်းအပ်နှံသည့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းတွင် လိုအပ်လျက်ရှိသော တံတားတစ်စင်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၁)မှ တာဝန်ယူတည်ဆောက်သော အလယ်ပေါင်းလောင်း တံတားတည်ဆောက်ရေး လုပ်ငန်းအခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန အလယ်ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်းသို့ရောက်ရှိပြီး View Point မှ အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းရေလွှဲစနစ်၊ ပင်မတမံနှင့် ဆက်နွှယ်ရေအား လျှပ်စစ်အဆောက်အအုံများ တည်ဆောက်နေမှုတို့ကို ကြည့်ရှုလေ့လာသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စီမံကိန်းရှင်းလင်းဆောင်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန အလယ်ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်းအမှတ်(၁) တည်ဆောက်ရေးတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဇော်မင်းစံက အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းတည်နေရာ၊ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းလုပ်ငန်းများ၊ နှစ်အလိုက်
အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုတို့ကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက် က ဖြည့်စွက်ရှင်းလင်းတင်ပြမှုတို့အပေါ် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ မေးမြန်းပြီး လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ တံတားဦးစီးဌာနတည်ဆောက်ရေးအဖွဲ့(၁)မှ ညွှန်ကြားရေးမှူးဦးကျော်ဇင်ထွေးက အလယ်ပေါင်းလောင်း တံတားတည်နေရာ၊ တံတားဆိုင်ရာအချက်အလက်များ၊ ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှု၊ လုပ်ငန်းပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြရာ အင်ဂျင်နီယာချုပ်ဦးကျော်စွာထွန်းက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများသတ်မှတ်အချိန်မီပြီးစီးရေး၊ အရည်အသွေး ပြည့်မီရေးနှင့် လုပ်ငန်းအခက်အခဲများရှိပါက ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တံတားတည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး တံတားကမ်းကပ်ခုံ A2 အုတ်မြစ်ပိုင်လုပ်ငန်း ဆောင်ရွက်နေမှု၊ ရေလယ်တိုင်(P3) လုပ်ငန်း ဆောင်ရွက်နေမှုနှင့် P1 နှင့် p2 လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ဝန်ထမ်းများ၊ ရေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်နေသော ဝန်ထမ်းများနှင့် လုံခြုံရေးဆောင်ရွက်နေသော ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ရန်အတွက် အသုံးပြုမည့် MASK များ၊ သစ်သီးခြင်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
အလယ်ပေါင်းလောင်း တံတားသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေး ဦးစီးဌာနမှ လုပ်ငန်းအပ်နှံပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၁)မှ တာဝန်ယူတည်ဆောက်ပြီး တံတားအရှည် ပေ ၄၀၀၊ ယာဉ်သွားလမ်းအကျယ် ၂၇ ပေ ၆ လက်မရှိပြီး တံတားအမျိုးအစားမှာ 1.8 m Ø နှင့် 2.2 m Ø Caisson Foundation ကိုယ်ထည်မှာ R.C Concrete၊ အပေါ်ထည် R.C Girder နှင့် HS -25 တို့ဖြင့် တည်ဆောက်ထားပြီး တံတား၏ခံနိုင်ဝန်မှာ ံှ -၂၅ ဖြစ်သည်။ ယခုအခါ တံတားတစ်စင်းလုံး ၆၅ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးမည့် လျှပ်စစ်လမ်းခွဲ-လှေခွင်းတောင်-ခေါမလမ်းဆုံအထိ ၄ မိုင် ၄ ဖာလုံ လမ်းပိုင်းအခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။