ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

မိမိအဆောင်တော်မှာလည်း  သားတော်ကလေးထန်းတပင်မင်းသားတစ်ပါးက ထွန်းကားလျက်ရှိရာတွင် အခြားကိုယ်လုပ်တော်တို့ အဆောင်များ၌ ပျော်ပျော်ပါးပါး စံစားနေတော်မူတတ်လျှင် ယင်းနှင့်အလားတူ အိမ်ရှေ့ဆောင်မတော်ကြီးမှာလည်း  တစ်ခါတစ်ရံသားတော်ထန်းတပင် မင်းသားကလေးနှင့် မိမိတို့သား မယ်တော်နှစ်ပါးအား မိသားစုအဖြစ် ပျော်ရွှင်ကြည်လင်စွာ စံနေတော်မူသင့်ပါလျက် နေနိုင်တော်မူရက် လှသည်ဟု မကျေမချမ်း ဖြစ်တော်မူမိလေသည်။

သည်တစ်ခါ ရက်သတ္တပတ်နီးပါး နေနိုင်တော်မူအားခြင်းကြောင့်လည်း မောင်တော့်အပေါ်၌   အတော်ကလေးစိတ်ခုတော် မူမိသည်။

သို့သော် ကိုယ်လုပ်တော်မောင်းမမိဿံခြွေရံများနှင့်  စံစားတော်မူလေ့ရှိခဲ့သော မောင်တော့်အပေါ်တွင် မြော်မြင်သည်းခံ၍လာခဲ့ရသော နှစ်ပရိစ္ဆေဒအချိန်ကာလကလည်း မနည်းတော့ပြီဖြစ်သောကြောင့် ဖြစ်သမျှသာဟူ၍ စိတ်တော်ကိုဖြေသိမ့်လျက် မကျေနပ်ချက်များကို သီချင်းဂီတကဗျာတို့ဖြင့်သာ ရေးသား၍ ရင်ဖွင့်တော်မူခဲ့ရရှာလေတော့သည်။

သည်အတောအတွင်းမှာ  ရေးတော်မူလက်စ ဝိဇယကာရီနန်းတွင်းဝတ္ထုတော်ကြီးမှာလည်း ဝိဇယကာရီ မင်းသားက မွေးစားသား ဣန္ဒရှိန်းနှင့် မိမိသမီးတော်   ရတနာနတ်မယ်တို့သူငယ်ချင်း မေတ္တာရည်ငံရှိသည်ကို ၎င်းင်း၏လက်ထပ်ဇနီး ကြင်ယာတော်ကြီးဖြစ်သူ သူ့မယ်တော်မသိအောင် တစ်ဖက်လှည့်နှင့် အကျိုးဆောင်ပေးနေသော အခန်းသို့ ရောက်နေသောကြောင့်ရေး၍ အလွန်လက်တွေ့ပြီး  စိတ်ထဲကပါ ညွတ်ပျောင်းယိမ်းနွဲ့နေရှာခိုက် ဖြစ်လေသည်။

ဝိဇယကာရီမင်းသားကြီး၏ လှုပ်ရှားမှုနှင့် ဝတ္ထုထဲ၌  ပြုမူပြောဆိုပုံ၊ စိတ်နေစိတ်ထားပုံများကို  သူ၏ မောင်တော် အိမ်ရှေ့ကိုယ်တော်ကြီး၏ ကိုယ်ပွားတော်ဟူ၍    ပုံသွင်းထားခြင်းမျိုးဖြင့် ရေးသားလာခဲ့သော ဝတ္ထုကြီးဖြစ်၍လည်း စိတ်ထဲမှာခံစားချက်များကို စုပုံဖွင့်ပြရေးသားခဲ့ခြင်း ဖြစ်သည်။ ဝိဇယကာရီ မင်းသားကြီးသည် မိဖုရားကြီးသီရိရတနာကို မြတ်နိုးခြင်း၊ ချစ်ခင်ခြင်း၊ ခံ့ညားလေးစားခြင်းများရှိခဲ့သလို အိမ်ရှေ့ကိုယ်တော်ကြီးကလည်း  မိမိအားမြတ်နိုးခြင်း၊  ချစ်ခင်ကြင်နာခြင်း၊ လေးစားခြင်းတို့နှင့် ပြည့်စုံသည်ဟု ယုံကြည်သည်။ ဝိဇယကာရီမင်းသားကြီးသည် တစ်ရာ့တစ်ပါးသော ထီးဆောင်း ဘုရင်မင်းတို့၏ သမီးတော်များနှင့် ချစ်မှုပွေရှုပ်နေသည်ကို ကြင်ယာတော်ကြီး သီရိရတနာမင်းသမီးက ခွင့်လွှတ်အလိုလိုက်သကဲ့သို့ မိမိကလည်း မောင်တော်အိမ်ရှေ့ကိုယ်တော်ကြီး ကိုယ်လုပ်တော် အမြောက်အမြားနှင့် အချစ်ဇယားရှုပ်ခဲ့သမျှကို အပြစ်တော်မယူ၊ ငြူစူခြင်းမရှိ၊ ခွင့်လွှတ်အလိုလိုက် လျက်ရှိခဲ့သည် တို့ကိုလည်း ထင်ရှားပေါ်လွင်စေပါသည်။ သို့သော် စိတ်မဆိုးဘူးဆိုသော်လည်း ကျွဲမြီးတိုသေးသည် ဆိုသောစကားပုံကဲ့သို့ ထေ့ခြင်း၊  ငေါ့ခြင်းနှင့်မချိပြုံးကလေးတော့ ပြုံးချင်လာသည်။

သည်တစ်ခါ အဆောင်တော်ပြန်လာလျှင် အခါတိုင်းကဲ့သို့ ခရီးဦးကြိုနှင့် အလိုတော်မလိုက်တော့ဘဲ  မျက်နှာဣန္ဒြေတော် တစ်ခွဲသားနှင့် နေပြလိုက်ဦးမည်ဟု စိတ်ကူးအားခဲထားမိသည်။ ယခင်ကတစ်ကြိမ် တစ်ခါမျှ အိမ်ရှေ့ကိုယ်တော်ကြီး အပေါ်၌ စိတ်ကောက်တော် မမူခဲ့ဖူးစေကာမူ သည်တစ်ခါ ကောက်ပြလိုက်ဦးမည်ဟု ကြံတော်မူထားမိသည်။ မကြာပါချေ။

ခြောက်ရက်မြောက်သောနေ့မနက်တွင်  အိမ်ရှေ့ကိုယ်တော်ကြီးသည် လှိုင်ထိပ်ခေါင်တင်ရှိရာ အဆောင်တော်ကြီးသို့ ပြန်လည်ကြွရောက်တော်မူလာသည်။ လျောင်းတော်ဦးမှထွက်၍မကြိုပါ။ တကယ်ပင် မကြိုဆိုပါ။

ဘာသိဘာသာလို မသိလိုက်မသိဘာသာ အဆောင်တော်ထဲက မထွက်ဘဲ ပုရပိုက်တစ်ဆူကို ဖွင့်ဖတ်လျက် ရှိနေလေသည်။   အိမ်ရှေ့ကိုယ်တော်ကြီးအား လက်ပါးစေများက လက်ယှက်ကြိုဆိုခစားကြသည်။ ဝတ်လဲတော်များ ဆက်ကြရသည်။ ချိုးတော်ရေအတွက် အမွှေးနံ့သာစွက်သော ချိုးရေတော်များ စီမံကြသည်။ ချေးတွန်းရန်အမွှေးက သယ်မှုန့် ရွှေဖလားများ အရန်သင့်တင်ထားကြရသည်။ ချိုးတော် ရေသုံးပြီးလျှင် ပွဲတော်စာသွင်းရန်စီမံသော လက်ပါးစေများနှင့် ကိုယ်လုပ်တော်ငယ်များက ဝိုင်းအုံ နေကြလေသည်။

လှိုင်ထိပ်ထားကား အဆောင်တော်ထဲမှ ထွက်ကြလာခြင်းမရှိသေးပေ။

အိမ်ရှေ့ကိုယ်တော်ကြီးကား ဘာမျှအမှုမထားသောဣန္ဒြေဖြင့် ချိုးတော်ရေသုံးလျက်ရှိသည်။ ပြီးလျှင် လွှတ်တော်တက်ရန် ဝတ်လဲတော်အသစ်များလဲလှယ်ရန်    လက်စွဲတော်သီလဝင်ကျောက်စီရွှေဓားကိုစွဲကိုင်လျက်ပွဲတော်တည်ရန် ပွဲတော်ဆောင်သို့ထွက်ကြလာခဲ့လေသည်။

ဤအချိန်တွင်တော့ လှိုင်ထိပ်ခေါင်တင်သည်အဆောင်တော်ထဲနေ၍ မဖြစ်တော့ချေ။ ပွဲတော်ဆောင်မှာ မိမိမရှိပါလျှင် မိဖုရားဝတ္တရား(မယားဝတ္တရား)ပျက်ကွက်ရာကျနေချေမည်။ ထို့ကြောင့် ပွဲတော်ဆောင် ဘက်သို့ ကူးတော်မူလာသည်။

မျက်နှာတော်ကတော့မကြည်မလင်၊ ဘာစကားမျှလည်းမဆို၊ ခပ်မဆိတ် ပွဲတော်အုပ်အနီးမှာ လာ၍ထိုင်သည်။ အိမ်ရှေ့ကိုယ်တော်ကြီးကား ပွဲတော်အုပ်အတွင်းရှိ ရွှေသားဇလုံမှပွဲတော်ထမင်းကို စတင်နှိုက်ယူရင်း လှိုင်ထိပ်ခေါင်တင်၏ မျက်နှာကို အမှတ်တမဲ့ရှုစားတော်မူလိုက်သည်။

လှိုင်ထိပ်ခေါင်တင်က  မျက်နှာခပ်ထားထားနှင့် မျက်လုံးချင်းမဆိုင်မိအောင်ငုံ့၍ ခစားနေသည်။

အိမ်ရှေ့ကိုယ်တော်ကြီးသည်  ကြင်ယာတော်လှိုင်ထိပ်ခေါင်တင်၏ မျက်နှာထားတင်းမာမှုကို တွေ့မြင်တော် မူသောကြောင့် ပကတိဣန္ဒြေမျက်နှာထား မှတစ်ဆင့် တိုး၍တင်းမာသွားသည်။ စကားမဆို၊ အိမ်ရှေ့မင်း စကားမဆိုလေ၍ ကြင်ယာတော်လှိုင်ထိပ်ထားကလည်း စကားမစ၊ လောကွတ်ပျူငှာမပြ တည်တည်တံ့တံ့နှင့်ပင် ပွဲတော်ဟင်းခွက်မှ ငါးကြင်းကြော်ကို အရိုးထွင်၍ ရွှေဇလုံထဲသို့ထည့်ပေးသည်။ ဒါကို အိမ်ရှေ့ကိုယ်တော်ကလက်မခံ၊ ဟင်းခွက်ထဲပြန်ထည့်လိုက်သည်။ သူ့နှမတော်စိတ်ကောက်နေပြီဟု သိတော်မူလိုက်သည်။ ထို့ကြောင့် တုံ့ပြန်လိုက်ခြင်းဖြစ်၏။

လှိုင်ထိပ်ခေါင်တင်ကလည်း   မိမိကစေတနာနှင့် အရိုးသင်ထည့်ပေးလိုက်သော ငါးကြင်းသားကြော်ကို လက်ခံတော်မမူဘဲ သူ့မူလဟင်းခွက် (ကျောက်စိမ်းပန်းကန်)ထဲသို့ ပြန်လည်ထည့်လိုက်သောအခါ အိမ်ရှေ့ကိုယ်တော်ကြီးအား မျက်လုံးနှင့်မော်ကြည့်လိုက်သည်။ မိမိ၏စေတနာကို တန်ဖိုးမထားပါကလားဟု စိတ်တိုသွားပြန်သည်။ ပြီးလျှင် ပွဲတော်အုပ်နားတွင် ဆက်လက်မနေချင်၍ အဆောင်တော်ထဲသို့ ပြန်ဝင်သွားသည်။  မျက်နှာမှာတော့ မသာမယာနှင့်ပင်တည်း။

အိမ်ရှေ့ကိုယ်တော်ကြီးက လှိုပ်ထိပ်ထား ရုတ်တရက်ထသွားသည်ကို တစ်ချက်လှည့်ကြည့်တော်မူသည်။ နဂိုအခံကလည်း စိတ်တော်မကြည်ရှိနေရာတွင် ယခုလိုပြုမူသည်ကိုမြင်ရသဖြင့် (တယ်ငါဓားနှင့် ထပိုင်းလိုက်ရ) ဟူ၍ တောက်တစ်ချက်ခတ်ကာ  နှုတ်တော်မှရေရွတ်လိုက်သည်။

ထိုစကားကိုလှိုင်ထိပ်ခေါင်တင်ကြားတော်မူသွားသည်။  ဤတွင် လှိုင်ထိပ်ခေါင်တင်မှာ ဆတ်ဆတ်ခါမျှ နာကြည်းတော်မူမိရှာသည်။အဆောင်တော်ထဲ၌ မျက်ရည်စိုရွှဲငိုမစဲဖြစ်ရတော့သည်။  ထစ်ခနဲဆိုလျှင်  ဂီတနှင့်ရင်ဖွင့်လိုသောကြောင့် နာဂဆဒ္ဒန်ချီဘောလယ်ကို  စတင်စီကုံးကြည့်သည်။

ဒဂုန်ခင်ခင်လေး