ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များနှင့် တောင်သူများပူးပေါင်းပြီး လယ်ယာခြံ စိုက်ခင်းများအတွင်း လယ်ယာသီးနှံစွန့်ပစ်ပစ္စည်းများဖြင့် EM Bokashi သဘာဝမြေသြဇာပြုလုပ်သုံးစွဲခြင်း ပညာပေးလက်တွေ့ပြုလုပ်နည်းသရုပ်ပြပွဲကို ဒီဇင်ဘာ ၂၅ ရက်တွင် မြို့မအုပ်စု မောက်မယ်-မိုးနဲကားလမ်းမဘေးရှိ ကွင်းအမှတ်(၂၀) ဦးပိုင်အမှတ်(၂) ဦးစိုင်းလုံ၏လယ်၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမျိုးတင့်ဇော်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးမင်းသန့်က လယ်ယာသီးနှံစွန့်ပစ်ပစ္စည်းများဖြင့် EM Bokashi သဘာဝမြေသြဇာပြုလုပ်သုံးစွဲခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားက တက်ရောက်လာကြသည့် တောင်သူများအား EM ဖျော်ရည်များကို စိုက်ပျိုးရေးဝန်ထမ်းများက တစ်လီတာဘူးတစ်ဘူးစီ ပေးအပ်ပြီး စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။
EM Bokashi သဘာဝမြေသြဇာပြုလုပ်သုံးစွဲရခြင်းနှင့်စပ်လျဉ်း၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသက်နိုင်က ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများက လယ်ယာသီးနှံ စွန့်ပစ်ပစ္စည်းများဖြင့် EM Bokashi သဘာဝမြေသြဇာ ပြုလုပ်ပုံအဆင့်ဆင့်ကို အသေးစိတ် လက်တွေ့ပြုလုပ်နည်း သရုပ်ပြ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)