ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၌ တစ်နိုင်တစ်ပိုင် ရက်ကန်းလုပ်ငန်းများထူထောင် နိုင်သည်အထိ ဆောင်ရွက်ပေးမည့် ခြောက်လနှင့်တစ်နှစ်သင်တန်းများကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (စစ်တွေ) ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်နှင်းဖြိုး၏ ပြောပြချက်အရ သိရသည်။
တစ်နှစ်သင်တန်းမှာ လက်ရက်ကန်းရော စက်ရက်ကန်းပါပါမယ်။ လက်ရက် ကန်းနဲ့ဆက်နွှယ်တဲ့ နည်းပညာတွေ၊ ရိုးရာ ဂျပ်ခုတ်တာတွေ၊ ဆေးဆိုးနည်း၊ အခြေခံ အပ်ချုပ်စက်ပညာ စတာတွေသင်ကြားပေး မှာပါ။ သင်တန်းပြီးဆုံးချိန်မှာ နိုင်ငံတော်ပိုင်စက်ရုံတွေမှာ လက်တွေ့သင်တန်း တစ်လဆင်းရပါမယ်။ ခြောက်လသင်တန်းကတော့ လက်ရက်ကန်းတစ်ခုပဲ သင်ပေးပါတယ်။ နောက်ပြီး အခြေခံအပ်ချုပ်စက် သင်တန်းနဲ့ လက်ရက်ကန်းနဲ့ဆက်နွှယ်တဲ့ နည်းပညာတွေ သင်ကြားပေးပါမယ် ဟု ဒေါ်သက်နှင်းဖြိုးက ပြောသည်။
အဆိုပါ သင်တန်းများ သင်ယူပြီးမြောက်ပါက တစ်နိုင်တစ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန် ကူညီဆောင်ရွက် ပေးမည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများပါ ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။
တစ်နှစ်သင်တန်းအတွက် သင်တန်းသူ ၂၀ ဦး လက်ခံသင်ကြားပေးမည်ဖြစ်ကာ အခြေခံပညာ အလယ်တန်း အောင်မြင်ပြီးသူများ တက်ရောက်နိုင်ကြောင်း၊ လက်ရက် ကန်းခြောက်လသင်တန်းအတွက် သင်တန်း သူ ၁၀ ဦး လက်ခံသင်ကြားပေးမည်ဖြစ်ပြီး အခြေခံပညာမူလတန်းအောင်မြင်ပြီးသူများ တက်ရောက် နိုင်ကြောင်း သိရသည်။
ထို့ပြင် သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း ပညာသင်ထောက်ပံ့ကြေးအဖြစ် လစဉ်တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ရရှိမည် ဖြစ်ကြောင်း သိရသည်။
နဒီ