ပဲခူး၊ စည်ကားများပြား
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ကမ္ဘောဇသာဒီရွှေနန်းတော်သို့ ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့)တွင် လာရောက်လေ့လာ အပန်းဖြေ ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကမ္ဘောဇသာဒီရွှေနန်းတော် ဘမရာသဏပလ္လင်ဆောင်အနီးတွင် လာရောက်လေ့လာအပန်းဖြေကြသည့်ပြည်သူများ အမှတ်တရ ဓာတ်ပုံရိုက်နိုင်ရန် ခရစ္စမတ်အထိမ်းအမှတ် ကျောက်တိုင်ပုံစံပြုလုပ်ပေးထားရာ လာရောက်ကြသူပြည်သူများ စိတ်အေးချမ်းပျော် ရွှင်စွာ အမှတ်တရဓာတ်ပုံများ ရိုက်လျက်ရှိသည်ကိုလည်း တွေ့မြင်ရသည်။
“နန်းတော်စဖွင့်တဲ့အချိန်ကတည်းက ဝင်ရောက်လေ့လာ အပန်းဖြေအနားယူနေတာ၊ နန်းတော်ပိတ်မှ အေးအေးဆေးဆေး ပြန်ကြမယ်။ ကလေးတွေလည်း ပြေးလိုက်လွှားလိုက် စားလိုက် ဓာတ်ပုံရိုက်လိုက်နဲ့ ပျော်နေကြတယ်။ ဝိုင်ဖိုင်လည်း အခမဲ့သုံး လို့ရတယ်။ လာရောက်လည်ပတ်ကြတဲ့ ပြည်သူတွေ စိုးရိမ်မှုမရှိ အေးချမ်းနေကြတာ ဝမ်းသာစရာပါပဲ” ဟု ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှ မိသားစုလိုက်လာရောက် လေ့လာအပန်းဖြေသူ ဦးလှမြင့်က ပြောသည်။
ကမ္ဘောဇသာဒီရွှေနန်းတော်၌ ဘမရာသဏပလ္လင်ဆောင်၊ ရွှေနန်းတော်ဆောင်၊ ပြတိုက်၊ ဘုရင့်နောင်မင်းတရားကြီး၏ မိဖုရားခေါင် ခင်ခင်ကြီး၏ နန်းဆောင်၊ ကလျာဏီမင်းသမီးနန်းဆောင်တို့အား လေ့လာခြင်း၊ နန်းတော်အတွင်း ဈေးဆိုင်တန်းမှ အစား အသောက်များ ဝယ်ယူစားသောက်နားနေခြင်း၊ အမှတ်တရဓာတ်ပုံရိုက်ခြင်းတို့ဖြင့် အေးချမ်းစွာအနားယူ အပန်းဖြေနိုင်ကြောင်း သိရသည်။
မောင်ယဉ်ဦး