ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ နှစ်သစ်ကူးအကြိုကာလအတွင်း တစ်ရက်လျှင် လာရောက်လည်ပတ်သူ ၂၅၀၀ ကျော်ရှိ

ရန်ကုန် ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ နှစ်သစ်ကူးအကြိုကာလအတွင်း တစ်ရက်လျှင်    လာရောက်လည်ပတ်သူ ၂၅၀၀ ကျော်ရှိကြောင်း ပြည်ထောင်စုတိုင်းရင်းသားကျေးရွာမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို နှစ်သစ်ကူးအကြိုကာလအတွင်းမှာ တစ်ရက်ကို လူဦးရေ ၂၅၀၀ ကျော် လာရောက်မှု ရှိပါတယ်။ ပုံမှန်ရက်တွေမှာ တနင်္လာနေ့ကနေ   သောကြာနေ့အထိ   တစ်ရက်ကို လူဦးရေ ၃၀၀ ဝန်းကျင်လာတယ်။ စနေနေ့ဆိုရင် လူဦးရေ ၆၀၀ လောက်ရှိပြီး တနင်္ဂနွေနေ့ဆိုရင် ၁၂၀၀ လောက်လာရောက်မှုရှိပါတယ်။ တနင်္ဂနွေနေ့ဆိုရင် ဖျော်ဖြေရေး အစီအစဉ်အနေနဲ့ တိုင်းရင်းသားရိုးရာ အဆိုအကတွေရှိပါတယ်” ဟု ၎င်းကပြောသည်။

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်းရှိ တိုင်းရင်းသားရိုးရာအိမ်များ၌ တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းများလည်း   ရောင်းချကြောင်း၊  လက်ရှိတွင် တိုင်းရင်းသားကျေးရွာ အဆင့်မြှင့်တင်မှုအနေဖြင့် ပြည်ထောင်စုခန်းမ၊ နန်းမြင့်မျှော်စင်နှင့် ရှမ်းရိုးရာ အိမ်ဝင်းအတွင်းရှိ အင်းလေးကန်တို့၌  Public Wifi Free သုံးနိုင်ရန် တပ်ဆင်ပြီးဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ကိုဗစ်-၁၉ ရောဂါကာလအတွင်း ယာယီပိတ်ထားခဲ့ရာမှ ၂၀၂၁ ခုနှစ် မေ ၂ ရက်က ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ ဝင်ကြေးအနေဖြင့် ပြည်တွင်းခရီးသွား လူကြီးတစ်ဦးလျှင် ငွေကျပ် ၅၀၀ သတ်မှတ်ထားကြောင်း၊ ကလေး၊ ရဟန်းသံဃာနှင့် သီလရှင်များကို အခမဲ့ဝင်ရောက်ခွင့်ပြုထားပြီး   နိုင်ငံခြားခရီးသွားဧည့်သည် တစ်ဦးလျှင်  ငွေကျပ်  ၃၀၀၀  သတ်မှတ်ထားကြောင်း သိရသည်။                     

စောယု