ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

အမှတ်စဉ်(၈၈)

သို့သော် စိတ်ဝိတက်များနေခိုက်ဖြစ်၍ အစ၌တန့်နေသည်။

တကယ်ဆိုလျှင် သူကသာချော့ရမည့်အစား စိတ်ကောက်နေသည်ကို ပို၍နာကြည်းအောင်ပြုရက်လေခြင်းဟု ဝမ်းနည်းခြင်းနှင့် စိတ်နာခြင်းတို့က အပြိုင်အဆိုင်လုယက်တိုးဝှေ့၍ နှလုံးသားအတွင်းမှာ နေရာယူထားလိုက်ကြပါသည်။ ဂီတက ရှေ့မတိုးနိုင်သေးပေ။ အပါး၌ရှိနေကြသူ ကိုယ်လုပ်တော်ငယ်များ၊ အပျိုတော်များမှာနေစရာရှာမရအောင်ကြောက်ရွံ့နေကြရှာသည်။

မိမိတို့အရှင်သခင် လှိုင်ထိပ်တင်နှင့် အိမ်ရှေ့ကိုယ်တော်ကြီး ဘုရားတို့မကြည်မသာရှိနေတော်မူကြသည့် စပ်ကြားတွင် မြေစာပင်များ အဖြစ်နှင့် ပြစ်တင်မောင်းမဲမှုခံကြရမည်လားဟု အသက်ရှူမှားလောက်အောင် စိုးရွံ့တုန်လှုပ်နေမိကြရှာသည်။ သို့ရာတွင် နောက်ထပ် ဘာမျှမဖြစ်တော့ဘဲ အိမ်ရှေ့ကိုယ်တော်ကြီး ပွဲတော်အပြီး၌ လွှတ်တော်သို့တက်ရန် အိမ်တော်အောက်သို့ဆင်းကြလျက် ဝေါတော် ပေါ်သို့ တက်၍ ထွက်တော်မူသွားသည်တွင်မှ သက်ပြင်းချကြရတော့သည်။

ဤတွင်သူတို့ထိပ်ခေါင်တင်သခင်မ စံနေတော်မူရာအဆောင်ဝ၌ စုရုံးရောက်ရှိလာကြပြီး မည်သည့်အမိန့်စကားနာခံရမည်။ မည်သည့် စေခိုင်းတော်မူချက်ကိုသွက်လက်စွာထမ်းဆောင်ရမည်ကို အရိပ်အကဲခတ်ကာ ခစားနေကြရှာသည်။

လှိုင်ထိပ်ခေါင်တင်သည် မျက်ရည်စများကို သိမ်းကာ တစ်စုံတစ်ရာဆုံးဖြတ်လျက် ရေးလက်စပုရပိုက်ကို ကန့်ကူတံနှင့်အတူ သလွန် ပေါ်သို့တင်လိုက်သည်။ ထို့နောက် မှန်ခုံတော်ရှေ့တွင် နံ့သာပန်းပေါင်းများနှင့် မျက်နှာတော်ကိုမွမ်းမံပြင်ဆင်သည်။ ခင်ညှာ အားခေါ်၍ ဒေါင်းဇရစ်ပန်းကုံးနှင့် စကားစိမ်းပန်း၊ ဒေါနပန်းများကို ယူလာခဲ့ရန်အမိန့်တော်ရှိသည်။ ဝတ်လဲတော်ဆက်ရန် အပျိုတော် ခင်သက်ကို ခေါ်တော်မူလိုက်သည်။ ခင်သက်သည် ယွန်းသေတ္တာတွင် ထည့်ထားသော ဆပ်သွားဖူးပန်းနံ့သပ်ထားသည့် ပိုးစစ်ပဝါ များကို နှစ်သက်တော်မူရာ အဆင်အသွေးကို ယူပေးရန် ယွန်းသေတ္တာပါရှေ့တော်သို့ သယ်မလာရသည်။ အလားတူပင် ဝတ်လဲတော် ကြိုးထဘီများ ထည့်ထားသော ယွန်းအစ်ဝိုင်းကြီးအတွင်းမှ နန်းလုံးကြိုင်ပန်းနံ့သပ်ထားသော ကြိုးထဘီအထပ်လိုက်ကို လက်တွင် ပါသမျှသယ်ယူကာ  ရှေ့တော်မှာထားရသည်။

လှိုင်ထိပ်ခေါင်တင်သည် မှုန်နံ့သာများပြုပြင်ပြီးသောအခါ လလယ်ယုန်ဆံထုံးတွင် အစိမ်းရောင်ဖြစ်သော ဒေါင်းဇရစ် (ဒေါင်းဒလိတ် ဟုလည်းခေါ်သည့်) ပန်းကုံးကို သွယ်ဝိုက်ပန်ဆင်လိုက်သည်။ စကားစိမ်းပန်းများကို ဆံထုံးရှေ့မှ ထိပ်စိုက်ပန်းအဖြစ် ပန်ဆင်ပြီးလျှင် ဒေါနခက်ကလေးများကိုမူ  ဆံထုံးဘေးမှ နံဘေးထိုးပန်းခက်အဖြစ်   ပန်ဆင်လိုက်သည်။ ထို့ကြောင့် နက်မှောင်သော လလယ်ယုန် ဆံထုံးတစ်ဝိုက်တွင်  အစိမ်းရောင်ပန်းများက   လွှမ်းမိုးလျက်ရှိသည်။

သွယ်ဝိုက်နက်မှောင်သော ဗျာပါဆံနှစ်ဖက်၏ အထက်ပိုင်းရှိ နားသွယ်တွင်လည်း စိန်ရံသော မြနားတောင်းကိုပန်ဆင်လိုက်သည်။ ပြီးလျှင် လည်တိုင်ကြော့ကြော့၌ မြလည်ကပ်နှင့် မြခယားသီးတပ်သော မြဒါလီကို ရင်ခေါင်းအထိ ဆွဲဆင်ထားလိုက်သည်။ မြလက်ကောက်နှင့် စိန်ခြယ်မြလက်စွပ်များပါ ထပ်မံဖြည့်စွက်ဝတ်ဆင်ထားပြန်ရာ တစ်ကိုယ်လုံးအစိမ်းရောင်ဖြင့် ဖုံးလွှမ်းလျက်ရှိ လေသည်။

ထို့နောက် ဝတ်လဲတော်များအဖြစ်(ဖက်ညွန့်သွေး)ခေါ် ဖက်ဖူးရောင်ဖဲပဝါကိုခြုံ၍ ကျောက်စိမ်းကြိုးခေါ် အစိမ်းရောင်ကြိုးကြီး ချိတ်ထဘီကို လဲလှယ်ဝတ်ဆင်တော်မူလိုက်သည်။ အပျိုတော်ကလေးများသည် အလွန်လှ၍ တစ်ကိုယ်လုံး အစိမ်းရောင်ဖုံးလွှမ်း ထားသော ထိပ်ခေါင်တင်မိဖုရားကို အငေးသားကြည့်၍နေမိကြသည်။

“ခင်သက်တို့၊ ခင်ညှာတို့ မယ်မင်းတို့အိမ်ရှေ့ကိုယ်တော်ကြီးက စိမ်းကားရက်စက်တော်မူလှတယ်။ ဒါကြောင့် ဒီမြောက်အိမ်တော်မှာ ခေါင်ဖုရားစံနေတော်မမူချင်ဘူး။ နန်းမတော်(မိဖုရားကြီး)အဆောင်တော်ကိုဝင်တော့မယ်။ ဝတ်လဲတော်များ၊ ရေးစနှင့် ပုရပိုက်များ ယူပြီး လိုက်ခဲ့ကြတော့” ဟူသော လှိုင်ထိပ်ခေါင်တင်၏ အမိန့်စကားကြောင့် ခင်သက်နှင့်ခင်ညှာအမှူးရှိသော အပျိုတော်များ စိတ်မကောင်းစွာနှင့် မှန်ပါဘုရားဟုသာ လိုက်လိုက်ကြရတော့သည်။ တစ်စုံတစ်ရာ လျှောက်တင်ဝံ့ကြသူများမဟုတ်ပေ။

ထိုအချိန်တွင် မင်းတုန်းမင်းတရားကြီးသည် ညီလာခံကွဲပြီးစဖြစ်၍ နန်းမတော်ဆောင်ကြီး၌ စကြာဒေဝီမိဖုရားခေါင်ကြီးနှင့်အတူ သလွန်တော်ပေါ်၌ စကားနှီးနှောပြောဟောစံနေမူခိုက်ဖြစ်ရာ အဆောင်တော်အတွင်းသို့ မျက်နှာတော်ညှိုးစွာဖြင့် ဝင်ရောက်ခစား လာသောအိမ်ရှေ့မိဖုရား လှိုင်ထိပ်ခေါင်အား ရုတ်တရက်မြင်တော်မူလျှင် အကြောင်းကိစ္စထူးခြားလေသည်အထင်ဖြင့် မင်းမိဖုရား နှစ်ပါးတို့က အံ့အားသင့်ကြည့်ရှုတော်မူနေကြသည်။

မိဖုရားခေါင်ကြီးသည် တစ်ကိုယ်တော်လုံးအစိမ်းရောင်ဖုံးလွှမ်း ဆင်မြန်းလာသော ညီမတော်အား အံ့အားသင့်တော်မူရာမှ...

“ဟင် ညီမတော်လေး ဘယ်အရေးဘယ်အခင်းကြောင့် မျက်နှာတော်မသာမယာနှင့်ရောက်လာရသတုံး။ တစ်ကိုယ်တော်လုံးလည်း မြစိမ်းရောင်တွေ ဖုံးလို့ပါကလား” ဟူ၍   စတင်အမေးတော်ရှိလိုက်သည်။

လှိုင်ထိပ်ခေါင်တင်သည် အစ်မတော်ကြီးက မေးလိုက်မူလိုက်ကာမှ မျက်ရည်စို့လာသည်ကို စိမ်းနုရောင်ဖဲခြုံတော်ပဝါစဖြင့်တို့ကာ သုတ်ကာ-

“မောင်တော်က ရက်စက်စိမ်းကားတော်မူလွန်းလို့ မြောက်အိမ်တော်မှာ နေလိုစိတ်မရှိသဖြင့် မိဖုရားကြီး အဆောင်တော်မှာ နေရပါမည် အကြောင်းပါဘုရား” ဟုရှိုက်သံနှင့် တီးတိုးလျှောက်ထားလိုက်ရာ မင်းတရားကြီးနှင့် မိဖုရားခေါင်ကြီးတို့ကလည်း   တစ်ပါးမျက်နှာတစ်ပါးကြည့်ရင်းမှ မိဖုရားခေါင်ကြီးက “အကျိုးအကြောင်းများဘယ်ဆိုဆိုတာ လျှောက်တင်စမ်းပါဦး ညီမတော် လေးရယ်” ဟူ၍ အမေးတော်ရှိသောအခါ အိမ်ရှေ့မိဖုရားအဆောင်တော်၌ စံမနေဘဲ ၄-၅-၆ ရက်ခန့် အခြားကိုယ်လုပ်တော် ဆောင်များသို့ ကြွရောက်တော်မူနေပြီး ပြန်လည်တော်မူလာရာမှာလည်း မျက်နှာတော်မကြည်မသာရှိနေကြောင်းနှင့် နောက်ဆုံးတွင် ကျွန်မအား (ဓားတော်နှင့်ပိုင်းလိုက်ရ) တောက်ခေါက် ကြိမ်းဝါးခြင်းအမှုကိုပင် ပြုတော်မူလာကြောင်း။

သို့ပါ၍ မြောက်အိမ်တော်မှာ စံနေတော်မမူလိုတော့သဖြင့် မိဖုရားအဆောင်တော်မှာ လာရောက်ခိုလှုံရပါမည့်အကြောင်းတို့ကို ငိုရှိုက်သံနှောလျက် သံတော်ဦးတင်လိုက်လေသည်။ သလွန်တော်ပေါ်ရှိမင်းတရားကြီးနှင့် မိဖုရားကြီးတို့ကလည်း အကျိုးအကြောင်း ကြား သိတော်မူလေလျှင် မင်းတရားကြီးက....

“ညီပုမှာ စိတ်တိုင်းမကျတဲ့အမှု တစ်ခုခုရှိနေစဉ် ဖြစ်လို့စိတ်လိုက်မာန်အလျောက်ပြောလိုက်သလားမသိ၊ ကိုင်းကိုင်း စိတ်ပြေ လက်ပျောက် အစ်မအဆောင်တော်မှာ မဖွားကြီးနေလိုသလောက် နေပါစေ၊ ညီပုကိုလည်း အကျိုးအကြောင်းသွားစုံစမ်းစေပါဦးမည်” ဟု အမိန့်တော်ရှိကာ ဇေတဝန်ဆောင်တောင်ဘက်သို့ ထွက်တော်မူသွားလေသည်။

ဆက်လက်ဖော်ပြပါမည်။