ငယ်ဘဝ

 

ယမန်နေ့မှအဆက်

ကစားကွင်းထဲမှာ  ဒန်းစင်ကတစ်ခုတည်းရှိ၍ ခပ်စွာစွာကျောင်းသားကြီးများက အမြဲတမ်း အပိုင်စီးနေကြသည်။ မောင်ငြိမ်းချမ်းတို့လိုငယ်သောကလေးများမကပ်နိုင်။

ကျောင်းတက်ခေါင်းလောင်းထိုးပြီ။ ကျောင်းသားများ အတန်းရှိရာသို့ပြေးကြသည်။  ကစားကွင်း မှာ လူရှင်းသွားပြီ။ ဟန်ကျသည်။ မောင်ငြိမ်းချမ်း ဒန်းစီးခွင့်ရပြီ။ ယခုအချိန်က အတန်းထဲမှာ စာသင်မည့်အချိန်မဟုတ်။ စာမေးမည့်အချိန်။ မောင်ငြိမ်းချမ်းစာရပါသည်။ သို့သော် မဖြေဘဲ ဒန်းစီးနေရသည်ကို ပိုသဘောကျသည်။ ယခုအချိန်တွင် လုယက်ကာ အလှည့်စောင့်စရာလည်း မလို။ တစ်ယောက်တည်း စိတ်ကြိုက်စီးနိုင်သည်။

“မင်းကျောင်းမတက်ဘူးလား”

ဘော်ဒါဆောင်ဘက်မှ ပြန်ထွက်လာသော သူငယ်ချင်းလေးယောက်က ဒန်းစီးနေသော မောင်ငြိမ်းချမ်းကိုမေးသည်။ ဆရာတော်နှင့်တွေ့ပြီး ထွက်ပြေးသူများဖြစ်၏။

“မတက်ဘူး ဆရာတော်က ခိုင်းထားလို့...”

“ဟာ...ဟန်ကျတာပဲ....ဒါဆိုငါတို့လည်းမတက်တော့ဘူး...”

သူတို့က စီးဆော့မှာ တစ်ဖက်နှစ်ယောက်စီခွဲပြီးစီးကြရင်း ဆူညံနေသည်။ မောင်ငြိမ်းချမ်းက ဒန်းစီးရင်းဘော်ဒါဆောင်အဝင်ပေါက်ဆီသို့ လှမ်းကြည့်နေသည်။ ကျောင်းသားအားလုံး  အတန်း ထဲရောက်၍ ကျောင်းတက်နေကြပြီ။ မောင်ငြိမ်းချမ်းတို့ငါးယောက် ကစားကွင်းမှာ ကစားနေ ကြ၏။

သိပ်မကြာ။ ဆရာမကြီးရုံးခန်းမှ ရုံးအကူရောက်လာသည်။

“မင်းတို့ငါးယောက် လိုက်ခဲ့ကြ။ ဆရာမကြီးက အခေါ်ခိုင်းလိုက်တယ်”

“ဟာ...သွားပြီ...”

မောင်ငြိမ်းချမ်း ကြောက်သွားမိသည်။ ဆရာတော်ကခိုင်းထားသည်မှာမှန်သော်လည်း ကိုယ်က ကျောင်းတက်ချိန်မှာ ဒန်းစီးဆော့ကစားနေမိသည်။ ဟိုလေးယောက်ကလည်း ဆူညံနေသေး သည်။ ငါးယောက်လုံး ဆရာမကြီးရုံးခန်းသို့ လိုက်သွားကြရ၏။

“ဒီလေးယောက်က စီးဆော့စီးနေတယ်။ ဟိုကောင်လေးက ဒန်းစီးနေတယ်...” ရုံးအကူက ဆရာမကြီးကို အတိအကျပြောပြနေ၏။

“မင်းတို့ကျောင်းတက်ချိန်မှာ ကျောင်းမတက်ဘဲဘာလုပ်နေကြတာလဲ ဟင်”

ဆရာမကြီး ဒေါသဖြစ်နေပြီ။

“ဆရာတော်ခိုင်းထားလို့ပါ ဆရာမကြီး....”

ကျန်လေးယောက်က     ပြိုင်တူဖြေလိုက်၍ မောင်ငြိမ်းချမ်းပင် ဖြေခွင့်မရလိုက်။

“ဘာခိုင်းတာလဲ...”

ဆရာမကြီးပြန်မေးတော့ သူတို့ဘာဖြေရမှန်းမသိ။

“ပြောလေ ဘာခိုင်းတာလဲ...”

ဆရာမကြီး ထပ်မေးတော့ လေသံကမာသည်။လေးယောက်လုံး မဖြေနိုင်။

“မင်းတို့ကို ကစားခိုင်းတာလား...ဟင်”

ဘာမှမဖြေကြ။

“ကဲ...လာစမ်း ကျောင်းတက်ချိန်ကစားတာကတစ်ပြစ် ညာတာကတစ်ပြစ်...”

လေးယောက်လုံးကို ဆရာမကြီးက သူ့စားပွဲပေါ်မှာအသင့်ရှိသောကြိမ်လုံးနှင့် နှစ်ချက်စီရိုက် သည်။ အရိုက်ခံပြီးသူများ ဖင်ပွတ်ထွက်သွားကြသည်။ အတော်နာပုံရသည်။

“မင်းကရော...”

ဆရာမကြီးက မောင်ငြိမ်းချမ်းကိုမေးသည်။

“ဆရာတော် ခိုင်းထားလို့ပါ”

“လာပြန်ပြီလားတစ်ယောက်...ဟင် ဆရာတော်ကမင်းကို ကျောင်းတက်ချိန်မှာ ဒန်းစီးခိုင်းထား တာလား..”

“မဟုတ်ပါဘူး ဆရာမကြီး....ဧည့်သည်လာမှာမို့ကစားကွင်းနေရာက စောင့်ကြည့်ခိုင်းထားလို့ပါ။ ဧည့်သည်လာရင်  ဆရာတော်ကိုသွားခေါ်ပေးရမှာပါ...” မောင်ငြိမ်းချမ်း အတိအကျဖြေလိုက်၍ ဆရာမကြီးစဉ်းစားသွားသည်။

“ဆရာတော်က ဘယ်မှာလဲ...”

ဆရာမကြီးက မောင်ငြိမ်းချမ်းကိုထပ်မေးသည်။

“နှစ်ထပ်ဆောင်အမိုး မိုးနေတဲ့နေရာမှာပါ...”

“ကဲ...သွားပြီး ဆရာတော်ကိုမေးစမ်း..”

ရုံးအကူထွက်သွားသည်။ မောင်ငြိမ်းချမ်း အရိုက်ခံရမှာကြောက်၍ ရွာကျောင်းမှာတုန်းက ညနေတိုင်းဘုရားကန်တော့ရာတွင် ရွတ်ဆိုရသည့် ဘုရားစာများကို စိတ်ထဲမှရွတ်နေသည်။

ခဏအကြာတွင် ရုံးအကူပြန်ရောက်လာသည်။ ဆရာတော်က ခိုင်းထားသည်မှာ မှန်ကြောင်းပြန် ပြောလိုက်သည်။ မောင်ငြိမ်းချမ်းဝမ်းသာလိုက်သည့်ဖြစ်ခြင်း။

“မင်းသွားနိုင်ပြီ။ ဆရာတော်ခိုင်းတာ စောင့်ပေးလိုက်ဦး...”

ဆရာမကြီးက သွားခွင့်ပြုလိုက်သည်။ ဆရာတော်ပေးသောတာဝန်ကို   လိုလားစွာထမ်းဆောင် ရန်   မောင်ငြိမ်းချမ်းဒန်းစင်ရှိရာသို့ ပြန်လာခဲ့ပါ၏။ ပညာသင်ရန် ထမင်းစားပါသည်။ မိဘမဲ့ ကျောင်းသားများသည် မိဘမဲ့ကျောင်းမှာနေရာအလိုက် အရွယ်အလိုက် ကိုယ်လုပ်နိုင်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရသည်။

ကျောင်းသားကြီးများဖြစ်သော    မောင်ညွန့်၊ ကိုခင်အောင်၊ ကိုမြသန်း၊ ကိုသန်းဘိုတို့က ချက်ပြုတ်ရေးတာဝန်ထမ်းဆောင်ရသည်။ ဆက်လက်ဖော်ပြပါမည်။