အမှတ်စဉ်(၈၉)
နန်းမတော်မိဖုရားကြီးလည်း ညီမတော်လှိုင်ထိပ်ခေါင်တင်အား သနားကြင်နာယုယစွာနှင့် ကျောလက်သပ်ကာ...
“ညီမတော်လေး စိတ်လက်ပြေပျောက်တော်မူသည်အထိ မိဖုရားဆီမှာ စံနေတော်မူပါ။ မတ်တော်မောင်ဘယ်လိုဖြစ်သည်ကိုလည်း စုံစမ်းပေးတော်မူပါမည်” ဟု အားပေးတော်မူသည်။ လှိုင်ထိပ်ခေါင်တင်သည် မောင်တော်အိမ်ရှေ့ဘုရားအပေါ်တွင် နာကြည်းတော် မူခဲ့သည်တွင် ယခုအခါ ရှက်စိတ်နာဝမ်းနည်းခြင်းက တစ်ဆတိုး၍ ထမ်းပိုးတက်လာပြန်သဖြင့်-
“ဘုရား ကျွန်မဖြင့် ဘယ်တော့ မြောက်အိမ်တော်ကို မပြန်လိုတော့ပါဘုရား၊ မောင်တော်ဟာ အလွန်တရာမှ စိမ်းကားရက်စက် တော်မူပါလှပါတယ်။ နောင်ဆိုလျှင် သည်ထက်ပင် ကဲလာပါတော့မည်။ အကြောင်းမရှိဘဲ မျက်နှာတော်ကြီးက ညိုမည်းပြီး လက်သုံးတော်ဓားကြီးတကိုင်ကိုင်နှင့်ဖြစ်နေလေတော့၊ ဘယ်တော့များ ဓားတော်နှင့် တကယ်ပိုင်းလေမည် မသိနိုင်တော့ပါဘုရား။ ဒါကြောင့်...ဘုရာ့ ကျွန်မ မပြန်ပါရစေနှင့်တော့ ဘုရား” ဟု ထပ်ခါလျှောက်တင်ပြန်လေရာ-
“ညီမတော်လေး နေလိုသမျှ စိတ်တော်မပြေသမျှစံနေပါလို့ မိဖုရားက အခွင့်ပြုထားပါက မင့်ပဲ၊ စိတ်တော်အေးအေးနှင့် ပျော်ပျော် ရွှင်ရွှင်သာ စံနေပါတော့ ညီမတော်ကလေး” ဟု ထပ်ဆင့်၍ အခွင့်အရေးပေးတော်မူခြင်းအားဖြင့် ထိုနေ့မှအစပြုကာ အိမ်ရှေ့မိဖုရား လှိုင်ထိပ်ခေါင်တင်သည် အစ်မတော် မိဖုရားကြီးအဆောင်တော်တွင် စံနေတော်မူခဲ့လေသည်။
အိမ်ရှေ့ကိုယ်တော်ကြီးသည် ညနေစောင်းလွှတ်တော်မှ မင်္ဂလာအိမ်တော်သို့ ပြန်လည်ကြွရောက်တော်မူလာလေသည်။ မျက်နှာ တော်အား ခပ်ညိုညိုနှင့်အလိုတော်မကျတော် မူယောင်နှင့်ရှိသည်။ကိုယ်လုပ်တော်ငယ်များက ခရီးဦးကြိုပြုကြသည်။ တစ်စုံတစ်ရာ အမေးတော်မရှိဘဲ၊ ဘာမျှ မလျှောက်ဝံ့ကြသူများပီပီ ငုံ့လျှိုးလျက် ကြောက်ရွံ့ရိုသေစွာ ဖိနပ်တော်များသိမ်းခြင်း၊ ဝတ်လဲတော်များ ဆက်ခြင်း စသော အမှုတို့ကို ဆောင်ရွက်ကြရလေသည်။
ကိုယ်တော်ကြီးက ဗောင်းတော် ပုသိမ်ပဝါကို လက်တော်နှင့်ဖြုတ်လျက် ယာဘက်က ခစားနေသူ ကိုယ်လုပ်တော်ခင်ဖြူကို ကမ်းပေးရင်း အဆောင်တော်တစ်ဝန်းကို လှမ်း၍ရှုကြည့်တော်မူလိုက်သည်။ အိမ်ရှေ့မိဖုရား လှိုင်ထိပ်ခေါင်တင် ထွက်တော်မူလာ သည်ကိုမတွေ့ရလျှင် စိတ်တော်ကောက်နေတုန်းပဲ ထင်တော်မူကာ တစ်စုံတစ်ရာ အမေးတော်မရှိနေတော်မူသည်။
သလွန်တော်၌ အညောင်းဖြေ ခြေညောင်းလက်ဆန့်စံနေလိုက်သည်။ ကိုယ်လုပ်တော်မောင်းမများကလည်း အမေးတော်မရှိသော ကြောင့် ဘာမျှမလျှောက်တင်ဝံ့ကြပေ။ သို့နှင့် ညနေဝင်ရီတရောအချိန် ပွဲတော်အုပ်သွင်းလာကြသောအခါ “တင်တင်ကော” ဟု အမေးတော်ရှိလေသည်။
သို့မှသာလျှင် ကိုယ်လုပ်မောင်းမများက “ခေါင်ဘုရား နန်းမတော်ဆောင်ကြီးသို့ ကြွတော်မူပါကြောင်းဘုရား” ဟု လျှောက်ထားကြ ရလေသည်။ အိမ်ရှေ့ကိုယ်တော်ကြီးက နှမတော်လှိုပ်ထိပ်ထား သူ့အစ်မတော်ဘုရားအဆောင်က အချိန်တန်လျှင် ပြန်ကြွလာလိမ့် မည်ဟု ထင်တော်မူသောကြောင့် တစ်စုံတစ်ရာနောက်ထပ်မမေးဘဲ ပွဲတော်စာကို သုံးဆောင်လျက်ရှိလေသည်။
သို့သော် ညဉ့်ယံသို့ရောက်၍ အဆောင်တော်ထဲမှာ ရွှေတိုင်တော်များ(ပျားဖယောင်းတိုင်)လင်းလာသည်အထိ နှမတော် ပြန်ရောက် မလာသေးသောအခါ ခြေသလုံးကို အနှိပ်တော်ဆက်နေသူ ခင်ဖြူအား...
“ဟဲ့ ခင်ဖြူရဲ့၊ နင့် ခေါင်ဘုရား ခုထိ ပြန်မရောက်သေးပါကလား...”ဟု ထပ်ဆင့်မေးတော်မူသည်တွင် ခင်ဖြူက ကြောက်ကြောက် ရွံ့ရွံ့နှင့် ဖြစ်ကြောင်းကုန်စင်သံတော်ဦးတင်ရလေတော့သည်။
မောင်တော်က ရက်ရက်စက်စက် သီလဝင်ရွှေဓားနှင့်တအားပိုင်းတော်မူမည် ကြောက်ရွံ့၍ “သည်အဆောင်တော်တွင် မနေဝံ့ပါပြီ။ အစ်မတော်ဘုရားဆီသွား၍ စံနေတော်မူတော့မည်” ဆိုသည်များနှင့် အစိမ်းရောင်လွှမ်းသော ဝတ်လဲတော်များကို ဆင်ယင်တော်မူ သွားကြောင်းပါဖြစ်ကြောင်း အကုန်အစင်ကို သိတော်မူလျှင်...
“တင်တင်က ငါ့ကို ဒီတစ်ခါ အတော်စိတ်နာသွားပြီထင်ရဲ့...”ဟု ပြုံးစနဲ့နဲ့ အမိန့်တော်ရှိလိုက်လေသည်။ စိတ်တွင်းကမူ “သူစိတ်ပြေ လျှင် ပြန်ကြွလာမှာပါ”ဟု ခပ်မဆိတ်စံတော်မူလိုက်သည်။
သို့သော် တစ်ရက်မက နှစ်ရက်၊ သုံးရက် ကဲ-ရက်သတ္တပတ်ရလာသည့်တိုင်အောင် မင်္ဂလာအိမ်တော်ဆောင်သို့ အိမ်ရှေ့မိဖုရား လှိုင်ထိပ်ခေါင်တင် ပြန်လည်ကြွရောက်လာခြင်းမရှိသောအခါ တယိယိနှင့် သတိတော်ရလျက်ရှိတော့သည်။ အလွန်လျှင် ချစ်ခင် မြတ်နိုးတော်မူခဲ့ရသော နှမတော်လှိုင်ထိပ်ထားကို တွေ့မြင်တော်မမူရလေသောအခါ စိတ်တော်ဟာလျက်ရှိသည်။
နောင်တော်ဘုရားထံ ညီလာခံဝင်ချိန်၌ ညီနောင်နှစ်ပါးတည်းရှိစဉ်မှာ မင်းတုန်းမင်းတရားကြီးက “ညီပုနှင့် မဖွားကြီးတို့ ဘယ်သို့ဖြစ်ကြသည်တုံး” ဟု ခပ်ပြုံးပြုံးအမေးတော်ရှိစဉ်က အိမ်ရှေ့ကနောင်မင်းက ခပ်ပေါ့ပေါ့ပင် “သူစိတ်ကောက်နေတုန်း ခဏကြည့်နေလိုက်ရပါကြောင်း” ဟုသာ လျှောက်တင်ခဲ့ရသည်။ (အပျက် အပျက်နှင့်နှာခေါင်းသွေးထွက်)ဆိုသည့် စကားပုံပမာ ယခုလို ရက်ရှည်လာသောအခါ၌ ကနောင်မင်းမှာ ချစ်စွာသော နှမတော်အား လွမ်းအားတော်ပို၍ နေတော်မူသည်။
အခြားသော ကိုယ်လုပ်တော်ကြီးများနှင့်မတူ တစ်မူထူးခြားချစ်အားစုပုံခဲ့သော အမိဝမ်းသာခြားရှာခဲ့သော နှမတော်လည်းဖြစ်သည်။ ပညာဉာဏ်ရင့်သန်လျက် ရူပလက္ခဏာကောင်းခြင်းငါးဖြာနှင့် ပြည့်ဝရုံမက၊ အရွယ်တော်ကလည်း နုငယ်လှရှာသူဖြစ်ပြီး နောင်တော် မင်းတရားကြီးနှင့် အစ်မတော်မိဖုရားခေါင်ကြီးတို့၏ သမီးတမျှ ချစ်မဝသော ညီမတော်ကလေးလည်းဖြစ်ရကား၊ သူဆိုးသမျှ နွဲ့သမျှ မိမိကချစ်စနိုးနှင့် ဆိုးမျိုးခံရမည့်အစား၊ သူ့ခမျာ ကလေးကသာ မိမိအပေါ်တွင် ကြင်ကြင်နာနာ သည်းခံလာရှာခဲ့သူပေတကားဟု ကြင်နာဆပွား ချစ်သနားပို၍ နေလေတော့သည်။
သို့ကြောင့် မင်္ဂလာအိမ်တော်သို့ ပြန်လာစေရန်အဘယ်သို့ ချော့မော့ခေါ်ဆောင်ရပါမည်နည်း။ အစ်မတော် စကြာဒေဝီမိဖုရားကြီးကို အိမ်တော်ပြန်လွှတ်ပါရန် အသနားခံရကောင်းလေမလား၊ သို့တည်းမဟုတ် သူစိတ်ဆိုးပြေတော်မူလောက်ချိန်ကျလျှင် အလို အလျောက် ပြန်ရောက်လာလေမလားဟု အမျိုးမျိုးတွေးတောကာ လာလမ်းကို မျှော်မိရှာသည်။သို့ရာတွင် လှိုင်ထိပ်ခေါင်တင်ကား အရိပ်အယောင်မျှပင် ပေါ်မလာရှာပေ။
မပေါ်လာသော်လည်း မျှော်ရှာသူကတော့ တစ်နေ့ပြန်လာနိုး၊ တစ်ရက်ပြန်လာနိုးနှင့် ရာဇဣန္ဒြေမပျက်ကျိတ်လျက်မျှော်တမ်းရစဉ် လူမလာသော်လည်း စာရောက်လာသည်ဆိုသော စကားကဲ့သို့ အိမ်ရှေ့မိဖုရားလှိုင်ထိပ်ခေါင်တင် ရေးသားစီကုံးဖွဲ့နွဲ့လိုက်သော “နာဂဆဒ္ဒန်ချီဘောလယ်” သီချင်းကား အိမ်ရှေ့မင်းရှေ့တော်မှောက် မင်္ဂလာအိမ်တော်သို့ ရောက်လာလေတော့သည်။
ညဉ့်ဦးယံအချိန်တွင် အိမ်ရှေ့ကိုယ်တော်အား အဆိုတော် အငြိမ့်အပျိုတော်များက စောင်းဖြင့်ရွှေနားတော်သွင်းလေ့ရှိသော ဂီတ သီချင်းများထဲမှ အဆိုပါနာဂဆဒ္ဒန်ချီသော လှိုင်ထိပ်ခေါင်တင် ရေးလိုက်သည့်ဘောလယ်ပါရှိခဲ့သည်။ ထိုသီချင်းကို အိမ်ရှေ့မင်း ရွှေနားတော်ဆင်ရသောအချိန်တွင် နှမတော်အပေါ်၌ ချစ်ကရုဏာ လှိုင်းတံပိုးက ဆတက်ထမ်းပိုး ကြွခဲ့ရလေတော့သည်။
ဆက်လက်ဖော်ပြပါမည်။