ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

အမှတ်စဉ်(၉၀)

ယင်း နာဂဆဒ္ဒန်ချီဘောလယ်သည် မိဖုရားခေါင်ကြီး၏ အဆောင်တော်သို့ လှိုင်ထိပ်ခေါင်တင် ပြောင်းရွှေ့စံတော်မူရာမှ ရေးသားလိုက်သော ဘောလယ်ဖြစ်လေသည်။

မင်္ဂလာအိမ်တော်တွင် စံနေစဉ်က ရုတ်တရက်ချက်ချင်း ကောက်ကာငင်ကာရေးသားရန် အစပျိုးခဲ့ ဖူးသော်လည်း စိတ်တော် မတည်ငြိမ်ဖြစ်စ အချိန်ဖြစ် သောကြောင့် သီချင်းအစ တစ်ပိုဒ်နှစ်ပိုဒ်လောက်သာ စ၍ ရေးခဲ့ရသေးရာ အစ်မတော်ကြီးအဆောင်သို့ ရောက်ခါမှ၊ အစစနေသားတကျရှိခြင်း၊ စိတ်တော် တည်ငြိမ်ချမ်းမြမှုရရှိခြင်းတို့ကြောင့် သီချင်းတစ်ပုဒ်လုံး အစမှအဆုံးအထိ စိတ်ရှိလက်ရှိ စိတ်တိုင်းကျ စီကုံး ရေးသားတော်မူရခြင်းဖြစ်သည်။

ထိုဘောလယ်သီချင်းရပြီးသောအခါ နန်းတွင်း အဆိုတော်များ အငြိမ့်အပျိုတော်များလက်သို့ ဖြန့်ေ၀ ပေးတော်မူလိုသောကြောင့် အိမ်ရှေ့မင်းစံတော်မူရာ မင်္ဂလာအိမ်တော်(မြောက်အိမ်တော်)သို့လည်း အရေး တကြီးမရောက်မဖြစ် ရောက်လာရသော ဘောလယ် သီချင်းဖြစ်ပါသည်။ ဤသီချင်းသည် နန်းတော်သား နန်းတော်သူတို့က ဖြစ်စဉ်ကို အတွင်းကျကျသိရှိထား ကြသောကြောင့်လည်း တီးသူ၊ ဆိုသူ၊ နားသောတဆင်သူ များက စိန်ခြူးကြာညောင်ချီ ဘောလယ်ထက် အလေး အနက်ထား၍ လိုက်စားလေ့လာ တီးမှုတ်သီဆိုခြင်း၊ နားဆင်ခြင်းပြုကြပါသည်။

အများစုကမူကား ယင်းနာဂဆဒ္ဒန်ချီ ဘောလယ် သီချင်းစာမူကို အမိအရ ပုရပိုက်များနှင့် ကူးယူကျက် မှတ်ကြလေသည်။

အိမ်ရှေ့မင်း မျက်မာန်တော်ပွားခြင်းကို အိမ်ရှေ့မိဖုရား လှိုင်ထိပ်ခေါင်တင်ရေး နာဂဆဒ္ဒန် ဘောလယ်

နာဂဆဒ္ဒန်၊ သန္ဓေမှန်နှစ်ပေ။ ချိန်မူးစစ်-တိမ်တိုက် စဝံ၊ စက်သွားသီလဝင်စိန် ရွှေရိုးငယ်လေး၊ ဘိုးပြည် ထိုက်တန်။  ။ တန် ။ ရွှေကိုယ်တော် ဘုန်းမှာလ။ လက်သုံးတော်မှန်။ မချွင်းချန်ပါနှင့် ရာသက်ပန်ပေါင်း။ မြတ်ဉာဏ်ယူလောင်းပါလို့။ ဆုတောင်းပါတယ်။ ရာဇဂုဏ်မာန်၊ ကြိမ်ကြိမ် ထပ်တယ်လေး၊ ပိုင်းသတ်မဲ့ရွယ်။ တကယ်ပင်   မုန်းတော့မလာ့၊   မောင်ဘုန်းကြွယ်။ ရှောင်လွှဲငယ် သွေဖယ်လို့။ မဟာတွယ်ဘဲ။ ရွှေရင်ထဲ မှာလ။ ငွေသဲစိုင်၊ ကျွမ်းလုကြွေယိုင်၊ အိုဆယ်ပြန်သက် ကိုလေး၊ နှင်းဆက်တော့နိုင်။ မြတ်စိန္တေဦးမှာလ။ ဆုထူးတော်ပိုင်။ မယိမ်းယိုင်အောင်လို့ ကြံပါကတဲ။ ဘုန်းမတန်ဘဲငယ်နှင့် ကံလဲမကူ။ သင်းပျံ့ဘုံတွေ။ တစ်ကိုယ်ရေ ဆွေးတယ်လေး၊  တွေးကြံလို့ပူ။  ။ မာလာရုံကွန်းမှလ  ချွေညွန်းပျံ့ကြူ။  ဟိုးရှေးငယ် တစ်မူနှင့်။ မတူလေဘဲ။ ပေါ်ရံချွန်ငယ်နှင့်။ ထဲဝါ ပုံဆောင်။ သိပေါ့သခင် ဘမယာ ကွန်းမှာလေး။ ထွန်းနေလရောင်။   ။ ဆိုဆိုပေသားငယ်နှင့် မယ်နား မထောင်။ ရိုးပြာမြေတိုင်အောင်ပ-ကြံရွယ်ဆောင် ပေါင်း။ ရှေးသူ ဟောင်း ငယ်ထိုပုံသက်သေ၊ နိမှသောင် နောင်မှသိမယ်လေး။ ထုံးရှိလျက်ပေ။ (သဖြန်)ထွေဆမချန်၊ ရှေ့နောက်ကယ်ပြန်လှန်လို့၊ ဖန်ဖန်စိတ်ထဲ။  ။ ဘုန်းရှိသူ။ မုန်းပြစ်ကိုရင်မယူနှင့်။ သွင်တစ်မူ-ကြင်သူလွဲပါဘူး။ ထူးတဲ့ကံပဲ။  ။

အိမ်ရှေ့မင်းသည် နာဂဆဒ္ဒန်ဘောလယ်ကို နားဆင် တော်မူရသောအခါ နှမတော်လှိုင်ထိပ်ခေါင်တင် မိမိ အပေါ် မည်မျှပင်စိတ်နာ သော်လည်း ချစ်လျက်ခင်လျက်၊ ကြင်နာမှု၊ လေးစားမှုမပျက်၊ မျက်ရည်နှင့်မျက်ခွက် ပူဆွေးတမ်းတ၍ လွမ်းစဖော်နေရှာ ကြောင်းကို ကောင်းစွာ သဘောတော်ပေါက်ခဲ့လေသည်။

ထို့ကြောင့် မိမိစိတ်မာန်အလျောက် လက်သုံးတော် သီလဝင်အား ကိုင်တော်မူမိမှားသည်ကို များစွာမှ နောင်တနှလုံး ယူကျုံး မရရှိတော်မူရသည်။

နှမတော်အား မည်သည့်အခါကမျှ ရက်စက်စွာ မပြုမမူခဲ့ဖူးပါလျက် စိတ်လက်မကြည်သာသော အခိုက် အတန့်ကလေးတွင် ကြုံကြိုက်သွားရပုံကိုလည်း တနုံ့နုံ့ သတိတော်ရမိသည်။ နှမတော် မိမိအပေါ်စိတ်ပြေ တော်မူရန် ဘယ်လိုကြံရမည်ကို အတန်ကြာ အောင် စဉ်းစားတော်မူနေမိသည်။

ဤနာဂဆဒ္ဒန်ဘောလယ်ကြောင့် မိမိမှာ နှမတော် အိမ်ရှေ့မိဖုရားအပေါ်ဝယ် လူဆိုးကြီးတစ်ဦးသဖွယ် ဖြစ်နေရမည်ကိုလည်း နည်းနည်းမျှလိုလားတော်မမူ နိုင်ပေ။

နှမတော် လှိုင်ထိပ်ခေါင်တင်သည် စိတ်ထားတော် က အလွန်လျှင်နူးညံ့သိမ်မွေ့တော်မူသည်။ မိမိအပေါ်မှာလည်း အရွယ်တော်နှင့် မလိုက်အောင် သည်းခံ တော်မူခဲ့သည်။

နောက်နောက်အချိန်ပိုင်းများက ဟိုအဆောင်များ သည်အဆောင်များသို့ စိတ်သွားတိုင်းကိုယ်ပါ၍ စံနေတော်မူခဲ့ခြင်းကြောင့် လှိုင်ထိပ်ထားမှာ မောင်တော်ကို မျှော်တော်စိုက်ရင်းဖြင့် အချိန်ကုန်ခဲ့ရသည်များကိုလည်း မျက်မာန်တော်မပွားခဲ့ဘဲ စိတ်ထားတော် သိမ်မွေ့စွာ နှင့် ကဗျာဂီတများရေးဖွဲ့၍သာ သည်းခံစံနေတော်မူ ခဲ့ရှာသည်။ မောင်တော်ကို တမ်းတမျှော်ခေါ် လွမ်းစပေါ်ခဲ့တိုင်း ကဗျာဂီတတေးတို့နှင့် အလေးအနက် ထုတ်ဖော်ရင့်ကျူးခဲ့ရှာသူဖြစ်ကြောင်းကို အိမ်ရှေ့မင်းကြီးက ကောင်းစွာ သိရှိတော်မူခဲ့ပြီး  ဖြစ်လေသည်။

ယခု သည်သီလဝင်ဓားတော်ကို ကိုင်မိသောကိစ္စမှာ လည်း မိမိအပေါ်ဝယ် ခက်ခက်ထန်ထန် မျက်မာန်တော် မဝင်ရှာဘဲ ရှက်စိတ်နာ ဝမ်းနည်းမိကြောင်းကို နာဂ ဆဒ္ဒန်ဘောလယ်ဖြင့် သနားစဖွယ်ရင့်ကျူးရေးသားကာ သူ၏ဆန္ဒကို ပြတော်မူရှာသည်။

သို့ကြောင့် သူကနုမှာတော့ ကိုယ်ကကြမ်း၍ မဖြစ်နိုင်။ အစ်မတော် မိဖုရားခေါင်ကြီး အဆောင်တော် သို့သွား၍ ခေါင်ဘုရား  လှိုင်ထိပ် ထားအား  ယုယ ချော့မော့ကာ မင်္ဂလာအိမ်တော်အပါခေါ်တော်မူချင် သောဆန္ဒက နှိုးဆွလှုံ့ဆော်လျက်ရှိလေသည်။

တစ်နေ့တစ်နေ့ အဆောင်တော်၌ လှိုင်ထိပ်ထားကို မတွေ့မမြင်တိုင်းလည်း ရင်ထဲတွင် ဟာ၍နေတော်မူ သလိုလိုရှိခဲ့သည်။ ချစ်သော နှမတော်ကို တွေ့မြင်တော် မမူရကာမှ ပိုမို၍တွေ့မြင်တော်မူချင်ပြန်သည်။

မိမိက ပြန်လည်ချော့မော့ခေါ်စေကာမူ ကြည်ကြည် ဖြူဖြူမှ လိုက်ပါတော်မူပါတော့မလားဟူ၍လည်း စိုးရိမ် တော်မူမိသည်။

သတင်းသန့်သန့်ကြားရသည်ကလည်း အစ်မတော် မိဖုရားခေါင်ကြီးက ညီမတော် လှိုင်ထိပ်ထားအား စိတ်တော်ကြည်သာ ပြေလည်လျှင် မင်္ဂလာအိမ်တော်သို့ ပြန်လည်စံနေတော်မူဖို့ နားချတော်မူသောအခါ...

“ဖျ ကျွန်မ မပြန်ပါရစေနဲ့ဘုရား၊ မောင်တော်ဟာ ဖျ ကျွန်မအပေါ်မှာ အလွန်တရာရက်စက်တော်မူလှ ပါတယ်” ဟု လှိုင်ထိပ်ထားက ပြန်လည်ငြင်းဆိုလျှောက် တင်ကြောင်း၊ အဆောင်တော် အမှုထမ်းအချင်းချင်း သတင်းစကား လွင့်ပါးပြောဆိုနေကြကြောင်း ကြားသိ တော်မူရသောကြောင့် နှမတော်က မိမိအပေါ် အလွယ်နှင့် ပြေလည်တော်မူဦးမည်မထင်သဖြင့် မည်သည့် နည်းနှင့်စိတ်တော် ပြေလည်ရန် ကြံရပါမည်နည်းဟု တစ်ပါးတည်း ကျိတ်၍တွေးတော်မူမိသည်။

နောက်ဆုံးတွင် အကြံတော်ရသည်။ နှမတော်က နာဂဆဒ္ဒန်ချီဘောလယ်နှင့် စိတ်နာကြည်းတော်မူခဲ့သမျှ ဖွင့်ဟရင့်ကျူး လိုက်သည် ကို မိမိကလည်း တစ်နည်း တစ်လမ်း အကဲစမ်းလျက် ပြေလည်ရာပြေလည်ကြောင်း ဘောလယ်ကောင်းကောင်းတစ်ပိုဒ် ရေး၍ပို့ရ လျှင် နှမတော်ထိပ်တင် စိတ်ဝင်စားပြီး ပြေလည်တော်မူသွားပေလိမ့်မည်ဟု တွေးဆထင်မြင်တော်မူလေသည်။

ယခုအချိန်၌ နာဂဆဒ္ဒန်ချီဘောလယ်သီချင်းမှာ ရွှေနန်းတော်အတွင်းအပြင် အင်မတန်စိတ်ဝင်စားလျက် သီဆိုနေကြသည်။ လှိုင်ထိပ် ခေါင်တင်ရေးတော်မူသော နာဂဆဒ္ဒန်ချီဘောလယ် ပေါ်ပေါက်လာပုံအကြောင်းရင်း ကိုလည်း အစင်းသိတွေဖြစ်နေကြသောကြောင့် အခြား သော ဘောလယ်သီချင်းများထက် စိတ်ဝင်စားလျက် ရှိကြလေသည်။

ဆက်လက်ဖော်ပြပါမည်။