အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် လွှတ်တော်အမတ်ဦးရေအယောက် ၃၀ အထိ ရှိလာပြီးနောက် လွှတ်တော်အစည်းအဝေးကို အချိန်စောပြီး ရပ်ဆိုင်းဖွယ်ရှိကြောင်း လွှတ်တော်တာဝန်ရှိသူနှစ်ဦးက ပြောသည်။ အိန္ဒိယလွှတ်တော်သည် ခြောက်လအတွင်း ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာ ၁၄ ရက်တွင် အစည်းအဝေးများကို စတင်ပြုလုပ်ကာ အောက်တိုဘာ၁ ရက်အထိ လုပ်ဆောင်သွားရန် စီစဉ်ထားသည်။ သို့သော် အစည်းအဝေး ကျင်းပသည့်ကာလကို သီတင်းပတ်တစ်ပတ်လျှော့ချရန်စီစဉ်နေကြောင်းသိရသည်။
လွှတ်တော်အစည်းအဝေး စတင်ကျင်းပသည့် အချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် အမတ်အရေအတွက် ဆက်တိုက်မြင့်တက်လာခြင်းဖြစ်ကြောင်း လွှတ်တော်တာဝန်ရှိ သူများကပြောသည်။ ထို့နောက် လွှတ်တော်သတင်းရယူမည့် သတင်းထောက်များအနေဖြင့် စက်တင်ဘာ ၁၉ ရက်မှစ၍ နေ့စဉ်ကျန်းမာရေး စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း အစိုးရက အမိန့်ထုတ်ပြန်ထားသည်။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ဒုတိယအများဆုံး နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၌ စက်တင်ဘာ ၁၉ ရက်အထိ တစ်ရက်အတွင်း ရောဂါ ဖြစ်ပွားသူ ၉၃၃၃၇ ဦးရှိသည့်အတွက် တစ်နိုင်ငံလုံးတွင် ရောဂါဖြစ်ပွားသူ စုစုပေါင်း ၅ ဒသမ ၃ သန်းကျော်လာပြီဖြစ်သည်။ ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ အရေအတွက်မှာမူ စက်တင်ဘာ ၁၉ ရက်အထိ တစ်ရက်အတွင်းသေဆုံးသူ ၁၂၄၇ ဦးရှိသည့်အတွက် သေဆုံးသူ စုစုပေါင်း ၈၅၆၅၀ ရှိလာပြီဖြစ်ကြောင်းသိရသည်။
Ref: The Straits Times