တရုတ်နှင့် အမေရိကန်နိုင်ငံတို့ကြားသဘောထားတင်းမာမှုများ မြင့်တက်နေစဉ် တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနက ၎င်းတို့ထုတ်ပြန်မည့် မယုံကြည်ရသူများစာရင်းအတွက် သတ်မှတ်ချက်များကို စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက တရုတ်ကုန်ပစ္စည်းများအပေါ်ထပ်ဆောင်းအခွန်များနှင့် နည်းပညာ ကုမ္ပဏီများအပေါ် ကန့်သတ်ချက်များချမှတ်သည့်အတွက် လက်တုံ့ပြန်မည်ဟု တရုတ်က ကတိပြုထားသည်။ အဆိုပါလက်တုံ့ပြန်မှုတွင်တရုတ်နိုင်ငံ၏အကျိုးစီးပွားကိုထိခိုက်စေသော ပြည်ပကုမ္ပဏီများကို အဓိကပစ်မှတ်ထားပြီး အရေးယူသွားမည်ဖြစ်ကြောင်း တရုတ်အစိုးရက ပြောပြီးနောက် ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
တရုတ်အစိုးရကထုတ်ပြန်မည့် မယုံကြည်ရသူများစာရင်းတွင် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်လုံခြုံရေးကို အန္တရာယ်ပေးခြိမ်းခြောက်နေသော ပြည်ပကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို အဓိက ပစ်မှတ်ထားထည့်သွင်းသွား မည်ဖြစ်ကြောင်း ကုန်သွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် တရုတ်နိုင်ငံအတွင်းရှိ ပုံမှန် ဈေးကွက် ငွေကြေးလွှဲပြောင်းမှုကို ချိုးဖောက်သူများ၊ တရုတ်ကုမ္ပဏီများနှင့် ရရှိထားသည့် သဘော တူညီချက်ကို ဖျက်သိမ်းသူများ သို့မဟုတ် တရုတ်ကုမ္ပဏီများကို ခွဲခြား ဆက်ဆံ သူများကို အဆိုပါ စာရင်းတွင်ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုစာရင်းတွင် ထည့်သွင်းခံရသူများအနေဖြင့် ကုန်ပစ္စည်းတင်ပို့ခွင့်၊ တင်သွင်းခွင့်နှင့် တရုတ်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံခွင့်တို့ရရှိမည် မဟုတ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref: The Straits Times