အမှတ်စဉ်(၉၁)
ထို့ကြောင့် နာဂဆဒ္ဒန်ကို အလားတူ ပြန်လည် ချေပနိုင်မှုအတွက် အမျက်ဖြေဘောလယ်တစ်ပုဒ်ကို အိမ်ရှေ့ကိုယ်တော်ကြီးက သူ့နှမတော်အတွက် ရေးသားပေးဆက်တော်မူလိုသည်။ သို့ပေမင့် ကိုယ်တော်တိုင်မှာ သီချင်းဂီတ ကဗျာပိုင်းဆိုင်ရာ၌ စိတ်ဝင်စား တော် မူခဲ့ပါသော်လည်း အရေးအသား အစီအကုံး အနှုန်း အဖွဲ့အရာ၌ သာမန်မျှသာအလေ့အလာရှိခဲ့ပေသည်။ နှမတော်လှိုင်ထိပ် ခေါင်တင်ကဲ့သို့ အရေးအသားတွင် ကျွမ်းကျင်ပြောင်မြောက်မှုမရှိသဖြင့် လှိုင်ထိပ်ခေါင်တင်၏ လက်ရာထက် သာလွန်အောင် စွမ်းဆောင်တော် မမူနိုင်ရှိနေလေသည်။
သို့ကြောင့် ကဗျာ့ဂီတ စာကုံးနှုန်းဖွဲ့မှုအရာတွင် ကျွမ်းကျင်လိမ္မာသော အိမ်ရှေ့တော်မြင်းတပ်တော်မှ မြင်းစာရေးကြီး မောင်မောင် ဘကို အပါးတော်သို့ခေါ်တော်မူလိုက်သည်။ မြင်းစာရေးကြီး မောင်မောင်ဘ ရှေ့တော်သို့ ခစားမိသောအခါ မိမိနှင့် နှမတော် လှိုင်ထိပ်ခေါင်တင်တို့၏ ဖြစ်စဉ်ကို မိန့်ကြားတော်မူသည်။ ပြီးလျှင် လှိုင်ထိပ်ထား သူ့မဖုရားကြီးအဆောင်သို့ သွားရောက် နေထိုင်တော်မူပုံနှင့် မိမိက သီလဝင်ဓားကို ကိုင်မှားတော်မူမိသည်ကအစ နှမတော်က စိတ်နာတော်မူခြင်း မပြေပျောက်သေးဘဲ နာဂဆဒ္ဒန်ချီဘောလယ်နှင့် အသေအလဲ နှိပ်စက်တော်မူထားသည်များကို မိန့်ကြားတော်မူသည်။
မြင်းစာရေးကြီး မောင်မောင်ဘကလည်း မဆွကပင်အိမ်ရှေ့ဘုရားနှင့် အိမ်ရှေ့မိဖုရားတို့ဖြစ်ကြောင်း ကုန်စင်ကို အလုံးစုံ သိကြား ထားပြီးဖြစ်သောကြောင့် အမိန့်တော်သံကို ခပ်မဆိတ်နာခံ၍နေလေသည်။ အိမ်ရှေ့ကိုယ်တော်ကြီးက ဆက်လက်၍ “သည်အတိုင်း ဆိုလျှင် ကိုယ်တော်က လူဆိုးကြီးဖြစ်မှန်းမသိဖြစ်နေပြီကွယ့်။ နှမတော်ရဲ့ စိတ်တော်ကလည်း ဒီတစ်သက် ပြေမှပြေပါ့မလား မသိရတော့ မောင်မင်းကိုကိုယ်တော်က တစ်ခုခုခိုင်းချင်တယ်” ဟု စတင်အမိန့်တော်ရှိလျှင် “အရှင် စေခိုင်းတော်မူရာ၊ ဖျကျွန်တော် ဦးဆွေးဆံထမ်းဆောင်ရန် အသင့်ပါဘုရား...” ဆိုသောအဖြေကို မောင်မောင်ဘထံမှရရှိသောကြောင့် “ကောင်းပြီ၊ ကိုယ်တော် ခိုင်းစေတော်မူချင်တာကတော့ နှမတော်စိတ်ပြေတော်မူလေအောင် နာဂဆဒ္ဒန်ဘောလယ် အဖွဲ့အနွဲ့ထက် မနိမ့်ကျဘဲ ဘောလယ် တစ်ပုဒ်ကို မောင်မင်းရေးဆက်ပေးဖို့ပဲ။ အဲဒီဘောလယ်ကိုနှမတော်လက်အရောက် ပို့ဆက်တဲ့အခါ စိတ်တော်ပြေရာပြေကြောင်း အဓိကအချက်က အမျက်တော်ဖြေ၍ ကျေအေးနိုင်မည့် အရေးအသားမျိုးနှင့် ကြိုးစားရေးဆက်ရမည် မောင်မင်း” ဟူသော အမိန့်တော်ချမှတ်ချက်အရ မောင်မောင်ဘကလည်း ဂီတကဗျာမှာ ပါရဂူ တစ်ယောက်ဖြစ်၍ ဤတစ်ပွဲတွင် သမိုင်းဝင်အောင် နွှဲလိုက် မည်တကဲကဲရှိနေလေသည်။
သို့သော အကြောင်းများကြောင့် မကြာပါချေ။မြင်းစာရေးကြီး မောင်မောင်ဘ၏လက်ရာ “သမိုင်းဝင်မည့် ဘောလယ်တစ်ပိုဒ်” ထွက်ပေါ်လာခဲ့ရလေသည်။
အိမ်ရှေ့မင်းသို့ မြင်းစာရေးကြီးမောင်မောင်ဘ ရေးဆက်သော ဘောလယ်
ဖူးပွေ့လက်တင်၊ တွေ့မြင်ချင် ရေးငယ်နှင့်၊ နေ့စဉ်ပင် ဆွေးပါရ၊ ငေးငိုမိမှိုင်။ လဲမလို့၊ သဲညို့ခွေယိုင်၊ မပြေနိုင်ကျွမ်းတယ်လေး။ လွမ်းဗျာထုဆိုင်။ ။
လက်သုံးတော်ဓားကိုလ။ ယောင်မှားကာကိုင်။ နိုင်ချင်လိုလို့ ဟုတ်ပါဘဲ။ နှုတ်အာရဲတယ်လို့ အပြစ်တင်။ မချစ်ပြင်ပြင်။ ချစ်ရင်အကျိုးကိုလေး။ ငြိုးမာန်ဖွဲ့ဆင်။
သတ်တော်မူရက်တာဖြင့်။ အသက်ကိုပင်။ ကျေနပ်အောင်စီရင်၍၊ ပြုချင်တော်တိုင်း၊ ခု ခင်နော်ဆိုင်းပါနှင့်၊ ပိုင်းဘို့ရယ်၊ မြရိုးသီလဝင်။ သံစက်သွားကိုလေး။ ထားအပ်ပမယ်။
ငါးပါးမာန်တက်သူမို့။ ရက်စက်လေတယ်။ သက်သက်ကယ်သွေဖယ်လို့။ မေတကယ်စိမ်း၊ သေလွယ်မှငြိမ်းမှာထင့်။ နွဲ့ယိမ်းနွဲ့ယိုင်။ မြစိမ်းလဲ့ခိုင်။ သန္ဓေ နှစ်ကယ်လေး။ စိမ်းရှာဖြစ်နိုင်။ ။
မြင်းစာရေးကြီး မောင်မောင်ဘက သူ့လက်စွမ်း ပြလိုက်သော “ဖူးပွေ့လက်တင်ချီ” ဘောလယ်ကို အိမ်ရှေ့ကိုယ်တော်ကြီးအား ဆက်သလိုက်သည်။ အိမ်ရှေ့ကိုယ်တော်ကြီးက ဘောလယ်သီချင်းသွားကို စည်းဝါးနှင့်တကွ အဆိုတော်ဆက်ရမည်ဆိုသောကြောင့် အိမ်ရှေ့တော်ရှိ အငြိမ့်အမှုထမ်းတို့က ငြိမ့်ညောင်း သာယာ စောင်းသံသာဖြင့် တီးမှုတ်သီဆိုကြရလေသည်။
အိမ်ရှေ့ကိုယ်တော်ကြီးက နှစ်သက်တော်မူလှသဖြင့် ရေးသူမောင်မောင်ဘနှင့်တကွ အဆိုနှင့် အတီးဆက်သူအမှုထမ်းများကို အထူး ဆုတော်များ ပေးသနားတော် မူလိုက်သည်။ ဤသီချင်းကို နန်းတွင်းသီဆိုလိုသူများအတွက် ပေပုရပိုက်များနှင့် အများအပြား တစ်ဆင့် ကူးပွားရေးသားစေပြီးလျှင် နှမတော်လှိုင်ထိပ်ခေါင်တင်အတွက် ဆက်သရန်မှာမူ အလွန်ရှားပါးသော အင်္ဂလိပ်လွှာ စက္ကူချောပေါ်တွင် ရွှေမင်ဖြင့် ရေးသားစေသည်။
ပြီးလျှင် အပျိုတော်ခင်ညှာ အိမ်ရှေ့အဆောင်တော်လာသည့်အခိုက်တွင် “မယ်မင့်သခင်မကို ငါက ဆက်လိုက်ပါသည်ဆိုပြီး သည်စာရွက်ကို ဆက်လိုက်ပါဘိ” ဟု အမိန့်တော်ရှိကာ ဖူးပွေ့လက်တင်ဘောလယ်ကို ရေးသားထားသော အင်္ဂလိပ်လွှာစက္ကူကို ရွှေချယွန်း ကျည်တောက်ငယ်တွင်ထည့်၍ ပေးအပ်တော်မူလိုက်လေသည်။
အပျိုတော်ခင်ညှာကလည်း ဝမ်းသာအားရနှင့်သယ်ဆောင်သွားရှာသည်။ သူ၏လှိုင်ထိပ်ခေါင်တင်သခင်မအား မျက်နှာလိုမျက်နှာရ အမှုထမ်းဆောင်ရခြင်း ကြောင့် ပျော်ရွှင်နေရှာသည်။ အစ်မတော် မိဖုရားကြီး၏ အဆောင်တော်မှာ ပျော်ပျော်ရွှင်ရွှင် စိတ်ပြေ လက်ပျောက် စံနေတော်မူမည်ဟု အာရုံပြုခဲ့ခြင်းကြောင့် ဖြီးလိမ်းပြုပြင်နံ့သာ ပန်းမာလ်ဆင်ယင်ကာ စိတ်ကြည်သာဟန်နှင့် စံနေလျက်ရှိသော အိမ်ရှေ့မိဖုရားလှိုင်ထိပ်ခေါင်တင်သည် ဘယ်ကဲ့သို့ပင်အပြင်ပန်းမှ ကြည်သာချမ်းမြလေဟန် ဟန်ဆောင် နေရသော်ငြားလည်း အတွင်းအဇ္ဈတ္တ သန္တာန်စိတ်နှလုံးကအမှန်မှာ ကြည်သာတော်မမူနိုင်ရှာဘဲ စိတ်ထဲမှာထာဝစဉ်အမြဲ မောင်တော် ထံကိုသာ တဝဲလည်လည်ရောက်နေရှာသူဖြစ်ပါသည်။ ဘယ်လိုပင် စိတ်နာစေကာမူ ချစ်စိတ်မကုန်နိုင်ရှာသူဖြစ်၍ တငွေ့ငွေ့ လောင်ကျွမ်းကာ ချစ်ဝေဒနာခံစားနေရရှာသူလည်းဖြစ်ပါသည်။ သို့ကြောင့် အချစ်ကြောင့် စိတ်ဒုက္ခခံစားနေရသမျှနာကြည်းမှုနှင့် ပိတ်ကာဆီးသို့ ပိတ်နေရရှာသည်။
ကိုယ်က ဘယ်မျှချစ်ခင်နေသော်လည်း မောင်မောင်ကတော့ ရက်စက်လှသည်။ ကိုယ့်အပေါ်၌ မချစ်ပြင်ပြင် ခင်မင်မှုခေါင်းပါး နေသူအပေါ်၌ သတိတော်ရနေသမျှ စိတ်ဒုက္ခကို ရင်ဝယ်ပိုက်ထားသကဲ့သို့သာဖြစ်ရလေပြီ။ သည်ဒုက္ခကို ရင်၌ပိုက်၍ မထားတော့ နိုင်ပြီဟု ချီတုံချတုံ အချိန်ကုန်ခဲ့ရရှာသည်။
အစ်မတော်ဘုရားက စိတ်ပြေလျှင် မြောက်အိမ်တော်မှာ ပြန်၍စံနေရန် အတန်တန် တိုက်တွန်းမိန့်ကြားတော်မူသော်လည်း ဘယ်နည်းနှင့်မျှ စိတ်တော်ပြေအောင် ဖြေဖျောက်၍ ရတော်မမူနိုင်။ ချင်းစိမ်းနှင့်မိဿလင်ကဲ့သို့ သူကြင်မှ ကိုယ်ကြင်ရမည်။ သူကမှမကြင်ဘဲ မိမိကလည်း မချစ်မခင် မကြင်မနာ စိမ်းကားစွာနေရတော့မည်ဟုသာ ကြံစည်းရိုးရင်း နှလုံးသွင်း လျက်ရှိ၏။ သို့သော် တစ်ချက်တစ်ချက်က စိတ်က မောင်တော်ထံ ရောက်၍ရောက်၍ သွားရပြန်သေးသည်။
ဆက်လက်ဖော်ပြပါမည်။