ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

အမှတ်စဉ်(၉၂)

ယင်းသို့လျှင် ချီတုံချတုံဖြင့် မိမိကိုယ်ကိုမိမိ နိုင်နင်းစေရန် အားမာန်တင်းကာ အချစ်လာလျှင် အနာနှင့်ဆို့၍ နေတော်မူရှာဆဲမှာ အဆောင်တော်ထဲသို့ ဝင်ရောက်လာသော အပျိုတော်ကလေးခင်ညှာကို တွေ့မြင်တော်မူရလေသည်။ ခင်ညှာ၏ မျက်နှာမှာလည်း ခါတိုင်းနှင့်မတူ တစ်မူထူးခြားနေသည်။ သူ့မျက်နှာကရွှန်းရွှန်းစားစား ကြည်ကြည်လင်လင်နှင့် အပါးတော်တွင် ဝင်ရောက်ခစား လာသည်။

သို့ကြောင့် “ဘာအကြောင်းများ သံတော်ဦးတင်မယ်လို့လဲ ခင်ညှာ” ဟူ၍ အမိန့်တော်သာလျှင်ပင် ခင်ညှာကလည်း မဆိုင်းမတွ...

“ဖျကျွန်မ မြောက်အိမ်တော်ကို ဖိနပ်တော်များယူရန် ရောက်ခဲ့ရပါကြောင်း၊ ဖျ ကျွန်မလာတာကိုအိမ်ရှေ့ကိုယ်တော်ကြီးဘုရား မြင်တော်မူတော့...”

“ဟဲ့ ခင်ညှာ၊ လာဦး” လို့ခေါ်တော်မူပြီး “ဟောဒီအလွှာတော်ကို မယ်မင်းသခင်မအား ဆက်လိုက်ပါလေ။ ငါကဆက်ခိုင်းသည် လို့လည်း လျှောက်ထားလိုက်ပါ” လို့အမိန့်တော်ရှိပြီး “ဟောသည် အလွှာတော်ကိုသနားတော်မူလိုက်ပါတယ် ဘုရား” ဟု လျှောက်တင် ကာ ရွှေကျည်တောက်နှင့် အလွှာကိုတစ်ခါတည်း လက်တော်ရောက်ဆက်သလိုက်လေသည်။

လှိုင်ထိပ်ခေါင်တင်က အလို-ဟု တအံ့တသြအမိန့်တော်မူလိုက်ပြီး ဘာအလွှာပါလိမ့်ဟုဆိုကာ စက္ကူလွှာကိုထုတ်ယူပြီး ဖတ်ရှုတော်မူလိုက်လျှင် “ဖူးပွေ့လက်တင်ချီ” သော ဘောလယ်ကို တွေ့ရှိတော်မူသွားလေသည်။

“ဟင် မောင်မောင်က ထင်သလောက် ရက်စက်စိမ်းကားတော်မမူသေးပါကလား” ဟု အတွေးတော်များဝင်လျက် မျက်နှာတော်မှာ တိမ်တိုက်ကြားကလရထားထွက်ပြူလာသလို ရွှင်ချိုလင်းလက်သွားရှာသည်။

အနားက အကဲခတ်နေသော ခင်ညှာကို သတိရလာမှ အမှတ်မထင် ဣန္ဒြေပြင်လိုက်ရသည်။ သို့သော် ခင်ညှာကလည်း မိန်းမပါး ကလေးပင်။ သူ့သခင်၏ကြည်လင်ဝင်းဝါသွားသော မျက်နှာတော်အနေအထားကို ရိပ်စားမိပြီးသား ဖြစ်သွားလေသည်။

သို့ကြောင့်ပင် “ကိုယ်တော်ကြီးဘုရားက အလွှာတော်ပါးပြီး ဘယ်လိုမိန့်ကြားတော်မူပါသလဲဘုရား” ဟုမရဲမဝံ့နှင့် စွန့်စား၍ လျှောက်တင် လိုက်မိရှာသည်။

“ဘာမှမဟုတ်ပါဘူး ငညှာရယ်၊ သူ့မယ်ခေါင်ခေါင်မရှိလို့ သတိရလွမ်းဆွတ်တော်မူနေရပါသတဲ့။ သူ့အပေါ်မှာ ကြည်သာတော်မူဖို့ တောင်းပန်တဲ့အနေနှင့် ဘောလယ်သီချင်းတွေ ဘာတွေ ရေးပေးတော်မူလိုက်တာပါ၊ဒါမှ မကျေနပ်သေးလျှင် သူ့အသက်ကိုပင် ပေးဆပ်ချင်ပါသတဲ့လေ”

“ဟုတ်လိုက်လေ ဘုရား၊ ခေါင်ဘုရားကလည်းကိုယ်တော်ကြီးအပေါ်မှာ ကျေတော်မူသင့်လှပါပြီဘုရား၊ ကိုယ်တော်ကြီးတစ်ပါးတည်း စံနေတော်မူရရှာလို့ သနားတော်မူသင့်ပါရဲ့ဘုရား”

“အင်း ငညှာကပေတဲ့  ရှေ့နေတော်  အလိုက်ကောင်းကြီးပါလား။ ခေါင်ခေါင်က မသနားပေမဲ့ သူ့မှာ သနားမယ့် ချစ်မယ့်သူတွေ ပြည့်လို့ဟဲ့”

“မဟုတ်ပါဘူး ဘုရား၊ ဟိုဟာတွေက တခြားပါ၊ ခေါင်ဘုရားမှ ခေါင်ဘုရား တစ်ပါးတည်းကိုသာ ရည်ရွယ်ရမှာဖြစ်ပါတယ်ဘုရား”

“အို စဉ်းစားရဦးမှာပကွယ်၊ ကဲကဲ ဒီဘောလယ်ကိုခင်အုံကဆိုပြီး ခင်ညိုက စောင်းတီးဆက်တော်မူကြစမ်းပါစေ” ဟု မိန့်တော်မူ လိုက်သည့်အတိုင်း အဆိုနှင့် အတီးကို စည်းဝါးတကျနားသောတ ဆင်တော်မူနေလေသည်။

အကြောင်းရင်း ဇာစ်မြစ်အခြေခံက ရင်တွင်းဝယ်အခံရှိပြီး ဖြစ်နေသည်တွင် အမျက်ဖြေဘောလယ်ကလည်း စာသားအဓိပ္ပာယ်က ထိထိမိမိရှိလျက် စည်းချက်ဝါးချက်နှင့် အတီးအဆိုတို့က တွဲဖက်ကူညီဖေးမပေါင်းစည်းပေးလိုက်ကြသောအခါ သဒ္ဓါရုံပြည့်လျှမ်းကာ အိမ်ရှေ့ကိုယ်တော်ကြီးအား သနားကြင်နာမှုတွေ ဖြိုးဝေဆင့်ကဲလာပြန်သည်။

“သူ့ခမျာ တကယ်တော့ စိမ်းကားရက်စက်နိုင်တော်မမူရှာပါကလား။ ငါဟာ ငါးပါးမာန်တက်မိတာ အမှန်ဖြစ်ပါလိမ့်မယ်” ဟု ကိုယ့်ကိုယ်ကိုယ်ပင် အပြစ်တင်မိချင်သလိုလို ရှိရှာပြန်သည်။

အပျိုတော်ကလေးများသည် သူတို့သခင်မစိတ်တော်ပြေလည်မှုရလေပြီဟု တိုးတိုးတိတ်တိတ်ကျိတ်၍ ဝမ်းသာနေရှာကြလေသည်။

လှိုင်ထိပ်ခေါင်တင်ကိုယ်တိုင်ကလည်း ယခင်ကလောက် မျက်နှာတော်မညိုဘဲ ပကတိမျက်နှာနှင့်တိမ်လွှာကင်းသော လမင်းပမာ ကြည်ကြည်သာသာ ဖြစ်နေရှာလေသည်။

နန်းတွင်း၌ အိမ်ရှေ့မင်း၏ဖူးပွေ့လက်တင် ဘောလယ်အကြောင်း၊ လှိုင်ထိပ်ခေါင်တင်က စိတ်တော်ပြေစပြုနေပြီဖြစ်ကြောင်းများ တိုးတိုးစကားနှင့် သတင်းများ လွင့်လာကာ မြို့ပြင်ကမင်းမှုထမ်း ရပ်ကွက်တို့မှာပင်သတင်းပေါက်ကြားလာသည်အထိ အခြေအနေ ကဖြစ်လာလေ၏။

အစ်မတော်မိဖုရားကြီးက အရင်ဆုံးကြားသိတော်မူသည်က မှန်နန်းအပျိုတော်ကြီးများက လျှောက်တင်ကြခြင်းဖြစ်လေသည်။ ညီမတော် လှိုင်ထိပ်ခေါင်တင်စိတ်ပြေတော်မူစေရန် အဆင်းတွန်း နားချတော်မူရုံမက မင်းတုန်းမင်းတရားကြီးအားလည်း မိဖုရားကြီး ကသတင်းကြားသိတော်မူစေသည်။

မှန်နန်းဆောင် အပျိုတော်ကြီးများနှင့်တကွ အပျိုတော်ငယ်များပါမကျန် အမျက်တော်ပြေစေရန် ဝိုင်းဝန်းနားချကြပြန်သည်။

လှိုင်ထိပ်ခေါင်တင်ကိုယ်တိုင်ကလည်းအခါများစွာစာလွှာတော်ကို ထပ်ခါမပြတ် ဖတ်ရှုတော်မူရင်း သက်ပြင်းခဏခဏ ချတော်မူမိ သောအခြေသို့ ရောက်တော်မူနေပေသည်။

အိမ်ရှေ့ကိုယ်တော်ကြီးက နှမတော်လှိုင်ထိပ်ထားအား ငါးပါးမာန်တက်သူရယ်လို့ တင်စားတော်မူလိုက်သည့် အရွယ်ဂုဏ်၊ အလှဂုဏ်၊ အကျင့်သိက္ခာဂုဏ်၊ပညာဂုဏ်၊ ခမည်းတော်မယ်တော်ဂုဏ်နှင့် မင်းတုန်းမင်းတရားကြီးနှင့် မိဖုရားခေါင်ကြီးတို့၏  မြတ်နိုးချစ်ခင်စွာ မြှောက်စားတော်မူထားခြင်းခံရသော ဂုဏ်များကြောင့် လှိုင်ထိပ်ထားမှာ မာန်တက်စရာတွေရှိနေလေသည်။

သို့ရာတွင် လှိုင်ထိပ်ထားမှာ ထိုမာန်မာနများကြောင့်မဟုတ်လေဘဲ မိမိက သည်းလှိုက်အူလှိုက် အိမ်ရှေ့ကိုယ်တော်ကြီးအား ချစ်ခင်မြတ်နိုး၍ ယုံကြည်အားကိုးခဲ့သော အချစ်မာန်တက်ခြင်းသာဖြစ်ရာ၊ “အချစ်ကြီးလျှင် အမျက်ကြီးသည်” ဆိုသော စကား အတိုင်း မိမိ၏ အချစ်ပမာဏရှိသလောက် ချစ်မုန်းမာန်တက်ခဲ့ခြင်းသာဖြစ်လေသည်။

ချစ်လျှင်အကျိုး၊ မြတ်နိုးတော့သဒ္ဓါဆိုသော စကားမှာကဲ့သို့မချစ်လျှင်   အပြစ်မြင်ကြစမြဲဖြစ်သည်ဟုအိမ်ရှေ့ကိုယ်တော်ကြီးက မိမိ မတော်ယောင်မှား၍လက်သုံးတော်ဓားအား ကိုင်မိလိုက်မှားခြင်းကိုက လှိုင်ထိပ်တင်က    မချစ်လို့အပြစ်ဖြစ်သွားခြင်းခံရကြောင်း။

ဒီကိစ္စနှမတော်က ကျေနပ်တော်မူလျှင် သူ၏အသက်ကိုပင်လျော်ကြေးပေးဆပ်ကာ စိတ်ကျေတော်မူအောင်ဆောင်ရွက်ပါမည်။ ဒီသီလဝင်ရွှေဓားကို နှမတော်အား ဆက်သ၍ အသက်နှင့်တကွ ပေးဆပ်ရန်အသင့်ရှိပါကြောင်း စသောအဓိပ္ပာယ်များကို ပြန်လည် စဉ်းစားတော်မူမိသည်။         

 ဆက်လက်ဖော်ပြပါမည်။