“တင်တင်က မချစ်လို့အပြစ်မြင်သည်မဟုတ်ပါ။ မောင်တော်ကသာ ပြိုတော့မည့်မိုးလို ရွှေမျက်နှာ ရှစ်ခေါက်ချိုးနှင့် သီလဝင်ဓားရိုးကို ကိုင်တော်မူခြင်းပါကလား” ဟု တစ်ပါးချင်းစိတ်တွင်းက ဆင်ခြေပေးနေမိသေးသည်။
သို့ရာတွင် ဖြစ်ရင်းဇာစ်မြစ်အား အမြစ်က ပြန်လှန်၍ အမှန်ကို “ထေ” လိုက်လျှင် ဤတွင် စိတ်ကျေနပ်တော်မူရန် အကြောင်းတွေကသာ ဝိုင်းအုံ၍လာနေကြတော့သည်။
အစ်မတော် မိဖုရားကြီးနှင့်တကွ အဆောင်တော်သူတွေက ဝိုင်းဝန်းနားချကြသဖြင့်လည်း စိတ်ထဲတွင် မကျေလည်မှုများက တစ်စတစ်စနှင့် တဖျင့်တပါးလွင့်ပါးပျောက်ကွယ်ကုန်ကြသလောက်ရှိတော့သည်။
“ညီမတော်လေး ထိပ်တင်ကောက်တစ်ယောက်တည်း စံနေတော်မူရတာ သနားစရာကောင်းလှပါသည်။ မြောက်အိမ်တော်ဆီသို့ ပြန်လည်တော်မမူချင်သေးဘူးလား” ဟု မိန့်တော်မူလိုက်သော အစ်မတော် မိဖုရားကိုပင် “ဖြည်းဖြည်းတော့ တင်တင်ပြန်ပါ့မယ်ဘုရား” ဟူ၍ ပြန်လည်လျှောက်တင်ခြင်းအမှုကို ပြုလိုက်လေပြီတည်း။
သို့သော် လှိုင်ထိပ်တင်သည် မောင်တော်ကိုစိတ်ပြေလည်သည်နှင့် ရုတ်တရက်ကောက်ကာငင်ကာ မြောက်စံအိမ်တော်သို့ ပြန်ကြွတော်မူရမှာကိုလည်း အနည်းငယ်ရှက်စနိုး ဖြစ်တော်မူနေပြန်သေးသည်။
ထို့ကြောင့် အနည်းငယ်ရက်ရှည်သွေးကာ စံနေတော်မူလျက်ရှိရာမှ အဆောင်တော်မှ မိမိ၏ အပျိုတော်များသည် မြောက်အိမ်တော်နှင့် ရက်ကန်းရှယ်သကဲ့သို့ ထွက်ချည်ဝင်ချည် အလွန်များနေကြသည်။
သူတို့သည် မိမိတို့အရှင်သခင်ဖြစ်သူ အိမ်ရှေ့ကိုယ်တော်ကြီးအား သတင်းကောင်းပါးနေကြသူဖြစ်ရာ အိမ်ရှေ့မင်းသည် ကောင်းစွာ သိရှိတော်မူလေသည်။
အိမ်ရှေ့ကိုယ်တော်ကြီးက နှမတော်လှိုင်ထိပ်ထား စိတ်ပြေတော်မူသွားပြီ ဖြစ်ကြောင်း သိတော်မူလျှင် တင်တင်ပြန်ကြလာတော့မည် ထင်တော်မူမိသည်။
သို့သော် ၄-၅ ရက်ရှိသည့်တိုင်အောင် ပေါ်လာတော်မမူသေးသဖြင့် “မည်သို့သော အကြောင်းကြောင့် အချိန်နှောင်းတော် မူနေပါလိမ့်” ဟု အသစ်တစ်ဖန်ထပ်မံ တွေးချင့်တော်မူရပြန်သည်။
အကြောင်းဘယ်သို့ဟု သိတော်မူရန် အပြန်အလှန်ရက်ကန်းရှယ်နေကြသူတွေ အပျိုတော်များအနက်မှ လက်ရင်းကျကျလှိုင်ထိပ်ထား၏ အချစ်တော်လည်းဖြစ်၊ သားတော်ထန်းတပင်မင်းသားကလေး ငယ်စဉ်က အထိန်းတော်လည်းဖြစ်ခဲ့သူ အပျိုတော်ခင်ညှာအား---
“ဟဲ့ ခင်ညှာရဲ့ မယ်မင့်သခင်မက စိတ်ကျေတော်မူပြီလည်း ဆိုလေသေး၊ ခုတောင်မှအဆောင်တော်ကို ပြန်ကြွတော်မမူသေးပါလား ဟရို့”
ဤသို့ ရင်းရင်းနှီးနှီးတီးတိုးမိန့်တော်မူလိုက်သောအခါ ခင်ညှာလည်း မိန်းမပါးကလေးပင်တည်း။
“ခေါင်ဖုရား စိတ်တော်ပြေပေမင့် ရွှေကိုယ်တော်ကြီးဘုရားရဲ့ အခေါ်များ စောင့်လေသလား မလျှောက် တင်တတ်တော့ပါဘုရား” ဟူသော ရေလာမြောင်းပေးစကားဖြင့် ပြန်ကြားတင်လျှောက်လိုက်သောအခါ ကိုယ်တော်ကြီးကပြုံးတော်မူပြီး “သြော် ဒီလိုဆိုလျှင်လည်း ညီလာခံအပြီးမှာ ဝင်ခေါ်ခဲ့ရတာပ” ဟု အမိန့်ရှိခြင်းကြောင့် ခင်ညှာက ဝမ်းမြောက်ဝမ်းသာနှင့် လှိုင်ထိပ်ခေါင်တင်ထံ ပြန်လာခဲ့သည်။
ရောက်လျှင် သခင်မအား ကြိုတင်၍ အတိအလင်း မလျှောက်ဝံ့သေးစေကာမူ သူတို့အပျိုတော်အချင်းချင်း အတွင်းကျိတ်တီးတိုးစကားနှင့် သတင်းပြန့်ပွားသွားလေပြီ။ အိမ်ရှေ့ကိုယ်တော်ကြီးက နှမတော် လှိုင်ထိပ်ခေါင်တင်ကို ညီလာခံအပြီးမှာ ဝင်ရောက်ခေါ်ဆောင်တော်မူလိမ့်မည်တဲ့ ဟူသော ခပ်သဲ့သဲ့စကားသံ
တို့က တိတ်တဆိတ်ဆူညံလျက်ရှိနှင့်လေသည်။
အပျိုတော်ငယ်များမှတစ်ဆင့် မှန်နန်းအပျိုတော်ကြီးများနားသို့ ဤသတင်းကရောက်သွားပြန်လေရာ မှန်နန်းအပျိုတော်ကြီး များသိလျှင် ဤသတင်းကို နန်းမတော်မိဖုရားခေါင်ကြီး စကြာဒေဝီအား လျှောက်ထားကြပြီးဖြစ်လေသည်။
နန်းမတော်ကြီးကလည်း မိမိက ညီမတော် မြောက်အိမ်တော်သို့ပြန်ရန် မကြာခဏနားချတော်မူနေရင်းမှ သူ့မောင်တော်ကြီး လာခေါ်တော်မူလျှင်တော့ အသာတကြည်လိုက်ပါ သွားတော်မူရှာမည်ဟူ၍ မှတ်ထင်တော် မူပြီးသား ဖြစ်လေသည်။
နောက်တစ်နေ့နံနက်ပိုင်းတွင် မင်းတုန်းမင်းတရားကြီး၏ အဆောင်တော်၌ ညီလာခံသဘင်ကျင်းပလျက်ရှိ နေသည်။ အိမ်ရှေ့ကိုယ်တော်ကြီးနှင့်တကွ လွှတ်တော်ဝန်ကြီးများ၊ လွှတ်တော်ဝန်ထောက်များ၊ ဗြဲတိုက်အတွင်းဝန်များပါ လူအတော်ပင်စုံနေပါသည်။
မင်းတရားကြီးက တိုင်းရေး၊ ပြည်ရေး၊ သာသနာတော်အရေးများ ထုံးစံအတိုင်း ဆွေးနွေးတော်မူလျက်ရှိသည်။
ထိုအချိန်ဝယ် လှိုင်ထိပ်ခေါင်တင်၏ အပျိုတော်ငယ်များ တကျိတ်ကျိတ်နှင့် အလုပ်များ၍နေကြလေပြီ။
နံ့သာပန်းမန်များကိုလည်း ခါတိုင်းထက်ပို၍ ပြင်ဆင်ထားသည်။ ဝတ်လဲတော်များလည်း အဆင်သင့်ကလပ်
နှင့်တင်၍ လိုရာဆင်တော်မူနိုင်ရန် ကြိုကြိုတင်တင် စီမံခင်းကျင်းထားကြသည်။ သူတို့၏သခင်မ လှိုင်ထိပ် ထားကတော့ နံနက်စက်ရာမှထသည်နှင့်မျက်နှာသစ်၊ တံပူစား၍ ချိုးရေတော်များသုံးပြီး ဖြစ်သည်။ နံ့သာပန်းမန်လိမ်းကျံပြီးဖြစ်သည်။ ဝတ်လဲတော်သစ်များလည်း လဲလှယ်ဝတ်ဆင်ပြီးဖြစ်သည်။
သည်ကိစ္စတွေက ထိပ်ခေါင်တင်နေ့စဉ်ပြုလုပ်နေကျကိစ္စတွေဖြစ်သည်။
သို့ကလို ပြုပြင်ဖြီးလိမ်းပြီး ဖြစ်နေပါလျက် ဘယ်အတွက် ဝတ်လဲတော်အသစ်တွေဆက်ပြန်ပါလိမ့်၊ နံ့သာပန်း ကလပ်များ တစ်ဆင့်ထပ်၍ ထားလာကြ ပြန်ပါလိမ့်ဟု တွေးဆတော်မူနေမိသည်။
ခင်ဖြူကလည်း တစ်နေရာတွင် လှိုင်ထိပ်ထား၏ ဝတ်လဲတော်များအား ခေါက်သိမ်းပြုပြင်နေသည်ကို တွေ့မြင်တော်မူရပြန်သည်။ သူတို့မျက်နှာတွေကြည့်ရသည်မှာ ယမန်နေ့တွေကထက်ပင် ကြည်လင်ရွှင်ပျနေကြသည်ဟုထင်သည်။
သို့ရာတွင် လှိုင်ထိပ်တင်က အပျိုတော်များကို တစ်စုံတစ်ရာမေးမြန်းတော်မမူဘဲ အမှတ်မထင် သလွန်ပေါ်တွင် စံနေတော်မူလျက်ရှိသည်။
သလွန်တော်၏ လက်ယာဘက်မှာ ယွန်းပေါင်ကလပ်ကြီးနှင့် တင်ထားသော ပုရပိုက်များ အနက်မှရေး လက်စပုရပိုက်တစ်ဆူကို အသာဆွဲယူတော်မူလိုက်ပြီး ယမန်နေ့က ရေးသား၍ အဆုံးမသတ်ရသေးသော ဝိဇယကာရီ ဝတ္ထုကြီးမှ သဖြန်ငယ်တစ်ပုဒ်ကို ဆက်လက် ရေးသားရန် ရွှေရိုးစွပ်သော ကန့်ကူဆံကိုကိုင်လျက် ရှေ့ဆက်ရေးရန် စဉ်းစားဉာဏ်ဝင်နေတော်မူပြန်သည်။
အိမ်ရှေ့ကိုယ်တော်ကြီးသည် နောင်တော်ရွှေနန်းရှင်ထံ ညီလာခံဝင်ရာမှ ညီလာခံစဲသည်နှင့် အစ်မတော် စကြာဒေဝီမိဖုရားခေါင်ကြီး အဆောင်တော်သို့ ဝင်ရောက်မည်ဖြစ်ပါကြောင်း နောင်တော်ဘုရားအား လျှောက်တင်၍ ဦးချသောအခါ . . . .
မင်းတုန်းမင်းတရားကြီးက “ညီပုရယ် အစ်မအဆောင်တော်ရောက်မှတော့ မဖွားကြီးကို တစ်ပါတည်းခေါ် သွားလိုက်ပါရော့လား”ဟု ခပ်ပြုံးပြုံးမိန့်တော်မူလျှင်-
“မှန်ပါ ... ခေါ်သွားပါတော့မည် နောင်တော်ဘုရား” ဟု အာမခံ လျှောက်တင်လာခဲ့ပြီးနောက် လက်သုံးတော် တစ်ယောက်အား ဗြဲတိုက်ဆောင်အနီး မြောက်စမုတ်လှေကားတွင်ရှိသော ဝေါတော်ကို တောင်စမုတ်လှေကားဦးတွင် လာရောက်စောင့်နေစေရန် မိန့်တော်မူလိုက်လေသည်။
ဒဂုန်ခင်ခင်လေး