၂ဝ၂၂ ခုနှစ်အတွင်း သတိထား စောင့်ကြည့်ရမည့် ကမ္ဘာ့နိုင်ငံများ၌ ဖြစ်ပွားနေသည့် ပဋိပက္ခများ
ကမ္ဘာ့နိုင်ငံများအတွင်း ဖြစ်ပွားနေ သည့် ပြည်တွင်းရေး ပဋိပက္ခများသည် ပြည်ပနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ပိုမိုကြီးမားသည့် ပဋိပက္ခအဖြစ် ပြောင်းလဲလာနိုင်သည့် အန္တရာယ်ရှိသည်ဟု လေ့လာသုံးသပ်သူများက ဆိုကြသည်။သုံးသပ်သူများ၏ အဆိုပါပြောဆိုချက်ကို ယနေ့ကမ္ဘာ့နိုင်ငံ အများအပြား၌ ဖြစ်ပွားနေသည့် ပဋိပက္ခများက သက်သေခံလျက်ရှိသည်။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့အင်အားကြီး နိုင်ငံများ ပါဝင်နေသည့် ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေများသည် ယခုအခါ ပိုမိုအန္တရာယ်ရှိလာနေပြီဖြစ်သည်။ တရုတ်(တိုင်ပေ)အရေးနှင့် စပ်လျဉ်း၍ အမေရိကန်နှင့် အာရှအင်အားကြီး တရုတ်နိုင်ငံတို့ကြား ၂ဝ၂၂ ခုနှစ်၌ တင်းမာမှုများ ဖြစ်ပွားနေမည်ဖြစ်သော်လည်း ကြီးမားသည့် ပဋိပက္ခ တစ်ခုအဖြစ် ပြောင်းလဲလာမည့် အလားအလာ နည်းပါးလျက်ရှိသည်။
သို့ရာတွင် တောင်တရုတ်ပင်လယ် ဒေသအနီး တိုးမြှင့် လုပ်ဆောင်လာသည့် စစ်ရေးလှုပ်ရှားမှုများသည် ဒေသတွင်း နိုင်ငံများကြား တင်းမာမှုများကို မြင့်တက်လာစေနိုင်သည်။ အကယ်၍ အီရန်နျူကလီးယား ဆွေးနွေးမှု မအောင်မြင်ဘဲထပ်မံရပ်ဆိုင်းမည် ဆိုပါက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့သည် ယခုနှစ်အတွင်းမှာပင် အီရန်၏ နျူကလီးယား စက်ရုံများကို ဖျက်ဆီးပစ်ရန် ကြိုးပမ်းမည့်အလားအလာများ ထွက်ပေါ်လာဖွယ်ရှိသည်။
အလားတူပင် အမေရိကန် ဦးဆောင်သည့် NATOတပ်ဖွဲ့၏ လုပ်ဆောင်ချက် များကိုလည်း ရုရှားနိုင်ငံက အနီးကပ် စောင့်ကြည့်လျက်ရှိသည်။ သို့သော် ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်နိုင်ငံဖြစ်သည့် အမေရိကန်နှင့် ရုရှားတို့အနေဖြင့် ၎င်းတို့ကြား အင်အားသုံး ဖြေရှင်းရမည့် နည်းလမ်းကို ရွေးချယ်မည့် အလားအလာ နည်းပါးလျက်ရှိသည်။
အထူးသဖြင့် အမေရိကန်သည် အာဖဂန်နစ္စတန်မှ အရှုံးကိုပိုက်၍ ၎င်းတို့၏တပ်များကို ပြန်လည်ရုပ်သိမ်း လာခဲ့ရသည့်အပြင် အရှေ့အလယ်ပိုင်းဒေသ၌ဖြန့်ကြက်ထားသည့် တပ်ဖွဲ့များမှာလည်း စိန်ခေါ်မှုများ၊ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် ၂ဝ၂၂ ခုနှစ်အတွင်း အလေးထား စောင့်ကြည့်ရမည့် ပဋိပက္ခများအနက် တချို့ကို ထုတ်နုတ်ဖော်ပြပေးလိုက်ပါသည်။
အမေရိကန်နှင့် တရုတ်တို့ကြားတင်းမာမှု
အမေရိကန်သည် အာဖဂန်နစ္စတန်မှ စစ်သည်များအား ပြန်လည်ရုပ်သိမ်းပြီး နောက်ပိုင်း မကြာမီ အင်အားကြီးထွားလာကာ လွှမ်းမိုးမှုကို တိုးချဲ့လာသည့် တရုတ်နိုင်ငံကို တန်ပြန်နိုင်ရေးအတွက် သြစတြေးလျ၊ ဗြိတိန်နိုင်ငံတို့နှင့် ပူးပေါင်း၍ သုံးနိုင်ငံမဟာမိတ် အဖွဲ့ကိုဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့ကို AUKUS ဟု လူသိများသည်။
အဆိုပါအဖွဲ့၏ သဘောတူညီချက်အရ အမေရိကန်နှင့်ဗြိတိန်တို့က သြစတြေးလျ နိုင်ငံအား နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော နည်းပညာကို ဝေမျှပေးမည် ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရပါမူ သြစတြေးလျနိုင်ငံအား နျူကလီးယား ရေငုပ်သင်္ဘောများ ပိုင်ဆိုင်လာစေရန် အမေရိကန်နှင့် ဗြိတိန်တို့က အကူအညီ ပေးမည်ဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ တရုတ်အစိုးရအား ဒေါသထွက်စေခဲ့သော အကြောင်းမှာ အဆိုပါ သဘောတူညီချက်သည် ဒေသအတွင်း လွှမ်းမိုးမှုချဲ့ထွင်လာသည့် မိမိတို့နိုင်ငံအား တန်ပြန်ခြင်းဖြစ်သည်ဟု တရုတ်အစိုးရက ရှုမြင်ခဲ့သည်။ ထို့ပြင် AUKUS သဘော တူညီချက်သည် ဒေသတွင်း လက်နက် အပြိုင်တပ်ဆင်မှုကို ဖြစ်ပေါ်စေနိုင်သည် ဟူသော ဝေဖန်မှုများကိုပါ မြင့်တက်လာစေခဲ့သည်။
တရုတ်အစိုးရအနေဖြင့် အမေရိကန်၌ ဂျိုးဘိုင်ဒင် သမ္မတအဖြစ် တက်ရောက်လာပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာစေမည်ဟု မျှော်လင့်ခဲ့သော်လည်း ယင်းမျှော်လင့်ချက်မှာ အရာမထင်ခဲ့ပေ။
ယခုအခါ တရုတ်အစိုးရသည် ယခင် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် ထက်ပင်ပို၍ စိုးရိမ်မကင်း ဖြစ်လာနေပြီဖြစ်သည်။
လက်ရှိ သမ္မတဂျိုးဘိုင်ဒင်သည် အာဏာရလာပြီး နောက်ပိုင်းတွင် ဒေါ်နယ်ထရမ့် အစိုးရလက်ထက်က တရုတ် ကုန်ပစ္စည်းများအပေါ် ချမှတ်ခဲ့သည့် အခွန်တိုးမြှင့် ကောက်ခံမှုကို မရုပ်သိမ်းရန် ဆုံးဖြတ်လိုက်ခြင်းသည် တရုတ်အစိုးရ၏ စိုးရိမ်မကင်းဖြစ်မှုကို ပိုမိုခိုင်မာလာစေခဲ့သည်ဟု ဆိုနိုင်သည်။
ထို့ပြင် AUKUS သုံးနိုင်ငံ သဘောတူညီချက်ကို ချမှတ်လိုက်ခြင်းသည် အမေရိကန်နှင့် အပေါင်းအပါတို့၏ တရုတ်တန်ပြန်ရေး ကြိုးပမ်းချက်ကို ဖုံးကွယ်၍ မရနိုင်လောက်အောင် ပိုမိုပေါ်လွင်လာစေခဲ့သည်။
ထို့ကြောင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ အနေဖြင့် ၎င်းတို့ကြားရှိ တင်းမာမှုများ လျော့ကျလာစေရန် မည်သို့မည်ပုံ လုပ်ဆောင်မည်ကို ယခုနှစ်အတွင်း အနီးကပ် စောင့်ကြည့်ရဖွယ်ရှိသည်။
အီရန်-အမေရိကန်-အစ္စရေး အမေရိကန်၌ ဂျိုးဘိုင်ဒင် ဦးဆောင်သည့် အမေရိကန် အစိုးရသစ် တက်ရောက်လာပြီးနောက် သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်အတွင်း အီရန်နှင့် အမေရိကန်တို့ကြား ဖြစ်ပွားသည့် သဘောထားကွဲလွဲမှုမှာ ပျောက်ကွယ်လျော့ပါးသွားပြီဟု မျှော်လင့်ခဲ့ကြသော်လည်း လက်ရှိကျင်းပနေသည့် အီရန်နျူကလီးယား ဆွေးနွေးပွဲ အောင်မြင်မည့် အလားအလာ နည်းပါးနေခြင်းသည် မသေချာမှုများကို ထပ်မံထွက်ပေါ်လာစေခဲ့သည်။
ဂျိုးဘိုင်ဒင်သည် အီရန်နျူကလီးယား သဘောတူညီချက်တွင် ပြန်လည်ပါဝင်မည်ဟူသော ကတိကဝတ်နှင့် သမ္မတဖြစ်လာသူဖြစ်သည်။ သို့ရာတွင် အီရန်၏ နျူကလီးယားအရေး ဆွေးနွေးပွဲများ စတင်ရန် လုပ်ဆောင်ရာတွင် အချိန်ယူနေပြီး နှစ်နိုင်ငံကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေရေးအတွက် အလျှော့ပေးရန် တွန့်ဆုတ်နေခဲ့သည်။
အီရန်၌ ၂ဝ၂၁ ခုနှစ် ဇွန်လက ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အီဘရာဟင်ရာအီဆီ အနိုင်ရရှိခဲ့သည်။ အီဘရာဟင်သည် ယခင်သမ္မတဟောင်း ဟက်ဆန်ရူဟာနီထက် အယူအဆခိုင်မာသူဖြစ်သည်။ တစ်ချိန်တည်းမှာပင် အီရန်သည် အစိုးရသစ် လက်ထက်တွင် ၎င်းတို့၏ နျူကလီးယား အစီအစဉ်ကို ယခင်ကထက် တိုးမြှင့် လုပ်ဆောင်လာခဲ့သည်။
အီရန်၏ အဆိုပါ လုပ်ဆောင်ချက်များသည် အရှေ့အလယ်ပိုင်း ဒေသရှိ အမေရိကန်၏ မဟာမိတ်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အစ္စရေးအား စိုးရိမ်မှုမြင့်တက်လာစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အီရန်က နျူကလီးယား အစီအစဉ်အား တိုးမြှင့်လုပ်ဆောင်ခြင်းကို အစ္စရေးက အလိုမရှိပေ။ထို့ကြောင့် အီရန်၏ နျူကလီးယားစက်ရုံများကို လေကြောင်းမှ တိုက်ခိုက်ဖျက်ဆီးရန် စီစဉ်နေသည်ဟူသော သတင်းများ ထွက်ပေါ်လျက်ရှိသည်။ သို့ရာတွင် အီရန်အနေဖြင့် အမေရိကန်အား ဖိအားပေးသည့်အနေဖြင့် ယခင်က ရပ်ဆိုင်းထားသည့် နျူကလီးယား ဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်လာဖွယ်ရှိသည်။
ထို့ကြောင့် အီရန်၏ နျူကလီးယား သဘောတူညီချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် သဘောတူညီချက်သစ်များ ချမှတ်နိုင်ခြင်းမရှိပါက အီရန်-အမေရိကန်-အစ္စရေးတို့ကြား အီရန်၏ နျူကလီးယား အစီအစဉ်သည် ပဋိပက္ခမီးတောက်ကြီး တစ်ခုဖြစ်ပေါ်စေမည့် မီးစတစ်ခုဖြစ်လာနိုင်သည့် အလားအလာရှိပါကြောင်း ရေးသားလိုက်ရပါသည်။ ။