မြန်မာ့လွတ်လပ်ရေးနှင့် တပ်မတော်၏ အမျိုးသားရေး အစဉ်အလာ

မြန်မာ့လွတ်လပ်ရေးနှင့် တပ်မတော်၏ အမျိုးသားရေး အစဉ်အလာ

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုဆောင်းပါး

မြန်မာနိုင်ငံသည် ကိုလိုနီနယ်ချဲ့နှင့် ၁၈၂၄ ခုနှစ် တွင် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ၊ ၁၈၅၂ ခုနှစ်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ၊  ၁၈၈၅  ခုနှစ်တွင် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲဟူ၍ စစ်သုံးကြိမ်ဖြစ်ပွားပြီးနောက် ၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ တစ်နိုင်ငံလုံး နယ်ချဲ့လက်အောက် ကျရောက်ခဲ့သည်။

ထိုစဉ်က မြန်မာတိုင်းရင်းသားတို့သည် ရရာလက်နက်စွဲကိုင်၍နယ်ချဲ့ဗြိတိသျှတို့အား မျိုးချစ်စိတ်ဓာတ် စွမ်းအား၊ လက်ရုံးရည်စွမ်းအားတို့ဖြင့် သူ့ကျွန်မခံတော်လှန် တိုက်ခိုက်ခဲ့သော်လည်း လက်နက်အင်အား မမျှသဖြင့်အရေးနိမ့်ကာ အားမတန်မာန်လျှော့လိုက်ရသည်။ မြန်မာနိုင်ငံတော် သူ့ကျွန်ဘဝ ကျရောက်ခြင်းအပေါ်  သင်ခန်းစာဖော်ထုတ်သော် ထိုအချိန်က အင်အားတောင့်တင်း ခိုင်မာသော တပ်မတော်တစ်ရပ် မရှိခဲ့၍ဖြစ်ကြောင်း တွေ့ရှိရမည်ဖြစ်သည်။

မြန်မာတို့ကျွန်ဘဝ ကျရောက်ခံခဲ့ရသော်လည်း ဇာတိမာန်လုံးဝ ပျောက်သွားသည်မဟုတ်ဘဲ မီးခဲပြာဖုံးသဖွယ် ခေတ္တငုပ်လျှိုးနေခြင်းသာ ဖြစ်သည်။ နယ်ချဲ့တို့၏ မတရားဖိနှိပ် ချုပ်ချယ်ကုပ် သွေးစုပ်ခြင်းကို မခံရပ်နိုင်သဖြင့် ၁၈၉၇ ခုနှစ်ခန့်မှစ၍ မြန်မာနိုင်ငံရှိ အချို့သောမြို့ကြီးများတွင် နိုင်ငံရေး လှုပ်ရှားမှု၏ ရှေ့ပြေးလုပ်ငန်းရပ်များအဖြစ် ဘာသာရေးအသင်းအဖွဲ့များ တည်ထောင်ဖွဲ့စည်းကာ လူထုစည်းရုံးရေး လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။ ဦးစွာပထမ မော်လမြိုင်မြို့တွင် သာသနာ့ဓရအသင်း၊ မြင်းခြံမြို့တွင် ဗုဒ္ဓဘာသာ ကလျာဏမိတ္တအသင်း၊   မန္တလေးမြို့တွင်  ဗုဒ္ဓသာသနာ့နုဂ္ဂဟအသင်း၊ ပုသိမ်မြို့တွင် အာသောကအသင်းတို့ကို ထူထောင်သည်။

၁၉ဝ၆ ခုနှစ် မေလ ၁ဝ ရက်တွင် ဦးဘဖေ၊ အမ်အေမောင်ကြီးနှင့် ဒေါက်တာဦးဘရင်တို့ ဦးဆောင်သော ဝိုင်အမ်ဘီအေခေါ်  ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီးသည် ''အမျိုးကိုချစ်ပါ၊ ဘာသာကိုလေးစားပါ၊ သာသနာကိုချီးမြှောက်ပါ၊ ပညာရေးကို အားပေးပါ'' ဟူသောကြွေးကြော်သံနှင့်အတူ ပေါ်ပေါက်လာခဲ့ရာ မြန်မာ တစ်မျိုးသားလုံး ဇာတိမာန်၊ ဝံသာနုရက္ခိတ၊ အမျိုးသားရေး စိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်တို့ တစ်ဟုန်ထိုးနိုးကြားလာခဲ့သည်။ ဝိုင်အမ်ဘီအေ အသင်းကြီးသည် နိုင်ငံရေး လှုပ်ရှားမှုများကို ဥပဒေဘောင် အတွင်းမှ ဆောင်ရွက်လာခဲ့ရာ နိုင်ငံရေး လှုပ်ရှားမှုများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး ဟူသော နိုင်ငံရေး ရည်မှန်းချက်ဖြင့် ၁၉၂ဝ ပြည့်နှစ် စက်တင်ဘာလတွင် ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီးအဖြစ်သို့ ပြောင်းလဲခဲ့သည်။

ဝိုင်အမ်ဘီအေအသင်းကြီး၏ ဘာသာထွန်းကားရေး၊ ယဉ်ကျေးမှုမြှင့်တင်ရေး၊   စာရိတ္တတိုးတက်ရေး လှုံ့ဆော်နိုင်မှုကြောင့် ပညာရေးကို အခြေခံသော နိုင်ငံရေး လှုပ်ရှားမှုအဖြစ် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်တွင် ပထမကျောင်းသား သပိတ်ပေါ်ပေါက်ခဲ့သည်။ ဆက်လက်၍ ဂျီစီဘီအေ အသင်းကြီး၏ ဦးဆောင်မှု အောက်တွင် ၁၉၃ဝ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံ၊ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်၊ ၁၉၃၈ ခုနှစ် တတိယကျောင်းသား သပိတ်နှင့် ၁၃ဝဝ ပြည့်ရေနံမြေ အရေးတော်ပုံ၊   တို့ဗမာအစည်းအရုံး၊ ပြည်သူ့အရေးတော်ပုံပါတီ၊   ဗမာ့ထွက်ရပ်ဂိုဏ်း စသည်ဖြင့် မြန်မာ့တော်လှန်ရေး သမိုင်းတွင် ထင်ရှားသော မှတ်တိုင်များ ပေါ်ထွက်လာခဲ့သည်။

ထို့အတူ မြန်မာတစ်နိုင်ငံလုံးတွင် အမျိုးသားကျောင်းများ အလျှိုလျှိုပေါ်ထွက်လာခဲ့ရာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မျိုးချစ်လူငယ်ခေါင်းဆောင်များ ထွန်းကားလာသဖြင့် နယ်ချဲ့အား လက်နက်ကိုင်တပ် ဖွဲ့စည်းတွန်းလှန်မှ ရနိုင်မည်ကို သိရှိလာသည်။ ၁၉၃၉ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားခဲ့သည်။ မြန်မာတို့သည် အင်္ဂလိပ်အခက် ဗမာ့အချက်ကို အခွင့်ကောင်းယူ၍ လွတ်လပ်ရေး အတွက် လက်နက်ဖြင့် ပြန်လည် တိုက်ခိုက်ရန်ရှာဖွေခဲ့ရာ ဂျပန်နိုင်ငံနှင့် ဆက်သွယ်မိပြီး တို့ဗမာအစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူး သခင်အောင်ဆန်း ခေါင်းဆောင်သည့် မြန်မာ့မျိုးချစ် လူငယ်သုံးဆယ်(ရဲဘော်သုံးကျိပ်) တို့သည် လျှို့ဝှက်စွာစစ်သင်တန်းများ တက်ရောက်နိုင်ခဲ့ကြသည်။

မြန်မာမျိုးချစ်လူငယ် သုံးကျိပ်တို့သည် မြန်မာနိုင်ငံမှ အသုတ်လေးသုတ်ခွဲကာ  ထွက်ခွာခဲ့ကြပြီးနောက် တရုတ်-ဂျပန်စစ်ပွဲတွင် ဂျပန်တို့ သိမ်းပိုက်ထားသော တရုတ်ပြည်တောင်ပိုင်း ဟိုင်နန်ကျွန်းရှိ  ဆန်းင ရွာအနီးတွင် စစ်ပညာသင်ကြားသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် အရှေ့အာရှစစ်ပွဲကြီး စတင်ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ ၂၇ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)ကိုရဲဘော်သုံးကျိပ်နှင့်တကွ ထိုင်းနိုင်ငံတွင် နေထိုင်ကြသော မြန်မာတို့ ပူးပေါင်းဖွဲ့စည်းလိုက်သည်။

ထို့နောက် ဗိုလ်တေဇ ခေါ် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ဂျပန်တပ်မ (၃၃)၊ (၅၅) တို့နှင့်ရင်ပေါင်တန်း၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ စစ်ကြောင်းလေးကြောင်းဖြင့် ဝင်ရောက်လာရာ ရန်ကုန်မြို့ကို  ၁၉၄၂ ခုနှစ် မတ်လတွင် သိမ်းပိုက်နိုင်ခဲ့သည်။ ဆက်လက်၍ ဗမာ့လွတ်လပ်ရေး တပ်မတော်သည် တပ်မကြီးနှစ်ခု ဖွဲ့စည်း၍ ဂျပန်တပ်များနှင့်အတူ မြန်မာနိုင်ငံ အထက်ပိုင်းသို့ ဆက်လက်ချီတက်ရာ ထိုနှစ်ဧပြီလတွင် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်မိသည်။ ဤသို့ဗမာ့လွတ်လပ်ရေး တပ်မတော်သည် မြန်မာတစ်နိုင်ငံလုံးကို လျင်မြန်စွာ ချီတက်တိုက်ခိုက်နိုင်သည်မှာ မြန်မာပြည်သူ တစ်ရပ်လုံး၏ တပ်မတော်ကို ချစ်ကြည်စွာနှင့် ညီညီညွတ်ညွတ် ပူးပေါင်းကူညီမှုများကြောင့်ပင် ဖြစ်သည်။ ထိုစဉ်ကတည်းက ပြည်သူပါမှ စစ်နိုင်မည်ဟူသော ခံယူချက်မှာ စတင်ပေါ်ထွက်လာပြီး ယနေ့ထိတိုင် တပ်မတော်က ကျင့်သုံးသော ပြည်သူ့စစ် မဟာဗျူဟာပင်ဖြစ်သည်။

ဂျပန်ခေတ်တွင် ဘီအိုင်အေ တပ်မတော်သည် ဂျပန်တို့၏ ကြီးကြပ်ကွပ်ကဲမှု အောက်တွင်ရှိသော တပ်မျိုးသာဖြစ်ရသည်။ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်လည်း မရှိခဲ့ပေ။ မျိုးချစ်စိတ်ပြင်းထန်သော လူငယ်လူရွယ်များ ဘီအိုင်အေတပ်မတော်သို့ တဖွဲဖွဲ ဝင်ရောက်လျက်ရှိသောကြောင့် ဂျပန်တို့က စိုးရိမ်မကင်းဖြစ်လာသည်။

ထို့ကြောင့် ဂျပန်တို့သည် အင်အားကြီးထွားနေသော ဘီအိုင်အေတပ်မတော်ကို အင်အားသုံးထောင်အထိ လျှော့ချကာ ဗမာ့ကာကွယ်ရေး တပ်မတော်ခေါ် ဘီဒီအေအဖြစ် ၁၉၄၂ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် ပြောင်းလဲ ဖွဲ့စည်းလိုက်သည်။

၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်တွင် မြန်မာပြည် စစ်နယ်မြေဆိုင်ရာ ဂျပန်တပ်တော် စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီးကဝါဘီက ၁၉၄၂ ခုနှစ် မတ်လ ၁၅ ရက်မှစတင်ခဲ့သော စစ်အုပ်ချုပ်ရေးကို လည်းကောင်း၊ ၁၉၄၂ ခုနှစ် သြဂုတ်လ ၁ ရက်က စတင်ခန့်အပ်ခဲ့သော ယာယီအစိုးရအဖွဲ့ကို လည်းကောင်း၊  ဗမာ့ကာကွယ်ရေး တပ်မတော်အကြံပေးအဖွဲ့(အတိုင်ပင်ခံအရာရှိကြီးရုံး)ကို လည်းကောင်း၊ ဗမာ့ကာကွယ်ရေး တပ်မတော် စစ်မှုပြင်ဆင်ရေးရုံး(ဟေဘီကျော့ကု) ကို လည်းကောင်းဖျက်သိမ်းကြောင်း ကြေညာ၍ မြန်မာနိုင်ငံ လွတ်လပ်ရေးကို ကြေညာပေးသည်။ သို့သော် ထိုလွတ်လပ်ရေးသည် ရွှေရည်စိမ် လွတ်လပ်ရေးသာဖြစ်ခဲ့ရသည်။

ထို့အတူ ဘီဒီအေကိုလည်း ၁၉၄၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ဗမာ့အမျိုးသား တပ်မတော်(ဘီအင်န်အေ) အဖြစ်ပြောင်းလဲခဲ့သည်။

လက်တွေ့တွင်မူ    မြန်မာတစ်နိုင်ငံလုံးသည် ဖက်ဆစ်စနစ်၏ ညှဉ်းပန်းနှိပ်စက်မှု အောက်တွင် ရှိနေခဲ့ရပြီး တပ်မတော်သည်လည်း ဂျပန်တို့၏ လက်အောက်ခံ တပ်မတော်အဖြစ်သာ ရပ်တည်နေရသည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင်ကား တပ်မတော်သည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အသွင် ဖွဲ့စည်းကာပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ ဖက်ဆစ်တော်လှန်ရေးကြီးကို စတင်ဆင်နွှဲလိုက်တော့သည်။ ထိုအချိန်မှစ၍ တပ်မတော်သည် မည်သူ့လက်အောက်မျှ မဟုတ်တော့ဘဲ  သီးခြားရပ်တည် တော်လှန်ရေး ဆင်နွှဲလိုက်ခြင်းဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲနေစဉ်ကာလအတွင်း ၁၉၄၅ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် တပ်မတော်သည် ဗမာ့မျိုးချစ်တပ်မတော် (ပီဘီအက်ဖ်) ဟု အမည်ပြောင်းလဲ ခံယူခဲ့သည်။  တပ်မတော်၏ အင်အားမှာလည်း သုံးသောင်းကျော်အထိ ကြီးထွားလာသည်။ ဖက်ဆစ်တို့ကို ထိရောက်အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး တိုင်းရင်းသား ပြည်သူလူထုနှင့်လည်း တစ်သွေးတစ်သားတည်းဖြစ်လာခဲ့သည်။

ဖက်ဆစ်တို့မြန်မာ့မြေမှ ထွက်ခွာသွားပြီးနောက် မြန်မာနိုင်ငံအား ကျွန်ပြန်ပြုရန် ရောက်ရှိလာကြသော ဗြိတိသျှနယ်ချဲ့တို့သည် တပ်မတော်အင်အား တောင့်တင်းကြံ့ခိုင်လာမှုအား မလိုလားကြပေ။ တပ်မတော်သည် လွတ်လပ်ရေး ရရှိရန်အတွက် လိုအပ်ပါက ဗြိတိသျှနယ်ချဲ့များကိုပါ လက်နက်ကိုင် တိုက်ခိုက်တော်လှန်တော့မည့် အခြေအနေတွင်ရှိနေရာ နယ်ချဲ့တို့သည် တပ်မတော်အား  သီရိလင်္ကာနိုင်ငံ  ကန္ဒီမြို့တွင် ချုပ်ဆိုသော  ကန္ဒီစာချုပ်အရ  အင်အားလျှော့ချကာ ထိန်းချုပ်ရန် ကြိုးစားလာကြပြန်သည်။ ကန္ဒီစာချုပ်အရ တပ်မတော်သည် အရာရှိအင်အားနှစ်ရာ၊ စစ်သည်အင်အား ငါးထောင့်နှစ်ရာသို့လျှော့ချခံရသည်။ သို့သော်တပ်မတော်သည် တပ်မတော် ခေါင်းဆောင်များ၏ ကြိုးပမ်းမှုဖြင့် အမျိုးသား တပ်မတော်တစ်ရပ်အဖြစ်သို့ တစ်စထက်တစ်စ ကြီးထွားဖွံ့ဖြိုးလာခဲ့ရသည်။

နယ်ချဲ့ဗြိတိသျှတို့သည် မြန်မာနိုင်ငံ အတွင်းသို့ ဒုတိယအကြိမ်ပြန်ဝင် အုပ်ချုပ်စအချိန်ကပင် မြန်မာ့တပ်မတော်၏ စိတ်ဓာတ်နှင့်အရည်အချင်းကိုလည်းကောင်း၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ လွတ်လပ်ရေးအတွက် စွန့်လွှတ်စွန့်စားတော့မည့် အခြေအနေအရပ်ရပ်ကို လည်းကောင်း တွေ့မြင်နေရပြီဖြစ်ရာ မြန်မာနိုင်ငံအား လွတ်လပ်ရေး မလွဲမသွေ ပေးအပ်ရတော့မည် ဖြစ်ကြောင်း ထိုစဉ်ကတည်းက ရိပ်မိထားပြီးဖြစ်သည်။

ဆက်လက်၍ တပ်မတော်ခေါင်းဆောင်လည်းဖြစ်၊ အမျိုးသားခေါင်းဆောင်လည်း ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးပမ်းချက်ကြောင့် မြန်မာ့လွတ်လပ်ရေး အတွက် အာမခံချက်ဖြစ်သော အောင်ဆန်းအက်တလီ စာချုပ်ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ချုပ်ဆိုနိုင်ခဲ့ပြီး ပြည်ထောင်စု ညီညွတ်ရေးကို ပြဆိုနိုင်သော ပင်လုံစာချုပ်ကို ထိုနှစ်ဖေဖော်ဝါရီ ၁၂ ရက်တွင် ချုပ်ဆိုနိုင်ခဲ့ကာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင်စိုးသော နိုင်ငံအဖြစ် လွတ်လပ်ရေး ပြန်လည်ရရှိခဲ့သည်။

လွတ်လပ်ရေးသမိုင်းကြောင်းနှင့်အတူ ပေါက်ဖွားလာသော မြန်မာ့တပ်မတော်သည် ရရှိပြီး လွတ်လပ်ရေး ပြန်လည်မဆုံးရှုံးရရေးအတွက် ပြည်ထောင်စု မပြိုကွဲရေး၊  တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန် အရေးသုံးပါးကို ဦးလည်မသုန်ခံယူ ကျင့်သုံး၍ နိုင်ငံတော်နှင့်ပြည်သူတို့အပေါ်သစ္စာစောင့်သိ ရိုသေမည်သာဖြစ်ကြောင်း (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့အား  ဂုဏ်ပြုရေးသားလိုက်ရပါသည်။  ။