ငယ်ဘဝ

 

ယမန်နေ့မှအဆက်

မောင်ငြိမ်းချမ်းက  တောသားဖြစ်၍  သစ်ပင်တက်ကျွမ်းသည်။ နံနက်စောစော ကိုခင်အောင် စက်ဘီးနှင့်ဈေးဝယ်ထွက်လျှင်လိုက်သွားရသည်။ ကိုခင်အောင်ကမောင်ငြိမ်းချမ်းကို မန္တလေး တောင်ခြေမှာ မန်ကျည်းပင်များရှိရာတွင် ချထားခဲ့သည်။

မောင်ငြိမ်းချမ်းက မန်ကျည်းရွက်နုခူးရသည်။ ရွာမှာနေစဉ်က  မောင်ငြိမ်းချမ်းလုပ်နေကျအလုပ်။  သစ်ပင်တက်လည်း ကျွမ်းသည်။ မန်ကျည်းရွက်ခူးလည်း ကျွမ်းသည်။  ကိုခင်အောင်ဈေးဝယ်ပြီး ၍  တောင်ခြေသို့ ပြန်ရောက်လာချိန်တွင် မောင်ငြိမ်းချမ်း မန်ကျည်းပင်ပေါ်မှဆင်းသည်။ မန်ကျည်းရွက်လွယ်အိတ်တစ်လုံးရပြီ။ အားလုံးစားလောက်သည်။  မန်ကျည်းရွက်နုချိန်မှာ မောင်ငြိမ်းချမ်း နေ့စဉ်မန်ကျည်းရွက်ခူးရသည်။ မိဘမဲ့ကျောင်းသားအားလုံး    စားရသည့် ဟင်း တစ်ခွက်မှာ မန်ကျည်းရွက်စပ်ချဉ်ဟင်းဖြစ်သည်။

ညနေကျလျှင် ဘော်ဒါဆောင်ကျောင်းဝင်းအတွင်းမှာ မြက်ပေါက်ရသည်။ စိုက်ခင်းများတွင် ဟင်းနုနယ်ပင်များကို ရေလောင်းပေါင်းသင်လုပ်ရသည်။ ကျုံးအသစ်များဖော်၍ အပင်သစ်များ တိုးချဲ့စိုက်ပျိုးရသည်။ မိဘမဲ့ကျောင်းသားများ   ညနေပိုင်းစားရသောဟင်းတစ်ခွက်မှာ  ဟင်းနု နယ်ရွက်ဟင်းချိုဖြစ်သည်။

နံနက်ပိုင်းတွင် ဘော်ဒါကျောင်း၏ ကြမ်းပြင်များကို ပြောင်လက်နေအောင်တိုက်ရသည်။ ကျောင်းသားနှစ်ယောက်က ကိုရင်လေးနှစ်ပါးနှင့်အတူ ဆွမ်းခံထွက်ရသည်။ ချိုင့်ဆွဲရသည်။ ဆွမ်းခံထွက်ရာမှရသောဆွမ်းနှင့်ဆွမ်းဟင်းသည် ဆရာတော်ဘုဉ်းပေးရန်ဖြစ်သည်။

မိဘမဲ့ကျောင်းသားအားလုံး လုပ်ငန်းတာဝန် ခွဲဝေထမ်းဆောင်ရသည်။       စားရသည့် ထမင်း ဟင်းမှာ အများစာဖြစ်၍ မကောင်းလှပါ။ ချက်ပြုတ်သည်မှာလည်း    အချက်အပြုတ်ကျွမ်းကျင် သူများမဟုတ်ကြ။ ကျောင်းသားများသာဖြစ်သည်။ နေ့စဉ်စားရသည်မှာ မန်ကျည်းရွက်စပ် ချဉ်ဟင်းနှင့် ဟင်းနုနယ်ရွက် ဟင်းချိုဖြစ်သည်။         ဆရာတော် အောက်ပြည်အောက်ရွာမှ အလှူခံလာသည့် ငါးပိများမှာ နံနံစော်စော်ရှိလှသော်လည်း မန်ကျည်းရွက်စပ်ချဉ်ဟင်းနှင့် ဟင်းနုနယ်ရွက်ဟင်းချိုချက်ရာမှာတော့ ဒိုင်ခံပါဝင်သော အဓိကဇာတ်လိုက်ဖြစ်သည်။

တစ်ခါတစ်ရံ     အာလူးရေကျဲဟင်းစားရလျှင် မောင်ငြိမ်းချမ်းတို့အားလုံး အလွန်ဝမ်းသာကြ သည်။ အာလူးရေကျဲဟင်းမှာ မောင်ငြိမ်းချမ်းတို့ အကြိုက်ဆုံးအသည်းစွဲဟင်းဖြစ်သည်။ အာလူးကို အခွံမပြောင်တပြောင်သပ်၍ အတုံးကလေးများလှီးပြီး ဆီပါသည်ရုံမျှနှင့်  နူးအိနပ် အောင်ချက်ထားသည်။  အရည်ကလေးကျဲကျဲမို့ ဆမ်းစားလူးစား၍ကောင်းပါသည်။ နံနက်ပိုင်း တွင် ကျောင်းမတက်ခင်  ထမင်းစားရသည်။ ညနေပိုင်းတွင် ၆ နာရီခန့်မှာစားရသည်။ ထမင်း မစားမီ သံချောင်းခေါက်သည်။ ကျောင်းသားကြီးများမှာချက်ပြုတ်ရာတွင်တာဝန်ယူရသလို    ပန်းကန်ဆေး၊  ပန်းကန်ချ၊ ထမင်းထည့်၊ ဟင်းလိုက် စသည့်လုပ်ငန်းများအားလုံးကိုလည်း တာဝန်ယူဆောင်ရွက်ကြရသည်။

ထမင်းစားစားပွဲရှည်ကြီးမှာ ထမင်းဟင်းများခူးခပ်ပြီးသည်နှင့် မစားမီ ကျောင်းသားအားလုံး မတ်တတ်ရပ်ကြရသည်။ ကျောင်းသားကြီးတစ်ယောက်က     သရက်ပင်မှာချိတ်ဆွဲထားသော သံချောင်းကို ခေါက်သည်။ ပြီးသည်နှင့်ကျောင်းသားအားလုံး မတ်တတ်ရပ်ကြသည်။

“ပညာသင်ရန် ထမင်းစားပါသည်”

“ပညာသင်ရန် ထမင်းစားပါသည်”

“ပညာသင်ရန် ထမင်းစားပါသည်”

သံပြိုင်ညီညာသုံးကြိမ်ဆိုကြရသည်။ ဆရာတော်ဦးပဝရ အလှူခံ၍ စေတနာရှင် လှူဒါန်းသော ထမင်းဟင်းတို့ကိုစားသည်မှာ ပညာသင်ရန်အတွက်ဖြစ်ကြောင်း ခံယူချက်ရှိရန်ဖြစ်သည်။ ပညာကိုကောင်းစွာသင်ယူကြရန် အသိပေးသတိပေးခြင်းဖြစ်သည်။

ပထမဆုံးနေ့တွင် “ပညာသင်ရန် ထမင်းစားပါသည်”သံပြိုင်အော်ဟစ်အပြီးမှာ မောင်ငြိမ်းချမ်း ထမင်းစားမည်ပြုစဉ် မောင်ငြိမ်းချမ်းဘေးမှ မောင်မောင်လေးသည် ထမင်းမစားသေးဘဲ ထမင်းဆုပ်ကလေးနှစ်ခုလုပ်ပြီးထမင်းဆုပ်ပေါ်မှ အာလူးရေကျဲဟင်းကို နည်းနည်းစီဆမ်းနေ သည်။

“ဘာလုပ်တာလဲ...”ဟုမေးကြည့်ရာ အဖေနှင့်အမေကို ဦးချခြင်းဖြစ်ကြောင်းပြောသည်။

မောင်မောင်လေးကိုအတုယူ၍       ထမင်းဆုပ်သေးသေးလေးငါးခုလုပ်လိုက်သည်။ အဖေကြီး၊ အမေကြီး၊ အဖေ၊ အမေနှင့် ဦးလေးအတွက် ထမင်းဆုပ်ကလေးများပေါ်မှာ   အာလူးရေကျဲ ဟင်းနည်းနည်းဆီဆမ်းလိုက်သည်။ ပြီးမှ ထမင်းစ၍စားသည်။ နောက်ဆုံးကျမှ အရိုအသေ ဦးချ ထားသောထမင်းဆုပ်ကလေးများကို စားပစ်လိုက်ပါသည်။

ပျော်ပျော်ပါးပါးဆော့ကစား

မောင်ငြိမ်းချမ်းသည်  ကလေးပီပီ  အဆော့ကစားအလွန်မက်၏။  ရွာမှာနေစဉ်က  အဖေကြီး၏ ခြံထဲမှာ လွတ်လပ်စွာဆော့ကစားခဲ့ရသည်။   မိဘမဲ့ကျောင်းရောက်နေသော်လည်း  ရွာမှ ကစား ဖော်များကို   အမြဲသတိရနေသည်။

မိဘမဲ့ကျောင်းရောက်စမှာတော့     ငိုချည်းနေ၍ကစားချင်စိတ်မရှိ။ ကစားဖော်ကျောင်းသား ကလည်းနည်းသေးသည်။ ကျောင်းဖွင့်ရက်ရောက်သော် ဘော်ဒါဆောင်မှ ကျောင်းသားများစုံပြီ။   ကျောင်းတက်ချိန်၊အလုပ်လုပ်ချိန်၊ စာကျက်ချိန် စနစ်တကျရှိသကဲ့သို့ကစားချိန်၊ အားလပ်ချိန် များကိုလည်း ဆရာတော်ကသတ်မှတ်ပေးထားပါသည်။

ညနေကျောင်းဆင်းပြီးချိန်မှာ မြက်ပေါက်၊ စိုက်ခင်းပေါင်းသင်ရေလောင်း၊ စိုက်ပျိုးရေးလုပ်ငန်း များလုပ်ပြီးလျှင်   ဘောလုံးကွင်းမှာ   ဘောလုံးကစားနိုင်သည်။ မောင်ငြိမ်းချမ်းတို့မိဘမဲ့ ဘော်ဒါဆောင်မှ ကိုခင်အောင်မှာ ဘောလုံးကန်အလွန်ကောင်း၍ ကျောင်းလက်ရွေးစင်ဖြစ် သည်။ ဘောလုံးကစားရသည်က ရွာမှာလို ဖြစ်ကတတ်ဆန်း ခြောက်ယောက်၊ ခုနစ်ယောက် မဟုတ်။တစ်ဖက် ၁၁ ယောက်စီ လူအပြည့်နှင့်၊ ဒိုင်လူကြီးနှင့်စနစ်တကျဖြစ်သည်။ မောင်ငြိမ်း ချမ်းသဘောကျသည်။

ဆက်လက်ဖော်ပြပါမည်။