စွမ်းရည်ထက်မြက် နိုင်ငံ့တွက် စဉ်ဆက်ထပ်ဆောင်းအားဖြည့်လောင်း

အမိမြန်မာပြည်သည် ကြည်လင်သန့်ရှင်းသော အပြာရောင်မိုးကောင်းကင်အောက်တွင်   သဘာဝက ပေးသော အလှအပများဖြင့်  ဝေဆာလျက်ရှိသည်။

စိမ်းညို့အုံ့မှိုင်းနေသော   တောင်တန်းကြီးများ၊ သစ်တောဝါးတောကြီးများ၊ စိမ်းလန်းဝေဆာနေသည့် လယ်ယာမြေစိုက်ခင်းများ၊ ရွှေဝါရောင်စပါးခင်းများ၊ တသွင်သွင်စီးဆင်းနေသည့် မြစ်ချောင်းများ၊ တည်ငြိမ်ခံ့ညားသည့် အင်းအိုင်ကြီးများနှင့် ပနံရလျက်ရှိသည်။ ဗုဒ္ဓဘာသာ၊ သာသနာရောင်ဝါထွန်းလင်း သည့်အလျောက် နေရောင်အောက်တွင်ရွှေရောင်တောက်နေသည့် စေတီပုထိုးများ၊ ထုံးဖြူဖြူစေတီ ပုထိုးများဖြင့် အလှတွင်အယဉ်ဆင့်လျက် ရှိနေပေသည်။ မိတ္ထီလာမြို့သည် မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့တစ်မြို့ဖြစ်သည်။

မြန်မာပြည်ဒေသအသီးသီးမှ မီးရထား၊ မော်တော်ကားတို့ဖြင့် လာရောက်နိုင်ပြီး စီးပွားရေး အချက်အချာကျသောမြို့ဖြစ်သည်။ “ရေမှာစစ်ကိုင်း၊ လှိုင်းမှာပခန်းငယ်၊ လယ်မှာတောင်တွင်း၊ စပါးမှာရမည်းသင်း၊ အင်းမှာတောင်သမန်၊ ကန်မှာမိတ္ထီလာ” ဟူသည့် ရှေးစာဆိုနှင့်အညီ မြန်မာပြည်၌ အလွန်ထူးခြားသည့် မိတ္ထီလာကန်တော်ကြီးရှိရာ ဒေသလည်း ဖြစ်သည်။  နိုင်ငံတော်အား အသက်သွေးချွေးတို့ စတေးပေးဆပ်လျက် စောင့်ရှောက်နေသည့် တပ်မတော်(ကြည်း) ခြေလျင်၊ ခြေမြန်တပ်များ၊ လက်ရုံးဝန်ထမ်း တပ်များ၊ အမြောက်နှင့်သံချပ်ကာ ယန္တရားတပ်များ၊ တပ်မတော်(လေ)မှ လေတပ်စခန်း ဌာနချုပ်နှင့်   လေတပ်စခန်းများ တည်ရှိရာမြို့လည်း ဖြစ်သည်။ တပ်မြို့ဟုပင် တင်စား ခေါ်ဆိုနေကြသည့်မြို့ ဖြစ်သည်။

လူ့လောက၌ လူ့ဘဝသည်ရခဲလှသကဲ့သို့ လေသူရဲတစ်ဦးဖြစ်လာရန်ကား ခဲယဉ်းလှပေသည်။ ထိုထက်မှာမူ အမျိုးသမီးလေသူရဲတစ်ဦး ဖြစ်ရန်ကား ပို၍ပင်ခက်ခဲ လှပေသည်။ ဤသို့ခက်ခဲလှစွာသော လေသူရဲများအား မွေးထုတ်ပေးခဲ့သည်မှာ ယခုအခါ အမှတ်စဉ်(၈၃) သို့ပင် ရောက်ရှိခဲ့ပြီးဖြစ်သည်။ အမျိုးသားလေသူရဲတစ်ဦး ဖြစ်လာစေရေးအတွက် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း ကျောင်းဆင်းအရာရှိတစ်ဦး ဖြစ်ရပေမည်။ ဗိုလ်လောင်းသင်တန်း တက်ရောက်နိုင်ရန်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အဆင့်မြင့်မြင့် အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ရေး  ကြိုးစားကြရ ပေသည်။ စာမေးပွဲအမှတ်ကောင်းသည်နှင့် ပြီးပြည့်စုံမှု မရှိသေးဘဲ ကိုယ်လက်ကြံ့ခိုင်သန်စွမ်းမှု၊ ကျန်းမာရေး ကောင်းမွန်မှုရှိရပေဦးမည်။ တပ်မတော်မှ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းသားအဖြစ် ရွေးချယ်ခံရပြီးသောအခါ လေးနှစ်တိုင်တိုင် ကြိုးစားအားထုတ်ရမည် ဖြစ်သည်။ ဤသို့အဆင့်ဆင့်ကြိုးစားအားထုတ်ပြီး အရာရှိ ဖြစ်လာသည့်သူများမှ လေသူရဲလောင်းတစ်ဦးအဖြစ် ထပ်မံရွေးချယ်ခြင်းဖြစ်သည်။ လေသူရဲတစ်ဦးတွင် ရှိရမည့် ကျန်းမာရေး ဆေးစစ်မှုကို ထပ်မံစစ်ဆေးပြီးမှသာ လေယာဉ်မောင်းသင်တန်း တက်ရောက်ခွင့်ရရှိပေမည်။ လေယာဉ်မောင်းသင်တန်း၌ အခြေခံလေယာဉ်သားလောင်းသင်တန်း၊ အခြေခံလေယာဉ်မောင်းသင်တန်း၊ အဆင့်မြင့်လေယာဉ်မောင်းသင်တန်းစသည်ဖြင့် တစ်နှစ်ကြာသင်တန်းတက်ရောက် အောင်မြင်ပြီးမှသာ လေသူရဲတစ်ဦးအဖြစ် တောင်ပံအပ်နှင်းခြင်း ခံကြရပေမည်။

တပ်မတော်(လေ)တွင် အမျိုးသားလေသူရဲများသာမက အမျိုးသမီးလေသူရဲများကိုပါ မွေးထုတ် ပေးလျက်ရှိသည်။ အမျိုးသမီးလေသူရဲများအား တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းဆင်း အမျိုးသမီးအရာရှိများမှ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။   လေသူရဲ တစ်ဦးတွင် ရှိသင့်ရှိထိုက်သည့်   အရပ်အမောင်း၊ ကျန်းမာရေး၊ လက်ရုံးရည် နှလုံးရည်တို့အား ဆန်ခါတင်ရွေးချယ်စိစစ်ခဲ့သူများ ဖြစ်သည်။ လေယာဉ်မောင်း သင်တန်းတွင် အမျိုးသားလေသူရဲ အရာရှိများနှင့် တန်းတူသင်ကြားပို့ချခဲ့ခြင်း ဖြစ်သည်။  လေယာဉ် မောင်းသင်တန်း အမှတ်စဉ် (၈၀)မှ စတင်ပို့ချခဲ့ရာ ယခုအမှတ်စဉ် (၈၃)ထိ အမျိုးသမီး လေသူရဲ ၂၀ ဦးတို့အား   မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။  ယခင်သင်တန်းဆင်းအမျိုးသမီး လေသူရဲများအနေဖြင့် သယ်ယူပို့ဆောင်ရေး/ရဟတ်ယာဉ်များ ပျံသန်းမောင်းနှင်လျက် ရှိနေပြီဖြစ်သည်။  ယခုလေယာဉ်မောင်းသင်တန်း အမှတ်စဉ် (၈၃) သင်တန်းဆင်း အမျိုးသမီးလေသူရဲ များအနေဖြင့် သယ်ယူပို့ဆောင်ရေး/ရဟတ်ယာဉ်များ သာမက တိုက်ခိုက်ရေး လေယာဉ်များပါ ကိုင်တွယ်မောင်းနှင်နိုင်သည်အထိ မွေးထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ကမ္ဘာကို ရင်ပေါင်တန်းမည့် အမျိုးသမီးလေသူရဲများ မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ တပ်မတော်(လေ) အတွက် ဂုဏ်ဆောင်အမျိုးသမီး လေသူရဲများပင်ဖြစ်သည်။

တပ်မတော်(လေ)အနေဖြင့် အမျိုးသမီးလေသူရဲ အရာရှိများအား လေယာဉ်/ရဟတ်ယာဉ် ကိုင်တွယ်မောင်းနှင်နိုင်ခြင်း သာမကဘဲ  ဘက်စုံထူးချွန်ထက်မြက်သူများ ဖြစ်စေရေး အစဉ်တစိုက် ပို့ချခဲ့သည်။ လေယာဉ်မောင်းသင်ကျောင်းတော်ကြီးမှ  နှလုံးရည်သာမက လက်ရုံးရည်ကြံ့ခိုင်ရေးအတွက် လိုအပ်သည့် လေ့ကျင့်မှုများကိုလည်း နေ့စဉ်ပို့ချပြုလုပ်စေခဲ့သည်။ တပ်မတော်သားတစ်ဦးဖြစ်သည့်အတွက် စစ်ရေးပြကျွမ်းကျင်မှု ရှိစေရေး၊ တပ်မတော် စစ်လက်နက်ပစ္စည်းများ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြု တတ်စေရေး သင်ကြားပို့ချ ပေးခဲ့သည်။  လေသူရဲအရာရှိတစ်ဦး ဖြစ်သည့်အတွက် စစ်နည်းဗျူဟာများ၊ စစ်ဘက်ခေါင်းဆောင်မှု အတတ်ပညာများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ၊  တပ်မတော်ဖွဲ့စည်းပုံတို့အား တတ်သိနားလည်သည်အထိ ထူးချွန်ထက်မြက်သူများ ဖြစ်အောင် သင်ကြားပို့ချထားသူများ ဖြစ်သည်။

မိမိတို့ရောက်ရှိရာဒေသ၊ တာဝန်ထမ်းဆောင်ရာနေရာတို့၌ လိုက်လျောညီထွေ တာဝန်ထမ်းဆောင်နိုင်ရေး၊ ပြည်သူနှင့် တစ်သားတည်း ဖြစ်စေရေးအတွက်လည်း တိုက်ပွဲဝင်စည်းရုံးရေး ပညာရပ်များ၊ သတင်းရယူနည်းများ၊ သတင်းရေးသားနည်းများ၊ သတင်းဓာတ်ပုံရိုက်ကူးနည်းများ တတ်ကျွမ်းနားလည်ရေး လေ့ကျင့်ပို့ချထားသူများဖြစ်သည်။ ပြည်သူပြည်သားတို့၏  စိတ်နေသဘောထား အတွေးအခေါ်တို့အား သိရှိနားလည်စေရန်အတွက်လည်း စိတ်ပညာဘာသာရပ်များ၊ အတွေးအခေါ် ပညာရပ်များအား သင်ကြားပို့ချ ထားသူများဖြစ်သည်။ စစ်မြေပြင်တွင်တွေ့ကြုံရမည့်  အခြေအနေအရပ်ရပ်အား ရင်ဆိုင်ကျော်လွှား နိုင်ရေးအတွက် စစ်မြေပြင်အင်ဂျင်နီယာတပ်များ၊ လက်ရုံးတပ်ဖွဲ့များနှင့် ဆက်သွယ်မှု၊ ရှေးဦးသူနာပြုစုနည်းများ၊ စစ်ဦးစီးတာဝန်များ၊ တပ်မတော်ရေးရာများ၊ စစ်ရေးစစ်ထောက် ဆိုင်ရာ နည်းပညာများ စသည်ဖြင့် ဘက်စုံထူးချွန်သူများအဖြစ် မွေးထုတ်ထားသူများဖြစ်သည်။ ထို့ကြောင့် လေသူရဲအမျိုးသမီးများ ဖြစ်သော်လည်း အမျိုးသားလေသူရဲများနည်းတူ မြန်မာ့တပ်မတော်(လေ)၏ ဂုဏ်ကို ဖော်ဆောင်သွားမည့်သူများပင် ဖြစ်ပေသည်။

၂၀၂၂ ခုနှစ်၊  ဇန်နဝါရီလ  ၆  ရက်နေ့သည် လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၃) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲ အခမ်းအနားဖြစ်ပေသည်။ တပ်မတော်(လေ)အတွက် “စွမ်းရည်ထက်မြက် နိုင်ငံ့တွက် စဉ်ဆက်ထပ်ဆောင်း အားသစ်လောင်း”သည့် နေ့တစ်နေ့ပင်ဖြစ်သည်။ တပ်မတော်(လေ)အား ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး လေကြောင်းစွမ်းအား ပိုင်ဆိုင်သည့် တပ်မတော်(လေ)အဖြစ် တည်ဆောက်သွားမည်ဟူသည့် အကြီးအကဲများ၏ ရည်မှန်းချက်အား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်သည်။ ယနေ့လေယာဉ်မောင်းသင်တန်းကျောင်းဆင်း လေသူရဲများအနေဖြင့် တာဝန်ကျရာ လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းများရှိ လေယာဉ်/ရဟတ်ယာဉ် အသီးသီးကို ကိုင်တွယ်မောင်းနှင်နိုင်ရေး လွှဲပြောင်းသင်တန်းများ ဆက်လက် တက်ရောက်ကြရမည်ဖြစ်သည်။ လေ့ကျင့်မှုများ ပြုလုပ်လျက် အရည်အသွေး အရည်အချင်း ပြည့်ဝရေး ကြိုးစားကြရပေဦးမည်။ အထွေထွေလေသူရဲ၊ ဝါရင့်လေသူရဲ၊ အုပ်ခွဲမှူး၊ အုပ်မှူး စသည်ဖြင့် အဆင့်ဆင့်ကြိုးပမ်း လုပ်ဆောင်ကြရမည်ဖြစ်သည်။ လေသူရဲတစ်ဦးအနေဖြင့် ဘက်ပေါင်းစုံ လေ့လာအားထုတ်လျက် ဗလငါးတန်ဖြင့် ပြည့်ဝနေစေရေး အစဉ်တစိုက်ကြိုးစား နေကြရပေမည်။ လိုက်နာဆောင်ရွက်ဖွယ်များ များပြားလှပေသည်။

လေယာဉ်/ရဟတ်ယာဉ် ပျံသန်းမှု စည်းကမ်းများအား တိကျစွာ လိုက်နာကြရမည်ဖြစ်သည်။ ခေတ်စနစ်သည် အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်လျက်ရှိသည်။ တိုးတက်ပြောင်းလဲလာသည့် ပျံသန်းမှုပညာရပ်များ၊ ဗဟုသုတများအား စဉ်ဆက်မပြတ် ဆည်းပူး လေ့လာနေကြရမည် ဖြစ်သည်။ မိမိတို့ကိုင်တွယ်မောင်းနှင်သည့် လေယာဉ်/ရဟတ်ယာဉ်အား ကျွမ်းကျင်ပိုင်နိုင်စွာ ပျံသန်းနိုင်ရေး စဉ်ဆက်မပြတ် လေ့ကျင့်နေရမည်ဖြစ်သည်။ ပျံသန်းမှုပြုလုပ်ရာ၌လည်း မိမိလေယာဉ်^ရဟတ်ယာဉ်၏ စက်ပစ္စည်းအခြေအနေ၊ သဘာဝပတ်ဝန်းကျင်ရာသီဥတုတို့ အချိန်မရွေးဆန့်ကျင်ဖောက်ပြန်လာနိုင်သည်ကို ကြိုတင်တွက်ဆနိုင်ရပေမည်။ လူသားသည်သာ အဓိက ဖြစ်၍ ဘေးအန္တရာယ်ကင်းရှင်းရေးချုပ်ကိုင်နိုင်ရပေမည်။ “စည်းကမ်းလိုက်နာ ဘေးကင်းကွာ” ဟူသည့် ဆိုရိုးစကားနှင့်အညီ ပျံသန်းမှုဆိုင်ရာ စည်းကမ်းများအား တိကျစွာ လိုက်နာကြရမည် ဖြစ်သည်။  လေယာဉ်တစ်စင်းအား အန္တရာယ် ကင်းရှင်းစွာဖြင့် ရည်မှန်းချက် ပြီးမြောက်အောင်မြင်စွာ ပျံသန်းနိုင်ရေး  ကြိုးပမ်းဆောင်ရွက်ကြရမည်။   မိမိကိုယ်မိမိပျံသန်းရေး စိတ်ဓာတ်မြင့်မားသည့် လေသူရဲတစ်ဦးအဖြစ် အစဉ်ကြိုးစား လုပ်ကိုင်ဆောင်ရွက်နေရပေမည်။

လေသူရဲတစ်ဦးအနေဖြင့် ရဲစွမ်းသတ္တိကို အချိန်အခါနေရာ ဒေသလိုက်၍ အသုံးချတတ်ရမည်ဖြစ်သည်။ လိုအပ်သည့်အချိန်   လိုအပ်သည့်နေရာ၌ အကျိုးရှိစွာသုံးတတ်ရပေမည်။ အကြောင်းမဟုတ်သည့်နေရာ၌ ရဲစွမ်းသတ္တိကို အလဟဿမပြသရေး သတိကြီးစွာထားတတ်ရပေမည်။ ရဲစွမ်းသတ္တိကို အသုံးချခြင်းဖြင့် အချည်းအနှီးမဖြစ်စေရေး ဂရုပြုကြရပေမည်။ ဘေးအန္တရာယ်ဖြစ်စေနိုင်မှုနှင့် ဘေးအန္တရာယ် ကင်းရှင်းစေမှုတို့ကို ပိုင်းခြားဝေဖန်နိုင်ရမည်ဖြစ်သည်။ အသိဉာဏ်ပညာနှင့်ယှဉ်လျက် ဆင်ခြင်သုံးစွဲနိုင်မှသာ လေသူရဲကောင်းတစ်ဦးအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။

လေသူရဲတစ်ဦး၏ အဓိကပိုင်ဆိုင်ထားရမည့် စိတ်ပိုင်းဆိုင်ရာစွမ်းရည်မှာ ဆုံးဖြတ်ချက်တစ်ရပ်အား မှန်မှန်ကန်ကန်ဖြင့်   လျင်မြန်စွာဆုံးဖြတ်နိုင်မှုဖြစ်သည်။

ဆုံးဖြတ်ချက်မှန်ကန်မှုကြောင့်    နိုင်ငံတော်နှင့် တပ်မတော်အတွက် ပြည်သူပြည်သားတို့အတွက် အကျိုးသက်ရောက်မှု ကြီးမားပုံကို မြင်နိုင်စွမ်းရှိရပေမည်။ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် ဖြစ်ပေါ်လာနိုင်မည့် ဆုံးရှုံးမှုအတိုင်းအတာကိုလည်း သုံးသပ်နိုင်စွမ်းရှိရပေမည်။ သို့မှသာ နိုင်ငံတော်အတွက် ကြီးလေးသော ပျံသန်းမှုတာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်မှ ယုံကြည်လေးစားရသည့် လေသူရဲတစ်ဦးဖြစ်ရေး အစဉ်ကြိုးစားနေကြရပေမည်။

လေသူရဲများကား တပ်မတော်(လေ)အတွက် တပ်မတော်အတွက် နိုင်ငံတော်အတွက်ကြီးလေးသော တာဝန်များကို ထမ်းဆောင်နေကြသူများဖြစ်သည်။ နိုင်ငံတော်ပိုင် လေယာဉ်/ရဟတ်ယာဉ်များမှာ တန်ဖိုးကြီးမားလှပါသည်။ ထိုသို့တန်ဖိုးကြီးမားသည့် စစ်လက်နက်ပစ္စည်းများအား  ကိုင်တွယ် မောင်းနှင်ကြသည့် လေသူရဲများ အနေဖြင့် မိမိကိုယ်မိမိယုံကြည်မှု အပြည့်အဝရှိနေရပေမည်။ အထပ်ထပ်အခါခါ လေ့ကျင့်နေကြရမည်ဖြစ်သည်။ အချိန်နှင့်တစ်ပြေးညီ တိုက်ပွဲဝင် အသင့်ဖြစ်နေရေး ဆောင်ရွက်ထားရမည်ဖြစ်သည်။ နိုင်ငံတော်အတွက် လိုအပ်ချိန်၌ မည်သည့်ပျံသန်းရေး တာဝန်မျိုးကိုမဆို ထမ်းဆောင်နိုင်ရမည်ဖြစ်သည်။

အထူးတာဝန်၊ စစ်ဆင်ရေးတာဝန်များအား ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်စွာ ထမ်းဆောင်နိုင်စွမ်းရှိရေး  အစဉ်ကြိုးပမ်းနေရမည်ဖြစ်သည်။

အရည်အသွေး၊ အရည်အချင်းပြည့်ဝသည့် လေသူရဲတစ်ဦး ဖြစ်လာစေရေးအတွက် ကျန်းမာကြံ့ခိုင်မှု သည်လည်း အရေးပါလှပေသည်။ ပျံသန်းရေးတာဝန်များအား နေ့၊ ညမရွေး  ထမ်းဆောင်နိုင်ရန်အတွက် ကျန်းမာသန်စွမ်းသည့် လေသူရဲတစ်ဦးအဖြစ်ရှိနေရမည် ဖြစ်သည်။ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှသာ စိတ်ဓာတ်အင်အားကောင်းမွန်မည်ဖြစ်သည်။ စိတ်ဓာတ်ခွန်အားပြည့်ဝမှသာ အရေးပေါ်အချိန်၌ ဆုံးဖြတ်ချက်အား မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာကြံ့ခိုင်ရေး အတွက် လိုအပ်သည့် လေ့ကျင့်မှုများကိုလည်း အချိန်ပေး လုပ်ဆောင်ကြရမည်ဖြစ်သည်။ ကျန်းမာသန်စွမ်းသည့်အတွက် အသိဉာဏ်နှင့် မှတ်ဉာဏ်များ တိုးတက်ကောင်းမွန်ရေး အထောက်အကူရမည် ဖြစ်သည်။ “အသက်ကို ဉာဏ်စောင့်” ဟူသည့် ဆိုရိုးစကားနှင့်အညီ  အသိဉာဏ်နှင့်မှတ်ဉာဏ်ကောင်းရန်မှာ လေသူရဲတစ်ဦးအတွက် အဓိကလိုအပ်ချက်ဟုပင်ဆိုရပေမည်။ လုပ်ငန်းဆောင်တာ တစ်ခုအတွက် ထိုးထွင်းသိမြင်နိုင်ခြင်း၊ လျှပ်တစ်ပြက်ဖြတ်ထိုးဉာဏ်ကောင်းခြင်း၊  နည်းလမ်းကျနစွာဖြင့် စဉ်းစားဆင်ခြင်တွေးခေါ်နိုင်ရေး အစဉ်အမြဲလေ့ကျင့်နေရပေမည်။

လေသူရဲတစ်ဦးအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ ပျံသန်းမှုဆိုင်ရာအဖြစ်အပျက်များ၊ မိမိနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ပျံသန်းမှုဆိုင်ရာ အချက်အလက်များကို လေ့လာကြရမည်။ ပြန်လည်သုံးသပ်၍ သင်ခန်းစာရယူကြရမည်။  ထိုသင်ခန်းစာများအား  မိမိတို့၏ လက်ရှိပျံသန်းမှုအတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး ပျံသန်းမှု အရည်အသွေးမြင့်မားသည့် လေသူရဲကောင်းတစ်ဦးအဖြစ် ရပ်တည်နိုင်ရေး ကြိုးပမ်းအားထုတ် ကြရမည်ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရသော် လေယာဉ်မောင်းသင်တန်း ကျောင်းဆင်းပြီး တောင်ပံအပ်နှင်း ချီးမြှင့်ခြင်းခံရသည့် လေသူရဲအရာရှိများ၊ အမျိုးသမီးလေသူရဲ အရာရှိများအနေဖြင့် မိမိဘဝတိုးတက်မြင့်မားရေး ကြိုးပမ်းအားထုတ်ခဲ့ကြသူများဖြစ်သည်။ လေသူရဲတစ်ဦးအဖြစ် နိုင်ငံတော်မှပေးအပ်သည့်တာဝန်များအား ဆက်လက်ထမ်းဆောင်ကြရပေဦးမည်။ ထူးချွန်ထက်မြက်သည့် လေသူရဲတစ်ဦးဖြစ်ရေး  အချိန်နှင့်အမျှ ကြိုးစား ကြရဦးမည်ဖြစ်သည်။ လေသူရဲများ၏တာဝန်ကား အခြားသော လုပ်ငန်းတာဝန်များနှင့်မတူပေ။ ကမ္ဘာမြေ၏ ဆွဲအားကို ဆန့်ကျင်လျက် မမြင်နိုင်သည့်အန္တရာယ် များကြားတွင် ထူးခြားစွာ ထမ်းဆောင်နေကြရသူများ ဖြစ်သည်။ ထိုသို့ထမ်းဆောင်နိုင်ရန်အတွက် အဆင့်ဆင့်စိစစ်လျက် ဆန်ခါတင် ရွေးချယ်ထားသူများ ဖြစ်သည်။

ထို့ကြောင့် လေသူရဲများအနေဖြင့် အရည်အသွေး အရည်အချင်း ပြည့်ဝပြီး နိုင်ငံတကာစံချိန်မီ လေသူရဲကောင်းတစ်ဦးအဖြစ် ဘက်ပေါင်းစုံမှ လေ့လာကြိုးပမ်း အားထုတ်သွားကြပါစေလိုကြောင်း ဤဆောင်းပါးဖြင့် ဂုဏ်ပြုရေးဖွဲ့ တင်ပြလိုက်ရပေသည်။   ။

ရွှေညာမြေမြတ်သင်းကြိုင်