၂ဝ၂၁ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် သဘာဝဘေးများ

၂ဝ၂၁ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် သဘာဝဘေးများ

ကမ္ဘာ့နိုင်ငံ အများအပြားသည်  ၂ဝ၂၁ ခုနှစ်အတွင်း  ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် ဆိုးဆိုးရွားရွား တွေ့ကြုံနေရစဉ် အာရှ နှင့် ဥရောပဒေသ အပါအဝင်  နိုင်ငံတချို့သည်   ရာသီဥတု ဆိုးရွားမှုများ၊   ငလျင်လှုပ်ခတ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။  နိုင်ငံတချို့၌  မုန်တိုင်း တိုက်ခတ်မှုများ ဖြစ်ပွားခဲ့သကဲ့သို့  တချို့နိုင်ငံများတွင် မီးတောင်ပေါက်ကွဲမှုနှင့် တွေ့ကြုံခဲ့ရသည်။

ဥရောပအင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်သည့်  ဂျာမနီ၌  မကြုံစဖူး  ထူးခြားသည့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ ယခု အခါ ကမ္ဘာ့လေထုသည် ပိုမိုပူနွေးလာပြီးအစိုဓာတ်ကို ယခင်ကထက် ပိုမိုထိန်းသိမ်း ထားနိုင်ခြင်းကြောင့်   မုန်တိုင်းများတိုက် ခတ်စဉ်အတွင်း မိုးပိုမို ရွာသွန်းနိုင်မည်ဟု ကမ္ဘာ့မိုးလေဝသ အဖွဲ့ကြီးက သတိပေးခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးပြကြီးများတွင် ရေကြီးရေလျှံမှုများ  ဖြစ်ပွားခဲ့ခြင်းကြောင့် ၂ဝ၂၁ ခုနှစ် တစ်နှစ်လုံးအတွင်း ဖြစ်ပွားခဲ့သည့် သဘာဝကပ်ဘေးများ အနက် သုံးပုံ တစ်ပုံမှာ ရေကြီးမှုများပင်ဖြစ်သည်။ ၂ဝ၂၁ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့်   သဘာဝ ကပ်ဘေးများအနက် တချို့ကို ဖော်ပြပေး လိုက်ပါသည်။

အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှု

အင်ဒိုနီးရှားနိုင်ငံရှိ  ဆီမီရူမီးတောင်သည် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၄ ရက်က ပေါက်ကွဲခဲ့ရာ  မီးတောင်အနီးရှိ   ကူရာကိုဘိုတန်ကျေးရွာမှာ   အကြီးအကျယ် ထိခိုက်ခဲ့ရပြီး မီးတောင်ပေါက်ကွဲမှု အတွင်း လူ  ၄၅  ဦးသေဆုံးခဲ့သည်။    ကျေးရွာရှိ ပြည်သူများ အနေဖြင့် မီးတောင်ပေါက်ကွဲမှု မဖြစ်ပွားမီ   ပေါက်ကွဲတော့မည့် အခြေအနေများကို  သတိပေးခြင်း မခံခဲ့ရသောကြောင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနိုင်သည့် အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရသကဲ့သို့   ကြိုတင်ကာကွယ်ရေး အစီအမံများလည်း   လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။  မီးတောင် ပေါက်ကွဲမှုအတွင်း သေဆုံးသူ အရေအတွက်မှာ နောက်ပိုင်းတွင် ၄၈  ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်အဖွဲ့မှ ထုတ်ပြန် ပြီး မီးတောင်ထပ်မံ ပေါက်ကွဲမှုဖြစ်ပွားနိုင်သည်ဟုလည်း သတိပေးခဲ့သည်။ အင်ဒို နီးရှားနိုင်ငံသည် တခြားအာရှနိုင်ငံများဖြစ် သည့် ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့ကဲ့သို့ပင်    မီးတောင်ပေါက်ကွဲမှုကို မကြာခဏ ရင်ဆိုင်နေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

အမေရိကန်၌ ဖြစ်ပွားခဲ့သည့် မုန်တိုင်း တိုက်ခတ်မှုများ အီဒါဟု အမည်ပေးထားသည့်  ဟာရီကိန်းမုန်တိုင်းသည် အမေရိကန်ပြည်ထောင်စု လူဝစ္စီယားနားပြည်နယ် ဖော်ချွန်ဆိပ် ကမ်းသို့ ၂ဝ၂၁ ခုနှစ် သြဂုတ် ၂၆ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့သည်။    မုန်တိုင်း တိုက်ခတ်မှုအတွင်း လေပြင်းများ တိုက်ပြီး ရေကြီးမှုများဖြစ်ပွားခြင်းကြောင့် ကမ်းရိုး တန်းဒေသတစ်လျှောက်တွင် လူ ၃၉ ဦး သေဆုံးခဲ့သည်။   အဆိုပါမုန်တိုင်းသည် အမေရိကန်  အရှေ့မြောက်ပိုင်းသို့လည်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ   ယင်းဒေသရှိ လူ  ၅၆  ဦး  အသက်ဆုံးရှုံးခဲ့ရသည်ဟု အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ    ကင်တပ်ကီပြည်နယ်၌လည်း ၂ဝ၂၁ ခုနှစ်  ဒီဇင်ဘာ ၁ဝ ရက်နှင့် ၁၁ ရက်တို့တွင် လေဆင်နှာမောင်းများ ဝင်ရောက်တိုက်ခတ်မှုကြောင့် ပြည်နယ်လေးခုအတွင်း အပျက်အစီးများ ရှိခဲ့သည့်အပြင်   ကင်တပ်ကီပြည်နယ် တစ်ခုတည်းမှာပင် လူ ၇၈ ဦးအပါအဝင် စုစုပေါင်း လူ ၉၂ ဦး သေဆုံးခဲ့ရသည်။

အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်မှုသည်  ကင်တပ်ကီပြည်နယ်၌  ဖြစ်ပွားသည့်     လူအသေအပျောက် အများဆုံး သဘာဝဘေးအဖြစ်   စံချိန်တင်ခဲ့သည်။ အဆိုပါပြည်နယ်၌  ၁၈၉ဝ  ပြည့်နှစ်က ဖြစ်ပွားသည့်   လေဆင်နှာမောင်း တိုက်ခတ်မှုအတွင်း  လူ  ၇၆  ဦးသာ သေဆုံးခဲ့ သည်။

အိန္ဒိယနှင့်   နီပေါတို့၌ဖြစ်ပွားသည့် ရေကြီးမှုများ အိန္ဒိယနိုင်ငံ အွတ်တရာခန်းပြည်နယ်၊ ကီရာလာပြည်နယ်နှင့်    နီပေါနိုင်ငံတို့၌ ၂ဝ၂၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဆိုးရွားသည့် ရေကြီးမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားရာ လူ ၂ဝ၁ ဦး သေဆုံးခဲ့သည်။

ရေကြီးမှုကြောင့် အိန္ဒိယနိုင်ငံ အွတ်တရာခန်းပြည်နယ် တစ်ခုတည်းမှာပင် အနည်း ဆုံး လူ ၇ဝ သေဆုံးခဲ့သည်ဟု ပြည်နယ် ရဲချုပ် အာဆွတ်ကူးမားက ပြောကြားထားသည်။

အဆိုပါပြည်နယ်အတွင်း သဘာဝဒဏ် အဆိုးရွားဆုံး ခံရသည့်ဒေသမှာ နိုင်နီတယ် ခရိုင်ဖြစ်ပြီး  ပြည်နယ်အတွင်း သေဆုံးသူများအနက် ထက်ဝက်ကျော်မှာ အဆိုပါ ဒေသမှဖြစ်သည်။

နီပေါနိုင်ငံ၌ ရေကြီးမှုနှင့် မြေပြိုမှုများအတွင်း လူ ၇၇ ဦးသေဆုံးပြီး ၂၂ ဦးခန့် ဒဏ်ရာရရှိကာ တခြား ၂၆ ဦး ပျောက်ဆုံး လျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန မှ ထုတ်ပြန်ခဲ့သည်။

ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးအဖြစ် စံချိန်တင်ခဲ့သည့် ဂျာမနီနှင့် ဘယ်လ်ဂျီယံ ရေကြီးမှုများ ဂျာမနီနိုင်ငံအနောက်ပိုင်း၌   ၂ဝ၂၁ ခုနှစ် ဇူလိုင် ၁၄ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် လူ ၁၉၆ ဦးသေဆုံးပြီး အပျက်အစီး များစွာဖြစ်ပွားခဲ့သည်။ ရေကြီးမှုဒဏ်ကို အဆိုးရွားဆုံး တွေ့ကြုံခဲ့ရသည့်ဒေသမှာ ရိုင်းလန်းပါလာတီနိတ်ဒေသဖြစ်ပြီး ဒဏ်ရာရရှိသူ အရေအတွက်မှာ ၇ဝဝ ကျော်သည်ဟု အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ရေကြီးမှုအတွင်း လူ ၁၇ဝ ခန့် ပျောက်ဆုံးသွားသည်။ ထို့ပြင် ရေကြီးမှုကြောင့် အနည်းဆုံး ရထားဘူတာ ၈ဝ  ကို ပိတ်ခဲ့ရပြီး အားမြစ်တစ်လျှောက် တည်ဆောက်ထားသည့် တံတား ၃၅  စင်းအနက် တံတားအစင်းရေ  ၂ဝ ပျက်စီးသွားခဲ့ကြောင်း    သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ အဆိုပါရေကြီးမှုသည်   ဂျာမနီနိုင်ငံ၌   ဆယ်စု နှစ်တစ်ခု အတွင်းဖြစ်ပွားသည့်   အဆိုးရွားဆုံး သဘာဝဘေးအဖြစ်     စံချိန်တင်ခဲ့သည်။

ဂျာမနီနိုင်ငံ၌ဖြစ်ပွားသည့်  အဆိုပါ ရေကြီးမှုသည် တစ်နိုင်ငံတည်းဖြင့် ရပ်တန့်မသွားဘဲ ဘယ်လ်ဂျီယံ နိုင်ငံ၌ ထပ်မံဖြစ်ပွားခဲ့ရာ   ယင်းနိုင်ငံရှိ  ပြည်သူ  ၃၈  ဦးခန့် အသက်ဆုံးရှုံး ခဲ့ရသည်။

လူအသေအပျောက် များခဲ့သည့် တရုတ်ရေကြီးမှုနှင့် မြေပြိုမှုများ တရုတ်နိုင်ငံအလယ်ပိုင်း ဟေပေးပြည် နယ်၌ ၂ဝ၂၁ ခုနှစ် ဇူလိုင်၂ဝ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီး မှုများနှင့် မြေပြိုမှုများ ဖြစ်ပွားရာ အနည်း ဆုံး လူ ၃ဝဝ ကျော် သေဆုံးခဲ့ရသည်။ ထို့ ပြင် သဘာဝကပ်ဘေးအတွင်း လူနေအိမ် ထောင်ပေါင်းများစွာ    ပျက်စီးခဲ့ရသည့်အပြင် ပြည်နယ်အတွင်းရှိ လူ ၁၃ သန်း နီးပါး  ဘေးဒဏ်သင့်ခဲ့ရသည်။ ရေကြီးမှုနှင့် မြေပြိုမှုများအတွင်း သေဆုံးမှုအများ ဆုံးဖြစ်ပွားသည့်ဒေသမှာ   ကျန့်ကျိုးမြို့ဖြစ်ပြီး ရေကြီးမှုများအတွင်း မော်တော်ကား အမြောက်အမြား ရေစီးနှင့်အတူ မျောပါသွားခဲ့သည့်အပြင်   မြို့အတွင်းရှိ  မြေအောက်ရထား ဘူတာများအတွင်းသို့ ရေများဝင်ရောက်ခဲ့သည်။  အဆိုပါသဘာဝ ဘေးဖြစ်ပွားပြီးနောက်တွင် ရေကြီးမှုနှင့် မြေပြိုမှုအတွင်း လူနှင့်  လူနေ အဆောက်အအုံများ ပျက်စီးဆုံးရှုံးနိုင်သည်ဟု  သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် သတိပေးစကား ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သို့  ဝင်ရောက်တိုက်ခတ်ခဲ့သည့် စူပါတိုင်ဖွန်းမုန်တိုင်း ရိုင်ဖိလစ်ပိုင်နိုင်ငံ၌ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ  ၁၆  ရက်က ဖျက်အားပြင်း စူပါတိုင်ဖွန်း မုန်တိုင်းရိုင်     ဝင်ရောက်တိုက်ခတ်ရာ အနည်းဆုံး လူ ၃၇၅ ဦး သေဆုံးပြီး ၅ဝဝ ကျော်   ဒဏ်ရာရရှိခဲ့သည်။      ထို့ပြင် မုန်တိုင်းတိုက်ခတ်စဉ် တစ်နာရီလျှင် မိုင် ၁၂ဝ နှုန်းဖြင့် လေတိုက်ခတ်ခဲ့ခြင်းကြောင့် အဆောက်အအုံ အများအပြား ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ    နေရပ်များကို စွန့်ခွာခဲ့ရသည်။    ဖိလစ်ပိုင်နိုင်ငံသည်   တစ်နှစ်လျှင်   ပျမ်းမျှအားဖြင့် မုန်တိုင်း တိုက်ခတ်မှု အကြိမ် ၂ဝ ခန့်နှင့်  တွေ့ကြုံရလေ့ ရှိသည့်နိုင်ငံဖြစ်သည်။