စိမ်းစိမ်းစိုစိုအရွက် ဖားဖားဖြင့် အရည်ရွှမ်းသော မုန်ညင်းစိမ်းပင်များသည် ဆောင်းဦးရာသီဖြစ်သည့် နိုဝင်ဘာလမှစတင်ကာ နွေဦးရာသီမတ်လအထိ လှိုင်လှိုင်ပေါသော ရာသီစာဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပါသည်။ အစေ့မှအပင်ပေါက်ခြင်း ဖြစ်ပါသည်။ မုန်ညင်းစိမ်းကို အင်္ဂလိပ်လို Mustard ဟု ခေါ်ပြီး သိပ္ပံအမည်မှာ Brassica Campestris L ဖြစ်ပါသည်။Brassica မျိုးစုဖြစ်၍ မုန်ညင်းစိမ်းသည် မုန်ညင်းဖြူ၊ မုန်ညင်းနက်၊ ကိုက်လန်၊ မုန်လာဥနီတို့နှင့် အမျိုးတူပါသည်။ မုန်ညင်းစိမ်းပင်ပေါက်ရောက်ရာ ဇာစ်မြစ်မှာ အိန္ဒိယနိုင်ငံ၏ ဟိမဝန္တာဒေသတစ်ဝိုက်ဖြစ်ပါသည်။ ဟိုးနှစ်ပေါင်း ၅၀၀၀ ခန့်ကတည်းက အိန္ဒိယနိုင်ငံတွင် စတင်ပေါက်ရောက်ခဲ့ကြပြီး ထိုမှတစ်ဆင့် ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့လာခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆောင်းရာသီ အအေးဓာတ်ကဲသော ဒေသများဖြစ်ကြသည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် မုန်ညင်းစိမ်းပင်များ ကောင်းစွာရှင်သန်ကြပါသည်။
မုန်ညင်းစားဖွယ်စုံ
အဝါရောင်ပန်းပွင့်ကာ အတန်ငယ်အနံ့စူးရှပြီး အရသာအနည်းငယ်ခါးသက် လေးပင်သော မုန်ညင်းစိမ်းကို စွပ်ပြုတ်၊ ချဉ်ရည်ဟင်း၊ မုန်ညင်းစိမ်းပေါင်း၊ သက်သတ်လွတ်ဟင်းရွက်ကြော် သို့မဟုတ် နှစ်သက်ရာ အသားတစ်မျိုးမျိုး သို့မဟုတ် ကြက်၊ ဝက်အူချောင်းတို့ဖြင့် ရောကြော်၍ စားသုံးလေ့ရှိကြပါသည်။ အထူးသဖြင့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့၏ ဆောင်းရာသီ နေ့စဉ်ဟင်းလျာ စာရင်းတွင် မုန်ညင်းစော၊ မုန်ညင်းဖူးပေါင်း၊ ဟင်းပေါင်းတို့က မပါမဖြစ်နေရာ ယူလျက်ရှိပါသည်။ ထို့ပြင် မုန်ညင်းစိမ်းကို နေလှန်း၍ အချဉ်ဖေါက်ကာ ကြံမဆိုင်အဖြစ် စားသုံးနိုင်ပါသည်။ မုန်ညင်းစေ့မှလည်း အဆီထုတ်ယူ နိုင်ပါသည်။ မုန်ညင်းဆီဖြင့် ချက်ပြုတ်စီမံထားသော ဟင်းလျာများမှာ အရသာပိုမိုလေးနက်ပြီး ဆေးဖက်လည်းဝင်ပါသည်။ မှတ်တမ်းများအရ ၁၈၆၆ ခုနှစ်တွင် အင်္ဂလန်ဘုရင်မကြီး ဗစ်တိုးရီးယားက ကိုးလ်မင်းကုမ္ပဏီ(Colman's of England)ကို မုန်ညင်းဆော့စ်(Mustard Sauce) ထုတ်လုပ်ရန် အထူးတာဝန်ပေးစေခိုင်းခဲ့ကြောင်း လေ့လာသိရပါသည်။
မုန်ညင်းစိမ်းနှင့် ကျန်းမာရေး
မြန်မာ့စွယ်စုံကြမ်း အတွဲ (၉) တွင် မုန်ညင်းပင်နှင့် ပတ်သက်၍- မုန်ညင်းရွက်တွင် အကောင်းဆုံး ဗီတာမင်ဓာတ်များပါရှိ၏။ ထို့ပြင် အမျှင်များသော ပင်စည်နှင့် အပွင့်တို့သည် ဝမ်းပျော့စေတတ်သည့် သတ္တိရှိ၏။ အစေ့များကို ကြိတ်၍ရသောဆီသည် အနံ့အရသာကောင်းသည့်အပြင် အိမ်တွင်းသုံးဆေး အဖြစ်ဖြင့်လည်း အသုံးပြုကြ၏။ ဆီကြိတ်ပြီး၍ ကျန်ရစ်သော မုန်ညင်းစေ့ဖတ်ကို အခြောက်ခံလျက် အမှုန့်ဖြစ်အောင်ထောင်းရ၏။ ထိုအခါ မုန်ညင်းစေ့မှုန့်အစစ်ကိုရ၏။ ဆေးဖက်တွင် သရွတ်ကိုင်ရာတွင် ဖြစ်စေ၊ အဆိပ်အတောက် စားသောက်မိသည့်အခါ အော့အန်စေသည့်ဆေးအဖြစ် ဖြစ်စေ မုန်ညင်းဆီကို အသုံးပြုကြ၏။ လယ်မြေများကိုပြုပြင်ရာမှာ သစ်စိမ်းမြေသြဇာကျွေးရန်အတွက် လယ်များတွင် မုန်ညင်းဖြူများကို စိုက်ပျိုးကြ၏။ စိုက်ပျိုးပြီးလျှင် ထယ်ထိုးလိုက်ခြင်းဖြင့် ထိုလယ်မြေတွင် မြေသြဇာထက်သန်လာ၏။ မုန်ညင်းအမည်းမျိုးမှာ အစေ့များကို ဟင်းခတ်အမွှေးအကြိုင်အတွက် အသုံးပြုရန် စိုက်ပျိုးကြ၏ ဟု ဖော်ပြထားကြောင်း လေ့လာသိရပါသည်။
အစိမ်းရောင် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည့် မုန်ညင်းစိမ်းကို နိုင်ငံတကာ သုတေသီများက ဆေးသိပ္ပံနည်းအရ လေ့လာရာတွင် လူသားတို့ ကျန်းမာရေးကို အံ့မခန်းအထောက်အကူပြုပေးနိုင်ကြောင်း အောက်ပါအတိုင်း လေ့လာသိရှိရပါသည်။
မုန်ညင်းစိမ်းထဲတွင် ပရိုဗီတာမင်အေ ဓာတ်ပါရှိနေပါသည်။ ထိုဓာတ်သည် အဆုတ်ထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သောကြောင့် စီးကရက်သောက်သူများနှင့် စီးကရက်မီးခိုးငွေ့ ရှူရိုက်မိသူများအဖို့ မုန်ညင်းစိမ်းကို အဆုတ်သန့်ဆေးအဖြစ် အားထားနိုင်ပါသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြင်းထန်နေချိန်မှာ အဆုတ်ကိုသန့်စေသော မုန်ညင်းစိမ်းကို များများစားပေးသင့်ပါသည်။
ကယ်လိုရီနှင့် အဆီဓာတ်ပါဝင်မှုနည်းပါးသောကြောင့် ကိုလက်စထရောကျစေနိုင်သဖြင့် ခန္ဓာကိုယ် အလေးချိန်ပုံ မှန်ထိန်းသိမ်းလိုသူများအတွက် အထောက်အကူပြုပါသည်။
အမျှင်ဓာတ်ကြွယ်ဝသဖြင့် ဝမ်းချုပ်သူများစားသုံးရန် အထူးသင့်တော်ပါသည်။ အူကင်ဆာဖြစ်ပေါ် နိုင်ခြေအလားအလာမျိုးကိုလည်း ကာကွယ်တားဆီးပေးနိုင်ပါသည်။
မုန်ညင်းစိမ်းတွင် မဂ္ဂနီစီယမ် အလုံအလောက်ပါရှိခြင်းကြောင့် နှလုံးသွေးကြောနှင့်သက်ဆိုင်သော ရောဂါဝေဒနာများကို ထိရောက်စွာ ကာကွယ်တားဆီးပေးနိုင်စွမ်းရှိပါသည်။
မုန်ညင်းစိမ်းတွင် ဗီတာမင်ကေနှင့် ကယ်စီယမ်ဓာတ်တို့ အမြောက်အမြားပါရှိခြင်းကြောင့် အရိုးကျန်းမာရေးကို များစွာ အထောက်အပံ့ပေးပါသည်။
မုန်ညင်းစိမ်းတွင် လူသားအကျိုးပြုဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်မှုမြင့်မားသည့်အပြင် Indoles, Carotenes, Lutein ဓာတ်များ ပါရှိနေကြသဖြင့် အမျိုးသားများတွင် အဖြစ်များသည့် သုက်ရည်လွှတ်ပေးသော ဆီးကျိတ်ကင်ဆာ၊ အူမကင်ဆာ၊ ရင်သားကင်ဆာ၊ သားဥအိမ်ကင် ဆာများနှင့် ကင်ဆာဆဲလ်များ ပြန့်ပွားကြီးထွားလာမှုကို ဟန့်တားပေးပါသည်။
သွေးဆုံးခါနီး အမျိုးသမီးများ အထူးစားသုံးပေးသင့်ပါသည်။
မုန်ညင်းစိမ်းထဲတွင်ပါရှိသော ဗီတာမင်အေဓာတ်က အရေပြားကျန်းမာရေးကို အထောက်ကူပြုရုံ သာမက၊ အမြင်အာရုံကို တိုးတက်ကောင်းမွန်စေပါသည်။
ဦးနှောက်အာရုံကြော ပျက်စီးခြင်းနှင့်ဦးနှောက်ဇရာအကြို အယ်လ်ဇိုင်းမားရောဂါ ဝေဒနာများကို များစွာ ကောင်းကျိုးပြုပါသည်။
လတ်ဆတ်သောမုန်ညင်းစိမ်းထဲတွင် ဖောလစ်အက်စစ်ပမာဏ အမြောက်အမြား ပါရှိနေပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများ မုန်ညင်းစိမ်းကို မှန်မှန်စားပေးပါက မွေးဖွားလာသော ရင်သွေးငယ်တွင် အာရုံကြောရောဂါပြဿနာများ ဖြစ်နိုင်ခြေလွန်စွာနည်းပါးအောင် အကျိုးပြုပေးပါသည်။
မုန်ညင်းစိမ်းထဲတွင် ဗီတာမင်စီဓာတ်အလုံအလောက် ပါရှိသဖြင့် ဆောင်းရာသီ ကူးစက်ရောဂါတုပ်ကွေးဝေဒနာများ အလွယ်တကူ မကူးစက်စေတော့ဘဲ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါသည်။
မုန်ညင်းစိမ်းထဲတွင် ငြခသအငညငခ အက်စစ်ပါရှိသောကြောင့် Nicotinic (ခေါ်) အာဟာရ ချို့တဲ့မှုကြောင့် အရေပြားများအက်၍ ကြမ်းတမ်းခြင်းများကို သက်သာလာစေနိုင်ပါသည်။
မုန်ညင်းစိမ်းထဲကို ဝါးလိုက်စဉ် တံတွေးဂလင်းက ပုံမှန်ထက်ရှစ်ဆမျှပိုများသော တံတွေးများ ထွက်လာစေပြီး အစာစားချင်စိတ်ကို လှုံ့ဆော်ပေးပါသည်။ အစာချေဖျက်ခြင်း ဇီဝဖြစ်စဉ်ကိုလည်း အထောက်အကူပြု ပေးပါသည်။ ထို့ကြောင့် နာလန်ထစခံတွင်းပျက်နေသော လူနာများကို မုန်ညင်းစိမ်းကျွေးပေးသင့်ပါသည်။
မုန်ညင်းဆီနှင့်ကျန်းမာရေး
မုန်ညင်းဆီဖြင့် ခန္ဓာကိုယ်အနှံ့ကို နှိပ်နယ်ပေးပါက ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များနှင့် ပိုလျှံသော ရေများသည် ချွေးအဖြစ်ထွက်ရှိလာအောင် မုန်ညင်းဆီက လှုံ့ဆော်ပေးနိုင်စွမ်းရှိပါသည်။ ခန္ဓာကိုယ်အပူချိန်ကိုလည်း ထိန်းညှိပေးပါသည်။
အသားအရေခြောက်သွေ့ခြင်းနှင့် နေလောင်ဒဏ်ရာများအတွက် မုန်ညင်းဆီကို အလှဆီအဖြစ် လိမ်းပေးနိုင်ပါသည်။
မုန်ညင်းဆီဖြင့် ဦးရေပြားကိုနှိပ်နယ်ပေးပါက ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပြီး ဆံသားများသန်စွမ်းနက်မှောင်စေပါသည်။
အိန္ဒိယရိုးရာကုထုံးနည်းများတွင် သွေးတိုးရောဂါနှင့် နှလုံးရောဂါတို့အတွက် မုန်ညင်းဆီကို သောက်သုံးလေ့ရှိပါသည်။
နားထင်တွင်မုန်ညင်းဆီဖြင့် အသာအယာနှိပ်နယ်ပေးပါက ခေါင်းကိုက်ဝေဒနာများကို ယူပစ်သလိုပျောက်ကင်းစေပြီး ပေါ့ပါးလန်းဆန်းလာစေပါသည်။
မုန်ညင်းစေ့နှင့် မုန်ညင်းဆီတို့ကို စားသုံးပေးခြင်းဖြင့် သွေးဆုံးကိုင် ဝေဒနာများကို သက်သာစေပါသည်။ ထို့ပြင် အစာခြေစံနစ်ကိုတိုးတက်ကောင်းမွန်စေပြီး နှုတ်မြိန်စေပါသည်။
နို့စို့အရွယ်ကလေးငယ်များ ရင်ပြည့်ရင်ကယ်မဖြစ်စေရန်အတွက် ဝမ်းဗိုက်နှင့် ရင်ဘတ်တို့ကို မုန်ညင်းဆီဖြင့် အသာအယာပွတ်နယ်လိမ်းကျံ ပေးနိုင်ပါသည်။
(ခြွင်းချက်) မုန်ညင်းစိမ်းသည် ကျောက်ကပ်နှင့်ဆီးအိမ်တို့ကို ကောင်းကျိုးပြုပါသည်။ သို့သော် မုန်ညင်းစိမ်းထဲတွင် Oxalate ဓာတ်ပါရှိသောကြောင့် ဆီးလမ်းကြောင်းတွင် ကျောက်တည်သော ဝေဒနာ
ရှင်များစားသုံးရန်မသင့်ပေ။ ထို့ပြင် မုန်ညင်းစိမ်းထဲတွင် goitrogens ဓာတ်တစ်မျိုးပါရှိရာ ထိုဓာတ်သည် သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ခြင်းကို အဟန့်အတားဖြစ်စေသောကြောင့် သိုင်းရွိုက်ဝေဒနာသည်များ မုန်ညင်းစိမ်းစားသုံးခြင်းကို ရှောင်ရှားသင့်ပါသည်။
မည်သို့ပင်ဆိုစေကာမူ လူသားတို့ကျန်းမာရေးအတွက် အားသာချက်များသော မုန်ညင်းစိမ်းကို ဆောင်းရာသီမှာ အစာလည်းဆေး၊ ဆေးလည်းအစာအဖြစ် စားသုံးပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။ ။
ပေါက်ပေါက်