အရုဏ်ကျင်းသည့် ရွှေရောင်မနက်ခင်း။
အရုဏ်ဟူသည် အသစ်၊ အဦး၊ အစဟုဆိုရပေမည်။ တကယ်တော့ အလှတရားတို့ထုံမွန်းရာ နေ့တစ်နေ့၏ အဖွင့်နိဒါန်းပင်တည်း။
အရုဏ်ဦးနှင့်အတူ အသစ်အသစ်သော ပန်းများ ဖူးကြ၊ ပွင့်ကြ၊ လန်းဆန်းကြသည်မှာ ဓမ္မတာပင်၊ စင်စစ်အသစ်နှင့်အသစ် ပေါင်းစည်းခြင်း ဥပဒေသသည် အစဉ်အလာအမှန်မည်၏။ သဘာဝတရား၏ အလိုအရလည်း အဟောင်းအသစ်ပြောင်းလဲခြင်း နိယာမ ရှိနေဆဲ၊ ရှိနေမြဲ။
အသစ်သည်နုပျိုခြင်း၊ အားမာန်ပြည့်ခြင်းသရုပ်နှင့်အတူ လာခြင်းကောင်းပါ၏။ ကောင်းမြတ်သော မနသီ၊ မင်္ဂလာနှင့်လည်း ပြည့်စုံပါ၏။ ကျွန်တော်ဆိုလိုသည်မှာ အသစ်အသစ်တို့ လွှမ်းမိုးနေသည့်သည် အရုဏ်ဦး၊ သည်နံနက်ခင်းပင်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့၊ အမှတ်စဉ် (၈၃) လေသူရဲတောင်ပံအပ်နှင်းပွဲ မင်္ဂလာဦး အခင်းအကျင်း အခမ်းအနားမြင်ကွင်းပင်တည်း။
တိမ်ဖြူပဝါပါး နောက်ခံမိုးပြာပြာလွင်လွင်၊ ပြီးတော့ တစ်မျှော်တစ်ခေါ် ရှည်လျားကျယ်ပြောလှသည့် လေယာဉ်ပြေးလမ်း၊ ဖြူဖျော့ဖျော့ကွန်ကရစ်သား၊ နက်မှောင်သည့် ကတ္တရာထုထည် စသည်ဖြင့် သင့်ရာသင့်ရာ ခင်းထားသည့် အခင်းသားမှာ ပြေပြစ်မာကျောလှပါ၏။ ဟိုးအဝေးဝေးကို မျှော်ကြည့်မိပြန်တော့ အစိမ်းရောင် သစ်ပင်အုပ်ကလေးများနှင့် ကျေးလက်အရိပ်အငွေ့များက လွမ်းစရာလိုလို ခံစားရပြန်သည်။ ကွင်း၏သည်မှာဘက် အစပ်အနားသတ်တွင် လွှင့်ထူထားသည့် လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်း၊ အုပ်၊ တပ် အသီးသီး ကိုယ်စားပြုရောင်စုံအလံများက တလူလူ၊ လူပျံတော်ရုပ်တုနှင့် သိန်းငှက်နဖူးစည်းပါမုခ်ဦးတို့က ခံ့ခံ့ညားညား၊ ပြီးတော့ တောင်ပံအပ်နှင်း ကျောင်းဆင်းပွဲ ကျင်းပမည့်နေရာ (သို့) အခန်းသတ်မှတ် ဖွဲ့စည်းထားရှိမှု စသည်စသည်တို့မှာ မကြာမီလှုပ်ရှားမှုများ စီးမျောရိုက်ခတ်လာပေလိမ့်မည်။ အမှန်တော့ ထိုမြင်ကွင်းတွင်ရှိသမျှ ထိုထိုသော ရုပ်ဝတ္ထုတိုင်းသည် ကြီးစွာသောမာန်ဟုန်ဖြင့် လေးညှို့မှလွှတ်ခြင်းခံရမည့် မြားတစ်စင်းနယ် အားမောင်းပြည့်၀ နေပေလိမ့်မည်။
ကျွန်တော်ရောက်ရှိနေသည်မှာ မိတ္ထီလာအညာမြို့ကလေး။ ရေခံမြေခံကောင်းသည့် ရိုးတံမာသော ပန်းကလေးနှယ်ပမာ ပုံခိုင်းနှိုင်းချင်ပါ၏။ စင်စစ် လေကြောင်းအတတ်ပညာရပ်၏ စည်းတံတိုင်း အဝန်းအဝိုင်း၏ ပုံရိပ်ကလည်း ဖြန့်ကြက်လွှမ်းမိုးနိုင်လွန်းလှသည်။ တစ်နည်းပြောရလျှင် လေကြောင်း လွင်ပြင်၏ ဆုံမှတ်၊ ဗဟိုချက်ဟုခေါ်နိုင်သည့် လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် နယ်မြေအတွင်းဖြစ်၏။
ပို၍ တိတိကျကျပြောရလျှင် လေယာဉ်မောင်းသင်တန်း ကျောင်းရှေ့ပင်ဖြစ်ပါသည်။
အဖြူရောင်ကျောက်သားအဆောက်အအုံကြီး၊ အထပ်ထပ်။ အဆင့်မြင့် သေသပ်လှပါ၏။ ကွန်ကရစ် ကျောက်သားများ၏ မာကျောမှု၊ အဖြူရောင်၏ သန့်ရှင်းမှုသင်္ကေတ အဆောက်အအုံပုံစံ၏ ဆန်းသစ်ခေတ်မီမှုတွင် လှေကားလက်ရန်း စတီးပွတ်လုံးများကြောင့် တင့်တယ်လှပါသည်။ သင်တန်း ကျောင်းတစ်ခု၏ ဥပဓိအနေနှင့်မူ တည်ငြိမ်ခံ့ထည်လှပါ၏။ စနစ်ကျသောအခန်းအနေထားများကို လှမ်း၍မြင်တွေ့ရခြင်းဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ခံစားရပါသည်။
ကျောင်းပရိဝုဏ်နှင့် မလှမ်းမကမ်းတွင် စာသင်ခန်း၊ စာပေဌာန လေသူရဲ သင်တန်းသား/သင်တန်းသူတို့၏ အိပ်ဆောင်များကို သီးခြားစီ အဆောင်များအဖြစ် တွေ့မြင်ရပါသည်။ ဤမြင်ကွင်းများကိုကြည့်ရင်း ကျွန်တော့်ရင်ထဲတွင် အလှုပ်အခတ် ဖြစ်ရပြန်သည်။ တပ်မတော်(လေ)ဆိုင်ရာ အသိအမြင်ပုံရိပ်အချို့ ဖျတ်ခနဲဖျတ်ခနဲ တိုးဝင်လာ၏။ ဤလေယာဉ်မောင်းသင်ကျောင်းမြတ်မဟာ၏ အခန်းကဏ္ဍသည် သမိုင်းထုထည်ကြီး တစ်ခုအလား ဤကျောင်းမှမွေးထုတ်ပေးလိုက်သည့် လူတော်လေသူရဲကောင်း ဇာနည်မောင်များ သူတို့၏ဇာတိမာန်၊ သတ္တိနှင့် နှလုံးသားဝိညာဉ်များ ထုံကူးယစ်သမ်းထွေးပိုက်ထားရာ အောင်မြေအရပ်ပါလားဟူသောအသိဖြင့် ကြက်သီး ဖြန်းဖြန်းထမိပါသည်။ စခန်းဌာနချုပ်အတွင်း သစ်ပင်ကြီးများ အုပ်ဆိုင်းစိမ်းညှို့မှုကလည်း စိတ်ခံစားမှု အတွေးဆန့်ထွက်လာစေပြန်သည်။ ကြည့်စမ်း ရဲရင့်မှုဖြင့် ပွင့်လာသည့် ပန်းများ သို့မဟုတ် လေသူရဲတို့၏ မွေးရပ်အမှန် ဘူမိနက်သန်မြေ ပါလားဟု မြင်လာစေသည်။ လေကြောင်းပညာရပ်ကို လေ့လာဆန်းစစ်ကြည့်သောအခါ သိပ္ပံနှင့်နည်းပညာအပေါ် အခြေခံကြောင်းတွေ့ရ၏။ ခက်ခဲမှုနှင့် နက်နဲမှုပါဝင်နေပါသည်။ လေကြောင်းအတတ်ပညာရပ်တွင် လေယာဉ်မောင်းနှင်မှု ပျံသန်းရေးပိုင်း၊ စက်မှုပိုင်းဆိုင်ရာ သီအိုရီပိုင်းတို့အပြင် လေ့လာ၊ လေ့ကျင့်၊ လိုက်နာမှုတို့လည်း ပါဝင်နေပါသည်။ ယင်းကိစ္စရပ်များကို သင်ကြားရသည့်အပိုင်းမှာလည်း သိမ်မွေ့လေးနက်လွန်းလှပါပေသည်။
လေယာဉ်မောင်းနှင်မှု အတတ်ပညာသည် မြန်မာနိုင်ငံသို့ လွတ်လပ်ရေးမရမီ ၁၉၃၄ ခုနှစ်တွင် ရောက်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။ ထိုမှတစ်ဆင့် အပျော်တမ်း လေတပ်မှသည် အဆင့်ဆင့်ဖြတ်သန်းကာ ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် တပ်မတော်(လေ) ပေါ်ထွက်လာခြင်းဖြစ်၏။ ၁၉၅၀ ပြည့်နှစ် ဇွန် ၁၆ ရက်တွင် မင်္ဂလာဒုံလေတပ်စခန်း ဖွဲ့စည်းခဲ့ရာ ယင်းနှင့်အတူ လေယာဉ်မောင်းသင်တန်းကျောင်း ပါဝင်ခဲ့သည်။ ထိုမှတစ်ဆင့် ၁၉၅၁ ခုနှစ် ဧပြီ ၃၀ ရက်တွင် မှော်ဘီလေတပ်၊ ၁၉၅၂ ခုနှစ် ဧပြီ ၂၄ ရက်တွင် မိတ္ထီလာလေ့ကျင့်ရေးလေတပ်၊ ၁၉၇၄ ခုနှစ် မေ ၂၈ ရက်တွင် ယခုလက်ရှိ လေကြောင်း အတတ်သင်လေတပ်စခန်း၊ ရှမ်းတဲသို့ လေယာဉ်မောင်းသင်တန်းကျောင်းကို ဆက်၍ ဆက်ကာ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိခဲ့ရပါသည်။ ယနေ့ဆိုလျှင် သမိုင်းခေတ်ရေအလျဉ် ဝယ်ဖြတ်သန်းကာလနှင့် နှစ် ၇၀ ကျော် အစပြုခဲ့လေပြီ။ ရွှေဖြူရတုအလွန်ကာလဟု ဆိုရပေလိမ့်မည်။ သက်တမ်းနှစ်များနှင့်အညီ ရွက်ထမ်းလာခဲ့သည့် ခေတ်တာဝန်ကားမသေးလှ။ ဤကျောင်း မြတ်မဟာမှ မွေးထုတ်ပေးလိုက်သည့် လေသူရဲဇာနည်များပင် အရေအတွက် ထောင်ဂဏန်းပေါင်းများစွာ ရှိခဲ့လေပြီ။
မြန်မာနိုင်ငံတွင် တစ်ခုတည်းသော လေယာဉ်မောင်းသင်တန်းကျောင်းအဖြစ် ဆယ်စုနှစ်များစွာတိုင် ကျော်လွှားနိုင်ခဲ့လေပြီ။ သံမဏိရှည်ကြာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့ပြီ။ ယင်းသည် ခေတ်စနစ်နှင့် ပေါင်းကူးဆက်စပ် ထင်ဟပ်နေသည့် ပညာရပ်တစ်ခု၏ ထူးခြားသည့် ဝိသေသပင်မဟုတ်ပါလား။ လူ့သမိုင်းတွင် ခေတ်စနစ်များ ပြောင်းလဲလျက်ရှိပါ၏။ စစ်ပွဲများစစ်နည်းဗျူဟာများလည်း ပြောင်းလဲမှုများ ရှိခဲ့ပါသည်။ အပြောင်းအလဲများ၏နောက်တွင် နှိုင်းယှဉ်၊ တုပ၊ ကြံဆ၊ ရည်မှန်း၊ ဆန်တက်၊ ဆန်းသစ်လာပါသည်။ ဆန်းသစ်မှုသည် တီထွင်မြင့်မားမှု သဘောတရားနှင့်အတူ စစ်နိုင်လိုသောအကြောင်း ခြင်းရာများလည်း ပါဝင်လာမြဲဖြစ်၏။
ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ပထမနှင့် ဒုတိယကမ္ဘာစစ်ကြီးများ၏အတွေ့အကြုံကို အခြေခံကာ လေကြောင်းကဏ္ဍအဆင့်အတန်း ဖွံ့ဖြိုးရေးကို ကြိုးပမ်းလာခဲ့ကြသည်။ လေကြောင်းပညာရပ်သည် စွမ်းအားကြီးမားလှသည်။ ကာကွယ်ရေး ထုထည်ကြီး တစ်ရပ်ဖြစ်ကြောင်းလည်း နိုင်ငံတကာက သိမြင်လာသည်၊ လက်ခံလာကြသည်။ စွမ်းရည်တကာတို့ထက် အမြင့်ဆုံးစွမ်းရည်ဖြစ်ပြီး စစ်ပွဲတစ်ပွဲ၏ ချိန်ခွင်လျှာကို လှည့်ပြောင်း၊ ထိန်းမတ်၊ ဖန်တီးနိုင်စွမ်းရှိကြောင်းလည်း သိမြင်လာခဲ့ကြသည်။ မိုးကောင်းကင်ကို ထိန်းချုပ်ကာ အာကာတစ်ခွင် မြေပြင်အနှံ့ဆန်ထွက်၍ သမုဒ္ဒရာအမြင် စကြာဝဠာတိုင် လွှမ်းမိုးကွပ်ကဲနိုင်စွမ်းတို့ ပိုင်ဆိုင်စွမ်းတို့ ရှိလာပေလိမ့်မည်။ တကယ်လည်း ဖြစ်လာနေပြီ။
လေကြောင်းချီ စစ်အင်္ဂါရပ်တွင် စစ်ဗျူဟာသဘောအရ တပ်မနှင့်အတူ တိုက်လေယာဉ်များ ပါဝင်သည်ဖြစ်ရာ လေသူရဲတို့၏ အပိုင်းမှာလည်း အဓိကဖြစ်လာ၏။ တကယ်တော့ သာမန်စွန့်လွှတ်စွန့်စားစိတ်ရှိခြင်း အကြောင်းတရားမျှဖြင့် လေသူရဲ အရာရှိတစ်ဦးဖြစ်မလာနိုင်ပေ။ စိတ်ဓာတ်ကောင်း၊ စိတ်ဓာတ်
မာတင်းခိုင်မာမှု၊ ဘာသာဗေဒကျွမ်းကျင်မှုနှင့် ခေတ်သိပ္ပံပညာရပ်များကို ပိုင်နိုင်သိမြင်မှုတို့ ပြည့်စုံရပါမည်။ အနားသတ်မရှိသည့် ကောင်းကင်ပြာဝယ် စက်တပ်ယာဉ်တစ်စင်းအပေါ် အခြေပြုကာ စွန့်စားဆောင်ရွက်ရသည်ဖြစ်ရာ သတိ၊ အသိ၊ မြဲမြံမှု၊ ကျွမ်းကျင်မှု၊ ကျန်းမာရေး ဆေးအဆင့်မီမှုတို့အပြင် ပညာရပ်ဆိုင်ရာ တတ်သိနားလည်မှု စသည်ဖြင့် တာဝန်ကြီးလေးလှကြောင်း တွေ့မြင်ရပေလိမ့်မည်။
တွေးကြည့်၊ မြင်ကြည့် လေသူရဲကောင်းတစ်ဦးဖြစ်လာရန်မှာ မလွယ်ကူလှပေ။ သင်ကြားမှုအပိုင်းတွင် သင်တန်းသားနှင့် နည်းပြဆရာတို့၏ ကဏ္ဍမှာလည်း အလွန်အရေးကြီးပါသည်။ ဆရာတပည့် ဆက်ဆံရေးသည် သိမ်မွေ့မှုနှင့် စေတနာဟန်ချက်ညီရမည်ဟု ဆိုချင်သည်။ အသက်ချင်းထပ်ကာ သင်ကြားရသည့် သင်ခန်းစာများကြောင့် သာမန်ဆရာတပည့်ပုံစံထက် ထဲထဲဝင်ဝင်ရှိမှုက ပို၍အလေးသာနေပါ၏။
အက္ခရာသင်္ချာသဘောအရ ပြောကြည့်ပါရစေ။ မျဉ်းဖြောင့်နှင့် မျဉ်းမတ်ပေါင်းစည်းမှုတွင် အလယ်ဗဟိုချင်းထွင်းဖောက်ထိစပ်မှုဖြင့် အပေါင်းလက္ခဏာပုံစံ ဖြစ်တည်လာခြင်းပင်။ အဖြေမှာ ဖြောင့်မတ်ခြင်း သရုပ်မှန်နှင့် ပူးပေါင်းမှုရုပ်သဏ္ဌာန်တည်း။ ဤသဘောတရားနှင့် ထပ်တူညီမျှသည့် ဆရာ၊ တပည့်နှလုံးသားချင်း အနီးကပ်ဆုံး ပေါင်းစည်းမှု ဆိုချင်ပါသည်။ ကြည့်လေ ယင်းသင်တန်းကာလ အထိအတွေ့များသည် သူတို့လောကတွင် တစ်ဘဝစာ တရှိုက်မတ်မတ် ဖြစ်စေသည့် အခေါ်အဝေါ်လေး ဖြစ်တည်လာသည် မဟုတ်ပါလား။ ကျွန်တော်ထင်ပါသည် ယင်း ဆရာ ဟူသည့် အခေါ်အဝေါ်လေးသည် စစ်ဘက်မဆန်လင့်ကစား ဂါရဝသံစဉ်မှန်၏။
ဦးညွှတ်ခြင်း၊ နာခံခြင်းသဘောအကျုံးဝင်၏။ ဘယ်အရာနှင့်မျှမတူသည့် သမုဒယထုံသင်း၊ ချစ်ခြင်းတရား ကိန်းဝပ်နေလိမ့်မည်ဟု ယုံကြည်ပါ၏။ တပ်မတော်(လေ) တွင်သာရှိသည့် အစဉ်အလာကောင်းတစ်ရပ်ပင် ဖြစ်ပါသည်။
လေသူရဲတို့၏ လုပ်ငန်းနှင့်တာဝန်မှာ ပျံသန်းရေးနှင့် စစ်ဆင်ရေးဖြစ်၏။ ပျံသန်းရေးလုပ်ငန်းသည်ပင် စွန့်စားရခြင်းဖြစ်ရာ စစ်ဆင်ရေးတာဝန်နှင့် ပူးတွဲထမ်းဆောင်ရပြီဆိုသောအခါ အလွန်ခက်ခဲပေလိမ့်မည်။ စွန့်စားစိတ်အပြင် စွန့်လွှတ်စိတ်ကိုလည်း အမြဲတမ်းခံယူထားရမြဲဖြစ်၏။ လေယာဉ်/ရဟတ်ယာဉ်ဆိုင်ရာ စက်ကိရိယာပိုင်း၏ ပုံသဏ္ဌာန်၊ အရည်အသွေး၊ အမျိုးအစားများမှာ ခေတ်နှင့်အညီဆင့်ပွား မြင့်မားလာမြဲဖြစ်သည်။ ယင်းအပြောင်းအလဲတိုးတက်ဖွံ့ဖြိုးလာမှုများကိုလည်း အမြဲမပြတ်လေ့လာ၊ လေ့ကျင့်၊ သင်ယူမှတ်သားနေရပါသည်။
ဤမျှခက်ခဲသော အသက်စွန့်ကာ ဆောင်ရွက်ရသော လုပ်ငန်းတာဝန်များကို ကျေကျေနပ်နပ် အောင်မြင်စွာ ထမ်းဆောင် နေကြသည့်သူတို့အပေါ် ကျွန်တော်နားလည် လေးစားမိပါသည်။
ချီးကျူးဂုဏ်ယူမိပါသည်။ သာမန်ထက်လွန်ကဲသော သူတို့၏နှလုံးသားတွင် ကိန်းဝပ်နေသည့် နိုင်ငံနှင့် လူမျိုးအပေါ် ချစ်သည့်စိတ်သည် အလွန်မြင့်မြတ်ပေစွ။ တန်ဖိုးတစ်ရပ်အနေဖြင့် လူ့ဝန်းကျင်ကို ထင်ဟပ်နေပေလိမ့်မည်။
အမှန်တော့ လေသူရဲတို့လျှောက်သည့်လမ်းကား လူတိုင်းလုပ်ဆောင်ရန် ခက်ခဲသော အကြီးမားဆုံး စွန့်လွှတ်ခြင်း သရဖူဆောင်းကာ အကောင်းဆုံးသော ပန်းတိုင်ကို ရှေးရှုချီတက်နေခြင်းဟု ယုံကြည်ပါသည်။
ယနေ့ကမ္ဘာတွင် လူ့အခွင့်အရေးကြွေးကြော်သံသည် အရှိန်အဟုန်မြင့် မြည်ဟည်းလျက်ရှိ၏။ အမျိုးသား၊ အမျိုးသမီးတန်း တူညီမျှမှုဟူသော တပ်လှန့်သံကို ရှေ့တန်းတင်လာကြသည်။ ထိုအခါ အမျိုးသမီးများ၏ ကဏ္ဍသည် နိုင်ငံတကာရှိနှင့်ပြီး အတိုင်းအတာထက် ပို၍ပို၍ ရုပ်လုံးကြွလာပါသည်။ မြန်မာ့တပ်မတော်တွင် အမျိုးသမီးစစ်ဝန်ထမ်းများကို စီမံချက်ဖြင့် လမ်းဖွင့်နေရာ ပေးဆောင်ရွက်လာနေသည်မှာ ကာလ အတော်ကြာပြီဖြစ်၏။ တပ်မတော်(လေ)တွင် ၂၀၁၈ ခုနှစ်မှစ၍ လေယာဉ်မောင်းသင်တန်းသားများတွင် အမျိုးသမီးလေသူရဲများကိုပါ လေ့ကျင့်မွေးထုတ်ပေးလျက် ရှိပါသဖြင့် လေယာဉ်မောင်းသင်တန်းမှ အမျိုးသမီးလေသူရဲ ခြောက်ဦး စတင်မွေးထုတ်ပေးခဲ့ပြီး ဖြစ်သည်။
တစ်ဆက်တည်း ၂၀၁၉ ခုနှစ် အမှတ်စဉ် (၈၁)တွင် အမျိုးသမီးလေသူရဲ ငါးဦး၊ ၂၀၂၀ ပြည့်နှစ် အမှတ်စဉ် (၈၂)တွင် အမျိုးသမီးလေသူရဲ ငါးဦး မွေးထုတ်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ် ယခုသင်တန်း အမှတ်စဉ် (၈၃)တွင် အမျိုးသမီးလေသူရဲ လေးဦး ပါဝင်နေပါသည်။ ယနေ့ဆိုလျှင် အမျိုးသမီးလေသူရဲဦးရေ စုစုပေါင်းမှာ ၂၀ ဦးအထိ ရှိလာပြီဖြစ်၏။ နိုင်ငံအနေဖြင့်ဖြစ်စေ၊ အမျိုးသမီး လောကတစ်ရပ်လုံးအတွက်ဖြစ်စေ စွမ်းရည်အသစ်တစ်ခု ဖန်တီးပေးလိုက်ခြင်းပင် မဟုတ်ပါလား။
တပ်မတော်(လေ)တွင် တိုက်ခိုက်ရေး၊ ရဟတ်ယာဉ်၊ သယ်ယူပို့ဆောင်ရေး စသည်ဖြင့် လေသူရဲအုပ်စုသုံးခု ရှိပါသည်။ ယနေ့ရဟတ်ယာဉ်အုပ်စုနှင့် သယ်ယူပို့ဆောင်ရေးအုပ်စုတွင် အမျိုးသမီးလေသူရဲများ ဝင်ရောက်ခွင့် ရရှိလာပြီဆိုသောအခါ တစ်ခေတ်ဆန်းလေပြီဟု ဆိုလောက်ပါ၏။ သို့သော် ယခုဆင်းမည့်သင်တန်းတွင် တိုက်ခိုက်ရေးအုပ်စုအတွက် အမျိုးသမီးလေသူရဲ နှစ်ဦး ပေါ်ထွက် လာတော့မည် ဆိုတော့ ခေတ်ဆန်းရုံတင်မကတော့ ခေတ်ကို ဆန်တက်နိုင်ခဲ့ပြီဟု ပြောရ ပေလိမ့်မည်။ ဤသည်မှာ လူ့အရင်းအမြစ်စွမ်းအား အရည်အသွေးမြင့်မားလာမှုနှင့် အမွေခံကောင်းယူ တတ်လာခြင်း များဟု ဆိုရပေလိမ့်မည်။
ဤလေယာဉ်မောင်းသင်တန်းကျောင်းကြီးသည် ပေါ်ထွက်လာသည်မှ စတင်ကာ လမ်းကြောင်းမှန်လေသမျှ သမိုင်းပေးတာဝန်ကျေခဲ့လေပြီ။ နှစ်စဉ် နှစ်စဉ် လေသူရဲများ မွေးထုတ်ပေးလျက်ရှိရာ ယနေ့ဆိုလျှင် အမှတ်စဉ် (၈၃) လေသူရဲတောင်ပံအပ်နှင်းပွဲနေ့တိုင် ရောက်ရှိလာခဲ့ပြီဖြစ်၏။ ကျောင်းဆင်းမည့် လေသူရဲသင်တန်းသား မောင်မယ်များနှင့်အတူ အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး လေးဦးပင်။
သူတို့ သူတို့၏ ကြိုးစားမှု၊ စွန့်စားမှုနှင့် ခိုင်မာသော စိတ်ဓာတ်တို့ကို မှတ်ကျောက်တင်မည့်ပွဲ၊ အောင်မြင်မှုသရဖူ အလံထူမည့်ပွဲပေါ့။ သူတို့၏ တကယ့်ဆန္ဒအာသီသတွင်မတော့ ဝင်းဝင်းစက်စက် ရွှေတောင်ပံလေးပိုင်စိုးခွင့်ပင် ဖြစ်နေပေလိမ့်မည်။
သည်ရွှေတောင်ပံတံဆိပ်ကလေး၏ ဂုဏ်ဒြပ်ကား ကြီးမြင့်လွန်းလှပါ၏။ အားမာန်၊ စွမ်းရည်သတ္တိ၊ ပညာစသည့် အရည်အသွေးများ ကိန်းဝပ်လွှမ်းခြုံနေလိမ့်မည်ဟုဆိုလျှင် လွန်အံ့မထင်ပါ။ ကြည့်လေ လေကြောင်းပိုင်နက်၏ ဝင်ထွက်နိုင်စွမ်းရှိသည့် လေယာဉ်မောင်းနှင်မှုအတတ် အောင်မြင်သူများကို သာလျှင် တပ်ဆင်ခွင့်ပြုခြင်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်တိုင် အဆိုပါ လေသူရဲ၏ ဘယ်ဘက်ရင်အုံတွင် တပ်ဆင်ပေးသည့် အစဉ်အလာကြီးခဲ့ခြင်းကပင်လျှင် ယင်းတံဆိပ်လေး၏ ဝိသေသကို စံတင်ခန့်မှန်းမိလောက်ပါပေသည်။
ဘယ်ဘက်ရင်အုံတဲ့ နှလုံးသားအပေါ်တည့်တည့်လေ။ အမှန်တော့ နှလုံးသားတိုင် ထည့်သွင်း ပေးလိုက်သည့် ပညာတံခွန်ဂုဏ်ပြုလက်ဆောင်ကလေးပင် မဟုတ်ပါလား။
တပ်မတော်(လေ)၏ ဆောင်ပုဒ်မှာ တက်နိုင်ဖျားရောက် တဲ့။ ဇွဲ၊ လုံ့လကို ကိုယ်စားပြုနေ၏။ လေသူရဲတို့ မွေးဖွားရာ ဤကျောင်းမြတ်မဟာ၏ ဆောင်ပုဒ်ကား အာကာသ ဝိဇ္ဇာ သိဒ္ဓိ ဖြစ်သည်။ ပညာရပ်ကို ကိုယ်စားပြုခြင်းပင် ဖြစ်၏။ ယင်းဆောင်ရွက်ချက် ဆောင်ပုဒ် နှစ်ခု၏ အားပြိုင်မှုစွမ်းအား၊ တွန်းအားတို့ကြောင့် ထွန်းကားသစ်ဆန်းလာသည့် တပ်မတော်(လေ)သည် ယနေ့ဆိုလျှင် စွမ်းရည်အနေဖြင့် အဆင့်အတန်းတစ်ခုသို့ ရောက်လာခဲ့ပြီဟု ဆိုရပေမည်။ အဓိက ပင်မအားမောင်းဖြစ်သည့် ပျံသန်းရေးဆိုင်ရာ လေသူရဲတို့၏ စွမ်းရည်မှာလည်း နိုင်ငံတကာနှင့် ယှဉ်လာနိုင်ခဲ့ပြီးဖြစ်၏။ စက်မှုပိုင်းဆိုင်ရာ နည်းပညာပိုင်းကမူ အားယူမြှင့်ထူဆဲ။
အညာမြေ၏ သည်ကနေ့ နံနက်ခင်းမှာ သက်ငြိမ်ပန်းချီကားတစ်ချပ်နှယ်တည်း။ နေအရုဏ်သည် တစ်စတစ်စနှင့် အလင်းအမူ၊ မျှကူအရှိန်ယူကာ အားဖြည့်လာနေပြီဖြစ်၏။ ကောင်းကင်ပြာပြာဝယ် တိမ်ဖြူမျှင်များ လွင့်မျောနေဆဲ၊ လေအရှေ့တွင် ပန်းပေါင်းစုံရနံ့ ထုံသင်းလျက်။
ဤရပ်မြေသည် ရေခံမြေခံကောင်းလေသမျှ ပန်းကောင်းတွေပွင့်မြဲ၊ ပွင့်ဆဲဖြစ်သကဲ့သို့ မျိုးဆက်သစ်လေ သူရဲများ နှစ်စဉ်ဆက်လက်ပေါ်ထွက်လာနေပြီကို တွေ့မြင်နေရပါ၏။ ယခုကျောင်းဆင်းမည့် လေသူရဲမောင်မယ်တို့သည် နိုင်ငံတော် ဝေဟင်ပိုင်နက်ကာကွယ်ရေးတာဝန် အပ်နှင်းခြင်းခံရပေတော့မည်။
ရွှေတောင်ပံလေး ပိုင်ဆိုင်ခြင်းနှင့်အတူ တိုင်းပြည်နှင့် တပ်မတော်အတွက် အနာဂတ်ကောင်းစေမည့် အလင်းလက်ဆုံးသော မိုးပြာကိုခွဲဖွင့် ရဲရင့်တောင်ပံစွမ်းရည်ပိုင်ရှင်များ ဖြစ်လာပေလိမ့်မည်။ သူတို့တာဝန်ကား မသေးလှ၊ ယုံကြည်မှုနှင့် စွန့်ရဲသူများဖြစ်ပါ၏။
မကြာမီ အခမ်းအနားဖွင့်ပြီး အစီအစဉ်စပြီ။ ကျွန်တော်ထင်ပါသည်၊ သူတို့တစ်တွေ ရင်ခုန်နေကြပေလိမ့်မည်ဟု၊ တကယ်လည်း ရင်ခုန်ထိုက်ပါသည်။ ရွှေတောင်ပံလေးများ၏ အောင်ပွဲလေ။ တံခွန်လွှင့်မည့်ပွဲ မဟုတ်ပါလား၊ မိုးပြာမော်ကွန်း ထူပြီပေါ့။
ကျွန်တော်ကတော့ ခံစားတတ်သူပီပီ ယခုပင် ရင်ခုန်နေရပြီ။ ။
မောင်လတ်(ကမ်းရိုးတန်း)