နိုင်ငံတော်အစိုးရ တာဝန်ယူမှုဆယ်လမြောက်၏ မှတ်တိုင်များ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့သည်မှာ ဆယ်လပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ဆယ်လတာအတွင်း အစိုးရနှင့် ပြည်သူများသည် ကမ္ဘာ့ကပ်ရောဂါအန္တရာယ်၊ ကိုယ်ကျိုးရှာ ပြည်ဖျက်လိုသည့် အကြမ်းဖက်သမားများ၏ အန္တရာယ်တို့ကို ကြံ့ကြံ့ခံ၍ နှိမ်နင်းကျော်ဖြတ်ခဲ့ကြသည်။ နိုင်ငံတော်အစိုးရသည်   နိုင်ငံတော်နှင့်ပြည်သူအတွက် ချမှတ်ထားသည့်   ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို တိတိကျကျ လိုက်နာခြင်းဖြင့် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ပေါင်းစပ်ကာ ရည်မှန်းရာပန်းတိုင်ဆီသို့ ချီတက်လျက်ရှိရာ နိုဝင်ဘာလအတွင်း ဆောင်ရွက်ချက်များအနက် သတင်းအချက်အလက် အချို့ကို ကောက်နုတ်တင်ပြလိုက်ရပါသည်။

အကြီးအကဲများ၏ ကြိုးပမ်းဆောင်ရွက်ချက်များ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏(၉)လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှု နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်သူများထံသို့ နိုဝင်ဘာ ၁ ရက်တွင် မိန့်ခွန်းပြောကြားခဲ့သည်။ (၉)လတာအတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏  ဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်မှု၊ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်များ၊ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်များ၊ စာသင်ကျောင်းများ ဖွင့်လှစ်မှုအစီအစဉ်၊ စီးပွားရေးကဏ္ဍတွင် စိုက်ပျိုးရေး၊ မွေးမြူရေး တိုးမြှင့်ထုတ်လုပ် နိုင်စေဖို့၊ စက်သုံးဆီနှင့် စားသုံးဆီ သုံးစွဲမှုခြိုးခြံ ချွေတာစေဖို့နှင့် ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်နေထိုင်၍ ပြည်သူများ ကျန်းမာကြံ့ခိုင်ရေး၊ စက်မှုကုန်ထုတ်နှင့် ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် ဆောင်ရွက်ချက်များကို ပြောကြားခဲ့သည်။

https://www.myawady.net.mm/sites/default/files/umah2.jpg

https://www.myawady.net.mm/sites/default/files/umah9.jpg

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၃ ရက်က နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် နိုင်ငံတော် သြဝါဒါစရိယ၊ မဟာဝိဇိတာရုံ ကျောင်းတိုက် ပဓာနနာယကဆရာတော်တို့အား သွားရောက် ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သာသနာတော်ထွန်းကား ပြန့်ပွားရေးဆိုင်ရာများကို တင်ပြလျှောက်ထားခဲ့သည်။

ထို့နောက်   မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ  လေ့ကျင့်ရေးအလယ်တန်းကျောင်း၊ အားကစားကွင်းများနှင့် မန္တလေးတက္ကသိုလ်တို့သို့  သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး   မြို့ပြအင်္ဂါရပ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေး၊  ကုန်ထုတ်လုပ်မှုမြင့်မားရေး၊ စည်းကမ်း လိုက်နာရေးနှင့်   စိုက်ပျိုးမွေးမြူရေး အပါအဝင် ကဏ္ဍအလိုက်  ဆွေးနွေးညှိနှိုင်း ပေးခဲ့သည်။

နိုဝင်ဘာ ၇ ရက်က ကျင်းပသည့် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ်က သဝဏ်လွှာ ပေးပို့ခဲ့ရာတွင် နိုင်ငံတော်အစိုးရသည် တိုင်းရင်းသား ညီနောင်များအားလုံး တန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ငြိမ်းချမ်းသာယာသည့် လူမှုအသိုက်အဝန်းကြီးတစ်ခုကို နောင်မျိုးဆက်သစ် များအတွက် အကောင်းအဖြစ် ချန်ထားပေးကြရမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

https://www.myawady.net.mm/sites/default/files/umah6.jpg

နိုဝင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အင်းတကော်စက်မှုဇုန်၊ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (သမိုင်း)နှင့် မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်) တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံ၌ ချည်မျှင်နှင့်အထည် ထုတ်လုပ်သုံးစွဲမှုတွင် လိုအပ်ချက်များ ရှိသဖြင့် ပြည်ပသွင်းကုန်လျှော့ချရန် ပြည်တွင်းစက်ရုံ များမှ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အမြတ်ကို အဓိကမထားဘဲ ပြည်သူများ ဈေးနှုန်းသက်သာစွာရရှိရေးနှင့် ကုန်ကြမ်းရရှိအောင် စိုက်ပျိုးမှုအခြေအနေမှသည်  ဈေးကွက်တွင် အရည်အသွေးပြည့်မီစွာ ရောင်းချနိုင်ရေးအထိ လမ်းညွှန်မှာကြားခဲ့သည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားပူဇော်မည့် မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ခြင်းနှင့်   တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က   နိုင်ငံတော်အဆင့်တာဝန်ရှိပုဂ္ဂိုလ်များအား ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို နိုဝင်ဘာ ၁၂ ရက်က ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မဟာမင်္ဂလာ မဏ္ဍပ်တော်၌ ကျင်းပသည်။ စကျင်ကျောက် တော်ကြီး   အဆင့်ဆင့်တူးဖော်ခြင်းမှ သယ်ယူခြင်း၊  ထွင်းထုခြင်းတို့အပြင် ဂန္ဓကုဋိတိုက်များ၊ ဓမ္မာရုံများ၊ မော်ကွန်းတိုက်များ၊ ဇရပ်၊ မင်္ဂလာတံတားစသည့် ဘုရားကျောင်းကန်များကို ရတနာပုံခေတ်လက်ရာဖြင့် တည်ထားမည်ဟု သိရှိရသည်။

https://www.myawady.net.mm/sites/default/files/umah8.jpg

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား - မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်ဥက္ကဋ္ဌ၊ FSMTC of Russia ၏ ဒုတိယညွှန်ကြားရေးမှူး Mr.Vladimir Drozhzhov နှင့် JSC    "Rosoboronexport" ကုမ္ပဏီ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.A.L.Chekmarevတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာ ၁၂ ရက်က  လက်ခံတွေ့ဆုံခဲ့သည်။ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား   စစ်ဘက်နည်းပညာ ဆိုင်ရာ ပူးပေါင်းမှုတိုးမြှင့်နိုင်မည့်အခြေအနေ၊ ခေတ်မီမြန်မာ့တပ်မတော်အဖြစ် အဆင့်မြှင့်တင်ရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ လူသားအရင်းအမြစ်နှင့် နည်းပညာလိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့မှု၊ နှစ်နိုင်ငံကာကွယ်ရေး အပိုင်းတွင် ပူးပေါင်းဆောင်ရွက်မှုများ အပြင် စီးပွားရေးအပါအဝင် ကဏ္ဍပေါင်းစုံ၌ တိုးမြှင့်လုပ်ဆောင်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍   ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ  H.E.Mr.Yohei SASA KAWA  အား နိုဝင်ဘာ ၁၃ ရက်က နေပြည်တော်ရှိ  တပ်မတော်ဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံ၍ လက်ရှိနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများ၊ ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နေမှုများ၊ ဂျပန်နိုင်ငံမှ ကူညီပေးလျက်ရှိသည့် အခြေအနေများနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ စသည် တို့ကို ဆွေးနွေးခဲ့ကြသည်။

https://www.myawady.net.mm/sites/default/files/umah7.jpg

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းနှင့် အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်တို့ကိုလည်း တွေ့ဆုံ၍ နိုင်ငံတကာဆက်ဆံရေးတိုးတက်ကောင်းမွန်စေရေးနှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး  ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို  ရှင်းလင်းပြောကြားခြင်း၊ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများအတွက် ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့သည်။

နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုဝင်ဘာ ၁၉ ရက်က ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေး ဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၄) ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူ ၇၂ ဦးကို တွေ့ဆုံအမှာစကားပြောကြားသည်။ ထိုအခမ်းအနားသို့    ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)  ဘွဲ့နှင်းသဘင်ခန်းမနှင့် ပင်လုံခန်းမတို့မှ ကျောင်းသား၊ ကျောင်းသူ ၂၀၀ က  Video Conferencing ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊   တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီအစည်းအဝေးအမှတ်စဉ်  (၆/၂၀၂၁) အား နိုဝင်ဘာ ၂၃ ရက်က ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အတွက် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းများ ဆောင်ရွက်ရာတွင်  အများပြည်သူများ သိရှိနားလည်လိုက်နာနိုင်စေရေးအတွက် ဘက်ပေါင်းစုံမှစဉ်းစား၍ လေးလေးနက်နက် စဉ်းစားဆောင်ရွက်ရန် လိုအပ်မှု အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍရပ်များနှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်ကို တွေ့ရသည်။

https://www.myawady.net.mm/sites/default/files/umah10.jpg

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက်ကကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ရှေ့မှောက်တွင် ကောင်စီဝင်များက ကတိသစ္စာပြုကြသည်။ ယင်းအခမ်းအနားတွင် နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌   သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာသမားများ သတင်းအချက်အလက် လွတ်လပ်စွာရယူ ဖြန့်ဖြူးခွင့်ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ မှန်ကန်တိကျသည့် သတင်းအချက်အလက်များကို ပြည်သူများ ရရှိရေးအတွက်လည်း ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိကြောင်းနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတွင် စာနယ်ဇင်းဆိုင်ရာ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ တတ်သိပညာရှင်များ ပါဝင်ကြသည့်အတွက် သတင်းမီဒီယာလောကအကျိုး၊ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို အောင်မြင်အောင် ဖော်ဆောင်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၀၂၁)၏ ဒုတိယမြောက်နေ့ နိုဝင်ဘာ ၂၆ ရက်၌ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တက်ရောက် မိန့်ခွန်းပြောကြားရာတွင် စစ်မှုထမ်းဟောင်းများအဖြစ် တာဝန်ထမ်းဆောင်နေကြသူများသည် ယခင်က တိုင်းပြည်နှင့်လူမျိုးအတွက် မိမိတို့၏ အသက်ခန္ဓာကိုပင် မငဲ့ကွက်ဘဲ နိုင်ငံတော်က ပေးအပ်လာသည့် တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသူများ ဖြစ်ကြောင်းနှင့် ယနေ့အချိန်တွင် တိုင်းပြည်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားဖြစ်သည့် စစ်မှုထမ်းဟောင်းအဖွဲ့သည် တာဝန်သိသိနှင့် ပါဝင်ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုဝင်ဘာ ၂၈ ရက်တွင် ကျရောက်သည့် (၁၀၁) ကြိမ်မြောက် အမျိုးသား အောင်ပွဲနေ့တွင် ပြည်သူများအတွက်  သဝဏ်လွှာပေးပို့ခဲ့ရာ၌ ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ပြည်သူများ အလိုဆန္ဒနှင့် ဆန့်ကျင်ပြီး နယ်ချဲ့အစိုးရက အတင်းအကျပ်ပြဋ္ဌာန်းခဲ့သည်ကို  ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက် (မြန်မာသက္ကရာဇ် ၁၂၈၂ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်)တွင် ဆန့်ကျင်ကန့်ကွက်ခဲ့ရာမှ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ နိုင်ငံတော်သည် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများတွင် ပညာရေး ပြောင်းလဲမှုများသည် အဓိကအခန်းကဏ္ဍဖြစ်ကြောင်းနှင့် တိုင်းရင်းသားပြည်သူများသည် အမိနိုင်ငံတော်ကြီးကို အမှန်တကယ်ချစ်မြတ်နိုးပြီး အချင်းချင်းသံသယစိတ် ကင်းရှင်းစွာဖြင့် အပြန်အလှန် လေးစားညီညွတ်လျက် အနာဂတ်နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ကောင်းစေတနာအပြည့် ဇွဲလုံ့လအပြည့်ဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ   ဒုတိယအကြိမ်ညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၅ ရက်က ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြား၍ အခမ်းအနားပြင်ဆင် ဖိတ်ကြားရေးအစီအစဉ်များကို ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

https://www.myawady.net.mm/sites/default/files/umah13.jpg

အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့(ASEANSAI)၏ (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (6th ASEANSAI Summit) ကို နိုဝင်ဘာ ၂ ရက်တွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်၍  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အထူးဧည့်သည်တော်အဖြစ် Video Message ဖြင့် မိန့်ခွန်းပြောကြားခဲ့ရာတွင် နိုင်ငံအတွင်း နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများ၊ ရှေ့လုပ်ငန်းစဉ်များ၊ အာဆီယံနှင့် ဆက်စပ်အဖွဲ့အစည်း များအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မှု သမိုင်းကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ (၂၂) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး (22nd ASEAN   Chiefs   of  Army   Multilateral  Meeting) ကို နိုဝင်ဘာ ၁၂ ရက်က   ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်၍ ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးတွင် အာဆီယံကြည်းတပ်များ၏ အခန်းကဏ္ဍ (The  Role  of  ASEAN   Armies  In the  Process   of   Rehabilitation  After  the  COVID-19 Pandemic) ခေါင်းစဉ်နှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးရာ   စီးပွားရေးနှင့် ဆက်စပ်ပြီး လူမှုစီးပွားဘဝပြန်လည်နာလန်ထူရေးလုပ်ငန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလတွင်   နိုင်ငံများအားလုံး ဦးစားပေး  လုပ်ဆောင်ရမည့် အရေးကြီးဆုံးလုပ်ငန်းတစ်ခု ဖြစ်လာမည်ဖြစ်သဖြင့် နိုင်ငံများအကြား ပူးပေါင်းမှုများကို ပိုမိုတိုးမြှင့်သွားရန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဘုံအကျိုးစီးပွားအဖြစ် သိမှတ်ခံယူပြီး ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းသွားကြပါက နိုင်ငံအားလုံးအတွက် ပိုမိုထိရောက်ပြီး အကျိုးများစေမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အခမ်းအနားအတွင်း တပ်မတော်၏ စစ်ဘက် - အရပ်ဘက်ဆက်ဆံရေး   တိုးတက်မြင့်မားစေရေး၊ တရားဥပဒေစိုးမိုးရေး၊   စားနပ်ရိက္ခာဖူလုံရေး၊ ကုန်စည် စီးဆင်းမှု လျင်မြန်စေရေးစသည့် ကဏ္ဍများအလိုက် ဆွေးနွေးပြောကြားခဲ့သည်။ ထို့ပြင် ယနေ့ အာဆီယံထိပ်သီး အစည်းအဝေးတွင်   သာမက ဆွေးနွေးဖက်နိုင်ငံများနှင့် အစည်းအဝေးများတွင်ပါ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များကို ကြည့်ပါက ASEAN Centrality, ASEAN Unity နှင့် ASEAN Way  ကို ထိခိုက်လာပြီလား ဆိုသည်ကို သံသယဖြစ်စရာ တွေ့ရှိလာရကြောင်းနှင့် အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံက အလေးထား ဆောင်ရွက်ခဲ့သော်လည်း အမျိုးမျိုးသော ညှိနှိုင်းမှုများနှင့် ပြောင်းလွယ်ပြင်လွယ်တောင်းဆိုမှုများအပြင် နိုင်ငံ၏ တည်ဆဲဥပဒေဖြစ်သည့် တရားရင်ဆိုင်ဆဲပုဂ္ဂိုလ်တစ်ဦးကို မည်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းကမျှ တွေ့ခွင့်မရှိသည့်  အချက်ကိုကျော်လွန်၍   တွေ့ခွင့်ရရန် မဖြစ်နိုင်သည့်   တောင်းဆိုချက်များပါ ကြုံတွေ့ခဲ့ရမှု အပါအဝင် နိုင်ငံရေးအခြေအနေများ၊ ရှေ့ဆက်မည့် လမ်းပြမြေပုံနှင့် လုပ်ငန်းစဉ်များကို ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံအလိုက်ဆွေးနွေး တင်ပြချက်များအပေါ် မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ယဉ်ယဉ်နွယ်က  အနှစ်ချုပ် သုံးသပ်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ကနောင်