နျူကလီးယား လက်နက်တိုက်အရွယ်အစားကို လျှော့မတွက်ရန် အမေရိကန်အား သတိပေးလိုက်သည့် တရုတ်

နျူကလီးယား လက်နက်တိုက်အရွယ်အစားကို လျှော့မတွက်ရန် အမေရိကန်အား သတိပေးလိုက်သည့် တရုတ်

ဂြိုဟ်တုမှ  ဖမ်းယူရိုက်ကူးထားသည့်ပုံရိပ်များကိုကြည့်ရုံဖြင့်   တရုတ်နိုင်ငံ၏   နျူကလီးယားလက်နက်တိုက်အရွယ်အစား ကို လျှော့မတွက်သင့်ကြောင်း တရုတ်က အမေရိကန်အား   သတိပေးလိုက်သည်။ တရုတ်နိုင်ငံအနေဖြင့်   လက်ရှိဖြစ်ပေါ် နေသည့်  လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရေးအတွက်နိုင်ငံ၏ နျူကလီးယား လက်နက်တိုက်ကို ဆက်လက် အဆင့်မြှင့်တင်မည်ဖြစ်သည်။ အမေရိကန်အနေဖြင့် တရုတ်နိုင်ငံ၏ နျူကလီးယား လက်နက်တိုက်နှင့် စပ်လျဉ်း၍ လျှော့မတွက်သင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရှိ လက်နက်ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး ဖူကုန်းက ဇန်နဝါရီ ၄ ရက်တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် အမေရိကန်နှင့် ရုရှားတို့ကြား အနာဂတ်ကာလတွင် ကျင်းပမည့် နျူကလီးယားဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲသို့ဝင်ရောက်ရန်  တောင်းဆိုထားသည့် အမေရိကန်၏ တောင်းဆိုချက်ကို ငြင်းဆိုထားပြီး တရုတ်နိုင်ငံ၏ နျူကလီးယားလက်နက်တိုက် အရွယ်အစားမှာ အမေရိကန်နှင့် ရုရှားတို့၏ လက်နက်တိုက်များနှင့် နှိုင်းယှဉ်ပါက   များစွာ သေးငယ်လျက်ရှိသည်ဟု အမေရိကန်၏ပြောဆိုချက်ကို တုံ့ပြန်လိုက်ခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ အမေရိကန်အနေဖြင့် ဂြိုဟ်တုမှ ဖမ်းယူရရှိသည့်ပုံရိပ်များကိုသာကြည့်၍ တရုတ်နိုင်ငံ၏ နျူကလီးယားလက်နက်တိုက် အရွယ်အစားကို ခန့်မှန်းတွက်ချက်ရန် မကြိုးစားသင့်ကြောင်း၊   တရုတ်နိုင်ငံသည်   မိမိတို့၏ နျူကလီးယား စွမ်းဆောင်ရည်များကို မှန်မှန်တိုးမြှင့်လျက် ရှိကြောင်းနှင့် အမေရိကန် ၏ ခန့်မှန်းပြောဆိုချက်သည် မှန်ကန်မှုမရှိကြောင်း ဖူကုန်းက ဆက်လက်ပြောကြားထားသည်။

တရုတ်နိုင်ငံ၏ နျူကလီးယား လက်နက်တိုက်အရေးနှင့် စပ်လျဉ်း၍ ရေးသားဖော်ပြချက်များကို ဖတ်ရှုရာတွင် ဝိဝါဒကွဲပြားမှုများ ထွက်ပေါ်လျက်ရှိသည်။ အမေရိကန် အစိုးရသည် ဂြိုဟ်တုမှရိုက်ကူးထားသော ပုံရိပ်များကိုကြည့်၍ မြေပြင်၌တွေ့ရှိရသည့်အရာများသည် ဒုံးကျည်သိုလှောင်ရုံများဖြစ်သည်ဟု တချို့အစီရင်ခံစာများတွင် ဖော်ပြထားပြီး တချို့က လေစွမ်းအင်သုံး မီးစက်များဖြစ်သည်ဟု ဖော်ပြထားသည်။ အမေရိကန်၏ အဆိုပါဖော်ပြချက်များကို တရုတ်နိုင်ငံက အတည်ပြု ပြောဆိုထားခြင်းမရှိပေ။

တရုတ်နိုင်ငံသည် ၎င်းတို့၏ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များအတွက်  လိုအပ်သည့်သိုလှောင်ရုံသစ်များ  တည်ဆောက်နေသည်ဟူသော သတင်းကို ၂ဝ၂၁ ခုနှစ်နှစ်လယ်ခန့်မှစ၍ အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။    တရုတ်အစိုးရသည် ကန်စုပြည်နယ် ယုမင်မြို့အနီး၌ ဒုံးကျည် သိုလှောင်ရုံအသစ် ၁၁ဝ ကို တည်ဆောက်နေသည်ဟု  မီဒီယာများက  ဖော်ပြထားသည်။ အဆိုပါသိုလှောင်ရုံ တည်ဆောက်မှုသည်  နိုင်ငံ၏  တတိယမြောက် ဒုံးကျည်သိုလှောင်ရုံ   တည်ဆောက်ရေး လုပ်ကွက်ဖြစ်ပြီး  ယင်းသိုလှောင်ရုံများတွင် တရုတ်ပြည်တွင်းဖြစ်  Dongfeng-41 အမျိုးအစား   ဒုံးကျည်သစ်အစင်းပေါင်း   ၁ဝဝ ကျော်ကို သိုလှောင်ထားမည်ဟု ယူဆနေကြသည်။ တရုတ်နိုင်ငံအနေဖြင့် အဆိုပါ ဒုံးကျည်သိုလှောင်ရုံသစ် သုံးခုတွင် တာဝေးပစ်   နျူကလီးယားဒုံးကျည် အစင်းပေါင်း ၃၅ဝ မှ ၄ဝဝ အထိ သိုလှောင်ထားနိုင်ဖွယ် ရှိသည်ဟု အမေရိကန် နျူကလီးယားကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ်ဒေသတွင် ရန်လိုသည့်လုံခြုံရေးဆိုင်ရာ အခြေအနေ ပြောင်းလဲမှုများ ထွက်ပေါ်လာခြင်းကြောင့် မိမိတို့၏ နျူကလီးယား လက်နက်တိုက်ကို   ဆက်လက်အဆင့်မြှင့်တင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။ အာရှ-ပစိဖိတ်ဒေသတွင် ထွက်ပေါ်လာသည့် လုံခြုံရေးဆိုင်ရာ အခြေအနေဆိုသည်မှာ အမေရိကန်နှင့် အနောက်နိုင်ငံများက သြစတြေးလျနိုင်ငံနှင့်ပူးပေါင်း ဖွဲ့စည်းထားသည့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုအဖွဲ့များ ဖွဲ့စည်းခြင်းကို ဆိုလိုခြင်းဖြစ်သည်ဟု ယူဆရသည်။ ထို့ပြင်  အာရှ-ပစိဖိတ်ဒေသအတွင်း  မြေပြင်အခြေပြု  တာလတ်ပစ် ဒုံးကျည်များဖြန့်ကြက်မည်ဟု အမေရိကန်၏ ပြောဆိုချက်များသည် ဒေသတွင်း မလုံခြုံမှုများကို    မြင့်တက်လာစေနိုင်သည်။

အမေရိကန်အစိုးရသည် အဆိုပါတာလတ်ပစ် ဒုံးကျည်များကို   တရုတ်နိုင်ငံအနီး၌ ဖြန့်ကြက်နိုင်ရေးအတွက်   ဒေသတွင်းရှိ မဟာမိတ်နိုင်ငံများအား စည်းရုံးလျက်ရှိသည်။   အမေရိကန်တို့သည်  ရုရှားနှင့် သဘောတူလက်မှတ်  ရေးထိုးထားသည့် တာလတ်ပစ်    နျူကလီးယား တပ်ဖွဲ့များ ဆိုင်ရာ သဘောတူညီချက်ကို ၂ဝ၁၉ ခုနှစ်က ပယ်ဖျက်ပြီး ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုများ စတင်လုပ်ဆောင်လာသည်။

SIPRI  ၏ ခန့်မှန်းချက်အရ  ၂ဝ၂၁ ခုနှစ်အစပိုင်းတွင် နိုင်ငံကြီး ကိုးနိုင်ငံသည် နျူကလီးယား လက်နက်  ၁၃ဝ၈ဝ  ကို ပိုင်ဆိုင်ထားသည်ဟု    ခန့်မှန်းရသည်။ အဆိုပါနိုင်ငံများအနက် အများဆုံးပိုင်ဆိုင်ထားသည့် နိုင်ငံကြီးငါးနိုင်ငံမှာ  ရုရှားက နျူကလီးယား လက်နက် ၆၂၅၅  ခုကို ပိုင် ဆိုင်ထားပြီး အမေရိကန်က နျူကလီးယား လက်နက် ၅၅ဝဝ ခန့်  ပိုင်ဆိုင်ထားသည်။ တရုတ်က နျူကလီးယားလက်နက် ၃၅ဝ၊ ပြင်သစ်က နျူကလီးယားလက်နက် ၂၉ဝ နှင့် ဗြိတိန်က နျူကလီးယားလက်နက် ၂၂၅   ခု  အသီးသီး ပိုင်ဆိုင်ထားသည်။ သို့ရာတွင် အဆိုပါ ကိန်းဂဏန်းများသည် ခန့်မှန်းခြေသာဖြစ်သည်။ မည်သည့်နိုင်ငံ က နျူကလီးယား လက်နက် မည်မျှပိုင်ဆိုင် ထားသည်ကို အတိအကျ မသိနိုင်သကဲ့သို့ အဆိုပါနိုင်ငံကြီးများကလည်း  ၎င်းတို့ပိုင် ဆိုင်ထားသည့်  နျူကလီးယား လက်နက် အရေအတွက် အတိအကျကို ထုတ်ပြန် မည်မဟုတ်ပေ။ ထို့ကြောင့် တရုတ်နိုင်ငံ၏ နျူကလီးယား စွမ်းဆောင်ရည်နှင့်စပ်လျဉ်း ၍ အမေရိကန်က စိုးရိမ်မကင်းဖြစ်နေခြင်းဖြစ်သည်။  တရုတ်နိုင်ငံ၏  နျူကလီးယား လက်နက်အင်အား တိုးချဲ့မှုသည်  အမေ ရိကန်အတွက်   ပထဝီနိုင်ငံရေးဆိုင်ရာ စွမ်းဆောင်ရည် ပြောင်းလဲမှုတွင် အကြီးမားဆုံးသော ပြောင်းလဲမှုဖြစ်လာသည်ဟု အမေ ရိကန်ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ  မာ့ခ်မေးလီက ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားသည့် နိုင်ငံကြီးငါးနိုင်ငံမှာ ရုရှား၊ အမေရိကန်၊ တရုတ်၊ ပြင်သစ်နှင့် ဗြိတိန်တို့ဖြစ်သည်။ ယင်းနိုင်ငံများအနက် တရုတ်နိုင်ငံ တစ်နိုင်ငံတည်းကသာ နျူကလီးယား လက်နက်အား ဦးစွာအသုံးမပြုရေး မူဝါဒကို  ထုတ်ပြန်ကြေညာထားသည်။ တစ်နည်းအားဖြင့်ဆိုရပါမူ  မိမိနိုင်ငံအား  တခြားပြည်ပ နိုင်ငံတစ်နိုင်ငံက လာရောက်တိုက်ခိုက်မှသာ လက်တုံ့ပြန်သည့် အနေဖြင့် အသုံးပြုမည်ဟု ဆိုလိုခြင်းဖြစ်သည်။

အချုပ်အားဖြင့်ဆိုရပါမူ တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ်ဒေသတွင် ပြောင်းလဲလာသည့် လုံခြုံရေးပတ်ဝန်းကျင် အခြေအနေများကို တုံ့ပြန်နိုင်ရေး အတွက် နိုင်ငံ၏ နျူကလီးယား စွမ်းဆောင်ရည်ကို ခေတ်နှင့်အညီ    အဆင့်မြှင့်တင်ဖွယ်ရှိသည်။

ထိုအခြေအနေကို   ပြိုင်ဘက်နိုင်ငံအဖြစ် ရပ်တည်နေသည့်  အမေရိကန်ကလည်း ဂြိုဟ်တုပတ်လမ်း အတွင်းသို့ လွှတ်တင်ထားသည့် စောင့်ကြည့်ရေး ဂြိုဟ်တုမှဖမ်းယူ ရိုက်ကူးထားသည့် ပုံရိပ်များကိုကြည့်ကာ သုံးသပ်ပြောဆိုနေခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် အခြေအနေများက များစွာ ပြောင်းလဲခဲ့ပြီဖြစ်သည်။ တရုတ်နိုင်ငံ၏ နည်းပညာမှာ အရှိန်အဟုန်ကြီးမားစွာ တိုးတက်လာပြီဖြစ်သည်။တရုတ်နိုင်ငံ၏ နျူကလီးယားလက်နက်များနှင့် သိုလှောင်ရုံအရေအတွက် အတိအကျကို  ခန့်မှန်းရန်ခက်ခဲသည့်  အခြေအနေများကြောင့် မိမိတို့၏ နျူကလီးယားလက်နက်တိုက်အရွယ်အစားကို လျှော့မတွက်ရန် အမေရိကန်အား တရုတ်က သတိပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း  ရေးသား တင်ပြလိုက်ရပါ သည်။    ။               

Ref: SIPRI, Sputnik