ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၀၄)

ဤအချိန်တွင် ရွှေနန်းတော်တွင်း၌ ရောက်ရှိနေကြပြီဖြစ်သော မက္ခရာမြို့စား မင်းသားကြီး သီရိသုဓမ္မရာဇာနှင့် ပခန်းကြီး မြို့စားဝန်ကြီး ဦးရန်ဝေး၊ အတွင်းဝန် ဗန်းမော်မြို့စား မင်းကြီးမဟာမင်းလှစည်သူ၊ အနောက်ဝန်ရပ်စောက်မြို့စား မင်းကြီး အာယုဒီဃရာကျော်၊ မြင်းစုကြီးဝန်၊ ပခန်းငယ်မြို့စားမင်းကြီးမင်းလှမင်းတပ်၊ သုံးဆယ်ဝန်မောင်ရိုး၊   မြောက်ဒဝယ်ဗိုလ်မင်းခေါင်သီဟသူ၊ ဖောင်ဝန်မင်းကြီးမဟာမင်းတင်၊ ဆွေတော်အုပ်မင်းသားမောင်မောင်လတ်၊ သံတော်ဆင့်မိုင်းခိုင်းမြို့စား မဟာသီရိဇေယျသူဦးယံ၊ အမြောက်ဝန်မဟာနော်ရထာ စသောသူများ၊ အခြားသောမင်းမှူးမတ်၊ အမှုထမ်းသား အပေါင်းတို့ကို မင်းတရားကြီး ကိုယ်တော်တိုင် ကွပ်ကဲ၍ မြေနန်းတော်မှ ကြံ့ကြံ့ခံတော်မူလေသည်။ အမြောက်ဝန်အမြောက်စာရေးများကလည်း သူပုန်တို့ရှိရာသို့ အမြောက်များနှင့် ပစ်လွှတ်ခုခံတိုက်ခိုက်လျက်ရှိကြလေသည်။

သူပုန်တို့ကလည်း ရွှေနန်းတော်ကြီးရှိရာသို့ သေနတ်၊ စိန်ပြောင်းတို့နှင့် မရပ်မနားပစ်လွှတ် လျက်ရှိကြလေသည်။ သို့ရာတွင် သူပုန်တို့၏ လက်နက်တို့သည် ရွှေနန်းတော်အတွင်းသို့ပင် မထိရောက်ဘဲ ရှိနေလေသည်။

တံခါးနီကိုလည်း မဖောက်နိုင်သောကြောင့် လွှတ်တော်ကြီးအား မီးတိုက်ရှို့ရန် ကြံစည်ပြန်သည်။ မြင်ကွန်းမင်းသားနှင့် ညီတော်မြင်းခုံတိုင် မင်းသားတို့နောက်ထပ် တိုင်ပင်ဆွေးနွေးပြီးသောအခါမူ လွှတ်တော်ကြီးကို မီးတိုက်ရှို့ရခြင်းထက် ခမည်းတော်မင်း တရားကြီးထံသို့ အရေးဆိုခြင်းက ပိုမိုအကျိုးထူးဖွယ်မြင်ကြလေသည်။

ယင်းသို့ ညီနောင်နှစ်ဦး တိုင်ပင်ဆွေးနွေးကြပြီးသောအခါ မြင်ကွန်းမင်းသားက ပုရပိုက်တွင် စာရေးသားပြီးလျှင် ပိုးပဝါအနီကို ရစ်ပတ်ထားသော ခမည်းတော်ဘုရားထံသို့ တင်လျှောက်လွှာကို ပေးပို့သည်။

ထိုစာမှာ အရေးတောင်းဆိုခြင်း ဖြစ်သည်။ ၎င်းပုရပိုက်ကို တံခါးနီတော်၏ အတွင်းဘက်သို့ ပစ်ချပေးလိုက်ရာ တံခါးနီအမှုထမ်းအား မောင်ရေချမ်းက တွေ့ရှိ၍ ယူဆောင်လာခဲ့ရာ အရေးတော်တောင်းဆိုသောစာဖြစ်နေ၍ မင်းတရားကြီးထံ ရုတ်တရက် မဆက်ဝံ့ရှိနေကြသည်။

ထိုဖြစ်ရပ်တို့ကြောင့် ဖောင်ဝန်မင်းကြီး မဟာမင်းတင်ကိုယ်တိုင်   မင်းတရားကြီးရွှေလက်တော်အရောက်ဆက်သသဖြင့် ဖတ်ရှုစေသောအခါ-

“ဘုရားသားတော်တို့ ဘုန်းလက်ရုံး အစွမ်းသတ္တိဗလအင်အားတို့နှင့် ပြည့်စုံခြင်းကြောင့် ဘဒွေးတော် အိမ်ရှေ့မင်းနှင့်တကွ ဗိုလ်မှူးတပ်မှူးမှစသော သူရဲကောင်းတို့ကိုအောင်မြင်ပြီး ဖြစ်ပါ၍ ခမည်းတော်ဘုရားအမိန့်တော်ကိုနာခံလိုကြောင်း”နှင့် အရေးတောင်းဆိုစကားပါရှိလေသည်။ မင်းတရားကြီးလည်း မည်သည့်

အခွင့်အရေးကိုမျှ ပေးရန်မဆိုမမိန့်ဘဲ၊ “ငါ့ကိုရန်မပြုနှင့်” ဟူ၍သာ အမိန့်တော်စာကို ပုရပိုက်တွင်ရေးသားစေပြီး ပိုးပဝါအနီရစ်ပတ်၍ မြင်ကွန်းမင်းသား၊ မြင်းခုံတိုင်မင်းသားတို့၏ မယ်တော်ဖြစ်သူ တောင်ရွှေရေးဆောင် မိဖုရားကိုယ်တိုင် သားတော်များထံသို့ သွားရောက်ပေးပို့တော်မူစေသည်။

မြင်ကွန်းမင်းသားညီနောင်သည် သူတို့၏မယ်တော်လာရောက်ပေးပို့သော စာကို ဖတ်ရသောအခါ အလိုမကျရေးမပီသဖြင့်   ရွှေနန်းတော်ရှိရာသို့ သေနတ်စိန်ပြောင်းများကို အဆက်မပြတ် ဆက်လက်ပစ်ခတ်နေမြဲပင် ပစ်ခတ်လျက်ရှိနေကြလေသည်။

ထိုသို့ အခြေအနေတင်းမာလျက်ရှိနေဆဲတွင် အိမ်ရှေ့တော်တပ်များသည် ယာယီနန်းတော်၌ ၎င်းတို့၏သခင် အိမ်ရှေ့မင်းကိုမတွေ့ခဲ့ရ။ ဒဏ်ရာအနာတရရရှိကြောင်း လောက်မျှသာ သိရှိရသောကြောင့် ရွှေနန်းတော်ကြီးဘက်သို့ ဆက်လက်လိုက်လာကြလေသည်။

အမှုထမ်းတွေလည်း ယခင်ထက် များပြားလာလေသည်။

ယင်းအိမ်ရှေ့တော်တပ်ကို ဦးဆောင်လာသူများမှာ အိမ်ရှေ့မင်း၏ သံတော်ဆင့်မောင်မျှား၊ မောင်ကလေး၊အိမ်ရှေ့ဝန်မောင်နု၊ အိမ်ရှေ့အနောက်ဝန်မှူး၊ ငှက်စားဗိုလ်တို့အုပ်ချုပ်ကွပ်ကဲ၍ လူပေါင်းလေးရာကျော်ခန့် စလွယ်အဖြူကို ဆင်ယူသိုင်းထားကြလျက် လက်နက်ဓားလှံသေနတ်များ စွဲကိုင်ကြပြီးလျှင် ရွှေနန်းတော်၏ လက်ဝဲဘက်က ချီတက်လာကြလေသည်။

ရွှေနန်းတော်အုတ်မြို့ရိုးပေါ်မှ ဖောင်ဝန်မင်းကြီး မဟာမင်းတင်တို့က မည်သူ့တပ်ဖြစ်ကြောင်းမေးရာ၊ အိမ်ရှေ့တော်က တပ်ဖြစ်သည်ဟု တပ်တော်သားတစ်စုတို့က ပြန်ပြောသဖြင့် ယင်းတို့ဖြစ်လျှင် အမိန့်တော်ကို နာခံရမည်ပြောကြား၍(ယခုလွှတ်တော်ပေါ်တွင်ရှိကြသော မြင်ကွန်းစားငယ်နှင့် မြင်းခုံတိုင်စားငယ်တို့၏ ဦးခေါင်းကိုဖြတ်ရမည်။ ဆင်ဖြူများရှင်ဘဝရှင်မင်းတရားကြီးနှင့် ညီတော်အိမ်ရှေ့မင်းအရှင်နှစ်ပါးတို့၏အမိန့်တော်)ဟု ဆို၍ ဖောင်ဝန်ကြီး မဟာမင်းတင်က အမိန့်တော်ပြန်လိုက်သောအခါ  အိမ်ရှေ့မင်းတပ်သားတို့လည်း  မိမိတို့အရှင်သခင် အိမ်ရှေ့မင်းရှိသည်ကို ယုံကြည်ခြင်း မရှိကြသဖြင့် မိမိတို့သခင်နှင့် တွေ့လိုသေးကြောင်း ပြောပြီးလျှင်  ပြောပြောဆိုဆိုနှင့်ပင် အိမ်ရှေ့သံတော်ဆင့်မောင်မျှားသည် နောက်ပါလူတစ်ယောက်နှင့် နန်းတော်သစ်တပ်ကို ကျော်တက်ဝင်လာသဖြင့် နန်းတွင်းသို့ ရောက်လာသောကြောင့် အိမ်ရှေ့သံတော်ဆင့် မောင်မျှားသည် အိမ်ရှေ့ကိုယ်တော်ကြီးဘုရားနှင့်တွေ့ရန် နန်းတွင်းသို့ ဝင်ရောက်လာပါကြောင်းနှင့် မင်းတရားကြီးဘုရားအား အမိန့်တော်ခံကြရသည်။

မင်းတရားကြီးက ရှေ့တော်သို့ဝင်စေတော့ဟူ၍ အမိန့်တော်ရှိသဖြင့် ၎င်းတို့စွဲကိုင်လာသော လက်နက်၊ ဓားမြှောင်၊ သေနတ် စသည်များကို ဆွေတော်အုပ်မင်းသားက သိမ်းယူထားလိုက်ပြီးနောက် ရှေ့တော်သို့ဝင်စေသည်။

မင်းတုန်းမင်းတရားကြီးသည် မှန်နန်းတော်ဦးတွင် အတွေ့ခံတော်မူသည်။

ညီတော်အိမ်ရှေ့မင်းမရှိကြောင်းကို အရိပ်အမြွက်မျှ မိန့်တော်မမူဘဲ “မောင်မင်းတို့ အားမငယ်ကြနှင့်၊ ငါ၏အမှုတော်ကို ထမ်းရွက်ကြရမည်။ ငါသူကောင်းပြုမည်။ ယခုပေါ်ပေါက်နေသော မြင်ကွန်းစားရန်ကို ဖြိုဖျက်ကြ”ဟု အမိန့်တော်ရှိရာ-

အိမ်ရှေ့သံတော်ဆင့်မောင်မျှားတို့ကလည်း ဘုန်းတော်ကြီးလှသော ဘဝရှင်မင်းတရားကြီး၏ အမှုတော်ကိုသက်စွန့်ကြိုးပမ်း ထမ်းရွက်ပါမည်ဘုရားဟု တင်လျှောက်သစ္စာတော်ခံပြီးလျှင် ရှေ့တော်မှ ထွက်သွားကြပြီးနောက် မင်းတရားကြီး၏ အမိန့်တော်အတိုင်း အိမ်ရှေ့တပ်တော်သား အားလုံးတို့သည် လက်ဝဲ၀င်းတံခါးသို့ လာကြရာ ဝင်းစချီမောင်ကျော်ခေါင်က နန်းတော်၏ လက်ဝဲ၀င်းတံခါးကို ဖွင့်ပေးလိုက်သဖြင့် အိမ်ရှေ့တပ်တော်သား အားလုံးတို့သည် နန်းတွင်းသို့ ဝင်ရောက်လာကြလေတော့သည်။

အိမ်ရှေ့မင်း၏ တပ်တော်သားအားလုံး နန်းတွင်းသို့ ရောက်လာကြသောအခါ၌ အတွင်းတွင် ရှိနေပြီး ဖြစ်သော မင်းတရားကြီး၏ ဘုန်းတော်ပြည့်ဗိုလ်နှင့် အမှုထမ်းများပါ ပေါင်းစု၍ သူပုန်တို့ကို တိုက်ခိုက်ကြရလေသည်။

သို့ အိမ်ရှေ့တပ်တော်နှင့်မင်းတရားကြီးတပ်တော်တို့ ပူးပေါင်း၍ သူပုန်တို့ဘက်သို့ သေနတ်၊ စိန်ပြောင်း၊ အမြောက်တို့နှင့် ပစ်ခတ်တိုက်ခိုက်ကြရာတွင် သူပုန်မြင်ကွန်းမင်းသားတို့ဘက်မှ ရွှေဓားဗိုလ်၊ ဇော်ဂျီဗိုလ်နှင့် လူပေါင်းများစွာ ကျည်သင့်ထိမှန် သေကြရလေတော့သည်။ 

 

ဒဂုန်ခင်ခင်လေး