Relief Flight များဖြင့် အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာသူ မြန်မာနိုင်ငံသား(၂)ဦးတွင် အိုမီခရွန်ရောဂါပိုး ထပ်မံတွေ့ရှိ ၊ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

Relief Flight များဖြင့် အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာသူ မြန်မာနိုင်ငံသား(၂)ဦးတွင် အိုမီခရွန်ရောဂါပိုး ထပ်မံတွေ့ရှိ ၊ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

(၁၂-၁-၂ဝ၂၂)ရက်နေ့

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် ''ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်း'' များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေး လေယာဉ် (Relief Flight) များဖြင့် ပြန်လည် ဝင်ရောက်လာသူများတွင် SARS CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိမှုများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ၍ ကိုဗစ်-၁၉ ရောဂါ ပိုး တွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါမျိုးရိုး ဗီဇစစ်ဆေးခြင်းကို   အမှတ်(၁)တပ်မတော် ဆေးရုံကြီး ခုတင်(၁ဝဝဝ)တွင် (၁၂-၁-၂ဝ၂၂) ရက်နေ့က ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်)ရောဂါပိုးကို ဓာတ်ခွဲနမူနာ (၂)ခုတွင် တွေ့ရှိရပါသည်။

၃။ အဆိုပါ အိုမီခရွန်ရောဂါပိုး တွေ့ရှိသူ မြန်မာနိုင်ငံသား (၂)ဦးမှာ Relief Flight များဖြင့် အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာသူများ ဖြစ်ပါသည်။

၄။ အိုမီခရွန်ရောဂါပိုး တွေ့ရှိသူများအား သတ်မှတ်ဆေးရုံကြီးများတွင် သီးသန့်ထားရှိကာ ကုသ စောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းသူတို့နှင့် လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့် ခရီးသည်များအားလည်း အသွားအလာ ကန့်သတ်ခြင်း (Strict Quarantine)) နှင့်ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများအား အထူးအားဖြည့် ဆောင်ရွက်လျက်ရှိပါသည်။

၅။ သို့ဖြစ်ပါ၍ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက် ရှိပါကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန