
ဤတွင် မြင်ကွန်းမင်းသားနှင့် သူပုန်တို့သည် ၎င်းတို့စီးမိထားသော လွှတ်တော်ကြီးကို စွန့်လွှတ် ဆင်းပြေးဆုတ်ခွာ သွားကြရသည်။ ထိုသို့ ထွက်ခွာလာရာ၌ လက်ယာဝင်းတံခါးက ထွက်သွားကြပြီးလျှင် နန်းမြို့တော် အနောက်ဘက်တွင် လူသူထပ်မံစုရုံးစီးကြပ်၍ ရပ်နေခုခံ ကြရပြန်လေသည်။ ထိုနေရာအရောက်တွင် ငပိုက်ကြီးကို မြင်ကွန်းမင်းသား တွေ့ရှိ အကျိုးအကြောင်း သိရသောအခါ ငပိုက်ကြီးအား သတ်ပစ်လိုက်လေသည်။
အိမ်ရှေ့တော်တပ်သားတို့သည် မြင်ကွန်းမင်းသားဘက်မှ စီးမိထားသော လွှတ်တော်ကြီးကို အောင်မြင် ရရှိခဲ့သဖြင့် ဝမ်းမြောက်ဝမ်းသာစွာတံခါးနီက နန်းတွင်းသို့ဝင်လာကြပြီးလျှင် မင်းတရားကြီးရှေ့တော်သို့ ခစားမိကြသောအခါ မင်းတုန်းမင်းတရားကြီးက ပေါင်းဆင်ထားသော ရွှေကျင်ခတ်ခေါင်းပေါင်းနှင့် နန်းမတော် မိဖုရားခေါင်ကြီး၏ ခါးစည်းပဝါတော်တို့ကို ရဲဆုအထိမ်းအမှတ်အဖြစ် ရုတ်တရက်ပေး သနားချီးမြှင့်တော်မူလိုက်လေရာ အိမ်ရှေ့တော်တပ်သားတို့လည်း ထူးခြား၍ရခဲသောဆုတော်ကို ဝမ်းသာအားရ ခံယူလိုက်ကြရလေသည်။
ရွှေမြို့တော်အပြင်ဘက်၌ စည်းကြပ်ခံရပ်နေသော မြင်ကွန်းမင်းသားနှင့် သူပုန်တပ်သားများသည် ရွှေနန်းတော်၏ လက်ယာဘက်မှ အနောက်ဘက်သို့ လှည့်လာကြပြန်လေသည်။ ဤတွင် ၎င်းတို့ လှည့်လာရာကို နတ်စုလက်ဝဲဗိုလ်ဒေဝမင်းခေါင်၏ တပ်ကလိုက်၍ တိုက်ခိုက်လိုက်သောကြောင့် သူပုန်တို့ဘက်မှ မင်းကြီးအခေါ်ခံရသူ ငဖဲကြီးမှာ ကျည်သင့်ထိခိုက်သေလေသည်။ မြင်ကွန်းမင်းသားနှင့် မြင်းခုံတိုင်မင်းသားတို့သည် အနောက်ရုံးကို သိမ်းပိုက်စီးနင်းပြီး အနောက်တံခါးကို တိုက်ခိုက်ပြန်ကြလေသည်။
ယင်းသို့ အနောက်တံခါးကို တိုက်ခိုက်လာပြန်သောအခါ ရွှေနန်းတော်အတွင်းကလည်း ပခန်းကြီးမြို့စား၊ ဝက်မစွတ်မြို့စား၊ ရေနံချောင်းမြို့စား၊ ခန်းပတ်မြို့စား၊မိုင်းခိုင်းမြို့စား၊ လှိုှုင်းတက်မြို့စားစသော ဝန်ကြီးများ၊ အတွင်းဝန်များနှင့်အမြောက်ဝန်၊ ဖောင်ဝန်တို့ကိုယ်တိုင်အမှုထမ်းတစ်စုတို့နှင့် ခုခံပစ်ခတ် တိုက်ခိုက်လျက်ရှိကြလေသည်။
ထိုအတွင်းမှာပင် နတ်စုလက်ဝဲဗိုလ်ဒေဝမင်းခေါင်တပ်နှင့်တကွ အခြားတပ်မြို့စားအရာရှိအသီးသီးတို့ အုပ်ချုပ်ကွပ်ကဲ၍ အစုအမှုထမ်းတို့နှင့် အနောက်သို့ လှည့်လာပြီးလျှင် သူပုန်တပ်ကိုနှစ်ဖက်ညှပ်၍ တိုက်ခိုက်ကြလေသည်။
ထိုသို့နှစ်ဖက်ညှပ်တိုက်ခိုက်ခြင်းခံရသော မြင်ကွန်းမင်းသား၊ မြင်းခုံတိုင်မင်းသားဦးစီးသော အပေါင်းပါ သူပုန်တို့သည် ထိုနေ့ည သုံးချက်တီးကျော်ခြောက်မောင်းခန့် အချိန်တွင် ဆုတ်ခွာ၍ပြေးကြရသည်။
ယင်းသို့ဆုတ်ခွာထွက်ပြေးကြရာ၌ မြင်ကွန်းမင်းသားတို့သည် ရွှေမြို့တော်တောင်မျက်နှာ(ရန်နှိမ်)တံခါးက ထွက်သွားကြပြီးလျှင် မြို့တော်အနောက်မျက်နှာ မြစ်ဆိပ်တွင်ဆိုက်ကပ်ထားသော မင်းတုန်းမင်း တရားကြီး၏ (ရေနန်းစကြာ) မီးသင်္ဘောပေါ်သို့ တက်ရောက်၍ သင်္ဘောကပ္ပတိန်ခရာသီတို့ကို ဓားမိုး ခြိမ်းခြောက်လျက် စက်များမောင်းနှင်စေပြီးလျှင် အောက်မြို့ကျေးရွာသို့ စုန်ဆင်းသွားကြလေသည်။ ထိုသို့ သင်္ဘောနှင့်စုန်ဆင်းထွက်ပြေးရင်းတွင်လည်း မြစ်ရိုးတစ်လျှောက်ရှိ မြို့ကျေးရွာများကိုဝင်၍ ရမိရရာ ရွှေငွေ၊ လက်နက်၊ လူသူတို့ကို သိမ်းယူခဲ့သည်။ ထို့နောက် မလွန်မြို့သို့ ဆိုက်ရောက်သောအခါ မီးသင်္ဘောကိုရပ်၍ ဆိုက်ကပ်စေလျက် လူသူထပ်မံစည်းကြပ်ဖြည့်တင်း တိုက်ခိုက်ကြပြန်လေသည်။
ရတနာပုံနေပြည်တော်၌ မင်းတုန်းမင်းတရားကြီးသည် သားတော် မြင်ကွန်း၊ မြင်းခုံတိုင်တို့ ဆုတ်ခွာထွက်ပြေးပြီး (ရေနန်းစကြာ) မီးသင်္ဘောကိုပါ ယူဆောင်စီးနင်းလျက် မြစ်ကြောင်းမှ စုန်ဆင်းသွားကြောင်း သိရလျှင် သူပုန်မင်းသားများနောက်သို့ လိုက်လံတိုက်ခိုက်ဖမ်းဆီးရန် မြစ်စဉ်အတွင်းဝန် ရေနံချောင်းမြို့စား၊ မင်းကြီးမဟာမင်းလှကျော်ခေါင်ကို လက်နက်၊ လူသူအပြည့် ပေးအပ်ပြီးလျှင် (မြနန်းစကြာ) မီးသင်္ဘောတော်ကြီးဖြင့် လိုက်စေပြန်သည်။
သို့လျှင် မီးသင်္ဘောလျှင် မီးသင်္ဘောချင်းလိုက်လံခဲ့သော်လည်း တိုက်ခိုက်ဖမ်းဆီးခြင်း မပြုရမီပင် မြင်ကွန်းမင်းနှင့် မြင်းခုံတိုင် မင်းသားအမှူးရှိသော သူပုန်များသည် အောက်မြန်မာပြည် အင်္ဂလိပ်ပိုင်နက်အတွင်းသို့ ခိုမှီဝင်ရောက်သွားကြလေတော့သည်။
မြင်ကွန်းမင်းသားသည် နယ်ချဲ့အင်္ဂလိပ်တို့ကို အားထားရင်းရှိသောကြောင့် မိမိပုန်ကန်တော်လှန်မှု ကိစ္စအောင်မြင်ထ မြောက်ခြင်း မရှိသောအခါ မူလအားထားရာ အင်္ဂလိပ်တို့ထံသို့ ဦးတည် ခိုက်ဝင်ခြင်းသွားကိုထောက်၍ နယ်ချဲ့တို့မြှောက်ထိုးပင့်ကော်မှုကို တိတ်တဆိတ်အားပေး လုပ်ဆောင်ခဲ့ကြောင်းကို အကဲခတ်နိုင်ကြလေသည်။
ထိုကဲ့သို့ မြင်ကွန်းမြင်းခုံတိုင် အရေးတော်ပုံကြီး ဖြစ်ပွားလိုက်သော သက္ကရာဇ် ၁၂၂၈ ဒုတိယဝါဆိုလပြည့်ကျော် ၇ ရက်နေ့၏ နောက်ပိုင်းရက်တစ်ပတ်အတွင်းမှာပင် သူပုန်တို့လက်ချက်ဦး၍ နတ်ရွာစံခဲ့ရသူ အိမ်ရှေ့ကနောင်မင်းကြီး၏ သားတော်ဖြစ်သူ ပန်းတိမ်းမင်းသားသည် ၎င်း၏ ဖခမည်းတော်အိမ်ရှေ့မင်း နတ်ရွာစံတော်မူကြောင်း သိရှိရသည်နှင့် တစ်ပြိုင်နက်တည်း (ငါတို့ သည်အတိုင်းခံမနေနိုင်ဘူး)ဟု ကြိမ်းဝါးကာ မြို့တွင်းစံအိမ်တော်သို့ပြန်၍ မဝင်တော့ဘဲ ရွှေမြို့တော်၏ အနောက်မြောက်ရှိ စက်ရုံများသို့ ထွက်သွားပြီးလျှင် အကြံတူသဘောတူဖြစ်သော ညီတော်ကြေးမြင် မင်းသား၊ တိုင်တားမင်းသား၊ ပုံတော်မင်းသားတို့ကို စောင့်စားစုစည်း၍ စက်ရုံတော်များရှိ အလုပ်သမားတပည့် လက်သားကျေးကျွန် အသင်းအပင်းများနှင့် တိုင်ပင်စည်းဝေးကာ မတ္တရာမြို့မှ ရတနာသိင်္ဃမြို့အရောက် ချီတက်သွားကြမည်ဖြစ်လေသည်။
စက်ရုံတော်များမှာ အိမ်ရှေ့မင်းကြီး လုပ်ဆောင်တော်မူသော ခဲယမ်းမီးကျောက်နှင့် အမြောက်သေနတ်များ သွန်းလုပ်ရာ စက်ရုံတော်များဖြစ်ရာ စက်ရုံအလုပ်သမားတပည့်ကျေးကျွန်တို့ ချည်းသာ ရှိကြသော နေရာဖြစ်၍ အိမ်ရှေ့မင်းမရှိကြောင်း သိကြသောအခါ ၎င်းတို့မှာ အိမ်ရှေ့မင်း၏ သားတော်များကဲ့သို့ပင် မခံမရပ်နိုင်ရှိကြသောကြောင့် ပန်းတိမ်းမင်းသား၏ အကြံကို တစ်ပြိုင်နက်လိုက်ပါကူညီခြင်း ဖြစ်လေသည်။
ပန်းတိမ်းမင်းသားသည် မူလကပင် မြင်ကွန်းမင်းက အိမ်ရှေ့ကိုယ်တော်ကြီးကို မလိုလားသကဲ့သို့ ပန်းတိမ်းမင်းသားကလည်း မြင်ကွန်းမင်းသားအပေါ်၌ ဆတ်ဆတ်ထိမခံမည့် (အမှားမခံမည့်) အရိပ်အသွင်နှင့် ပုဂ္ဂိုလ်စွဲရှိခဲ့လေသည်။
သူ၏ခမည်းတော်ကို မြင်ကွန်းစားလုပ်ကြံခြင်းကြောင့် အိမ်ရှေ့မင်းမရှိလျှင် သူက အောင်မြင်သူအဖြစ် နန်းရံနေရာကို တက်လာမည်။ အမှန်စင်စစ် မိမိခမည်းတော်မရှိလျှင် မိမိသာလျှင် အိမ်ရှေ့အရာဆက်ခံရမည်ဖြစ်ရာ သူတစ်ပါးကလာ၍ အနိုင်ကျင့်သည်ကိုခံမည် မဟုတ်ပေ။ အခြေအနေရပ်ရပ်မှာ မည်သို့ဖြစ်လာလေ မည်မသိသေး၍ တွေဝေငေးမောနေရန် မဖြစ်နိုင်ပါ။
မိမိတာဝန်ကို မိမိတို့ဘာသာလုံခြုံအောင် ကြိုကြိုတင်တင် ပြုပြင်ထားမှသာဖြစ်မည်ဟု ချင့်ချိန်မိသည်။ အိမ်ရှေ့တော်အမှုထမ်း အပေါင်းတို့လည်း ဝိုင်းဝန်းတိုက်တွန်းကြသည်။ မြင်ကွန်းအရေးကလည်း အေးမည်မဟုတ်။
ဆုတ်ခွာပြေးသော်လည်း တဖြည်းဖြည်းအားယူ ရုန်းကန်ကာ အန္တရာယ်ပေးလာဦးမည်သာ ဖြစ်လေသည်ဟု ယူဆနေကြသည်။
ဒဂုန်ခင်ခင်လေး