(၁၉)ကြိမ်မြောက် မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ အောင်ပွဲ အခမ်းအနား ကျင်းပ

 (၁၉)ကြိမ်မြောက် မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ အောင်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင်  ပုဗ္ဗသီရိမြို့  ဗုဒ္ဓဂယာသတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ) ပွင့်စေတီတော်ပဋ္ဌာန်း ဓမ္မာရုံ၌ (၁၉)ကြိမ် မြောက် မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲပိတ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ပိုင်းတွင်ကျင်းပရာ  ယင်းအခမ်းအနားသို့ သံဝေဇနိယလေးဌာန၏  သြဝါဒါစရိယ ဥတ္တရသီရိမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မဏိဇောတိက ကျွဲရှင်းကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တပဒုမ အမှူးပြုသော ဆရာတော်ကြီး ကိုးပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့်    အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲအောင်ပွဲ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ သံဝေဇနိယလေးဌာန၏ သြဝါဒါစရိယ ဥတ္တရသီရိမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မဏိဇောတိက ကျွဲရှင်းကျောင်းတိုက် ပဓာနနာယက ဆရာတော်   ဘဒ္ဒန္တပဒုမထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးအမှူးပြုသော တာဝန်ရှိပုဂ္ဂိုလ်များနှင့် အလှူရှင်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များ   နာယူကြည်ညိုတော်မူကြသည်။

ဆက်လက်၍ သံဝေဇနိယလေးဌာန၏ သြဝါဒါစရိယ  ဥတ္တရသီရိမြို့နယ်  သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မဏိဇောတိက ကျွဲရှင်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဒုမထံမှ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အလှူရှင်များက အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ   ''ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု'' သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပသည်။

အဆိုပါ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၃ ရက်အထိ ငါးရက်ကြာ ကျင်းပရာ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် အလှူရှင်များက နေ့အလိုက် ဆွမ်း၊  အအေး၊ အလှူငွေများ ဆက်ကပ် လှူဒါန်းကြကြောင်း သတင်း ရရှိသည်။