ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

အိမ်ရှေ့မင်း၏ အတွင်းဝန်ကြီး ဦးသင်အမှူးရှိသော အိမ်ရှေ့တော်အမှုထမ်းမှန်သမျှက ပန်းတိမ်း မင်းသားဘက်မှ ရပ်တည်နေကြသည်။ အိမ်ရှေ့မိဖုရားကြီး လှိုင်ထိပ်ခေါင်တင်၏ သားတော် ထန်းတပင်မင်းသားမှာ ကလေးအရွယ်မျှသာ ရှိသေး၍ ဦးစီးခေါင်းဆောင်မပြုနိုင်သေး၊ အိမ်ရှေ့မိဖုရား လှိုင်ထိပ်ခေါင်တင် ဆိုသည်မှာလည်း နုနယ်သော မိန်းမသားဖြစ်နေရာ မောင်တော်အတွက် ပူဆွေးသောကရောက်လျှင် မျက်ရည်နှင့် မျက်ခွက်ဖြစ်နေစဉ် အချိန်အခါမို့ သားတော်ပန်းတိမ်း မင်းသားသာလျှင် အစစအရာရာ စစ်မက်ရေးနှင့်တိုက်ရေးခိုက်ရေးတို့မှာ  ဦးဆောင်နိုင်နေသူဖြစ်လေသည်။

သို့ကြောင့် သူတို့သည် ရွှေဘိုဘက်သို့ ဦးတည်ထွက်ရမည်။ ရွှေဘိုမှ  ပဉ္စာအထိ နယ်များမြို့များသည် အိမ်ရှေ့စံ ကနောင်မင်းကြီး၏ အသုံးကံကျွေးခံမြို့နယ်များဖြစ်နေသဖြင့်   သစ္စာခံကျွန်တော်မျိုးတွေ အများအပြား ရှိနေသောကြောင့် နောက်လိုက်အင်အား မတောင့်တင်းမည်ဟု စိုးရိမ်ဖွယ်ရာမရှိ ဖြစ်လေသည်။

မျှော်လင့်ကြသောအတိုင်းပင် နောက်ပိုင်း၌ ရွှေဘိုနယ်မှ နောက်လိုက်လူသူအဖြစ် အိမ်ရှေ့မင်းကြီးလူများအင်တိုက်အားတိုက် ပါဝင်ခဲ့ကြသည်။

သို့ဖြင့်    ပန်းတိမ်းမင်းသား၏ အရေးအခင်းသည် မြင်ကွန်းမြင်းခုံမင်းသားတို့၏ အရေးအခင်းနှင့် ရှေ့နောက်ရက်ဆက် ဆက်တိုက်ပေါ်ပေါက်လာနေဆဲဖြစ်သည်။ တူတော်သမက်တော် မြင်ကွန်းမင်းသားနှင့် မြင်းခုံတိုင်မင်းသားတို့၏ လက်နက်ဖြင့်   ရုတ်တရက်နတ်ရွာစံတော်မူခဲ့ရရှာသူ အိမ်ရှေ့စံ ကနောင်မင်းသားကြီး၏ အလောင်းတော်ကို နောက်နှစ်ရက်ဖြစ်သောဒုတိယဝါဆိုလပြည့်ကျော် ၉ ရက်နေ့တွင် မင်းတုန်းမင်းတရားကြီးက ဝမ်းနည်းကြေကွဲစွာနှင့် ကောင်းမွန်စွာ သင်္ဂြိုဟ်ခြင်းအမှုကို ပြုတော်မူလေသည်။ အိမ်ရှေ့မင်း၏ အလောင်းတော်ကို နန်းမြေဘုံသာ ယာယီစံနန်းတော်၏ အဆောင်မကြီးတွင် ခေါင်းသွင်း၍ ထီးဖြူတော်လေးစင်းအုပ်မိုးထားပြီးလျှင် ရှေးအိမ်ရှေ့မင်းတို့ကို သင်္ဂြိုဟ်ရသောနည်းအတိုင်း အခမ်းအနား၊ အဆောင်အရွက်များနှင့်ခင်းကျင်း ကျင်းပထားရသည်။

ဒုတိယဝါဆိုလပြည့်ကျော် ၇ ရက်နေ့က အိမ်ရှေ့စံက ကနောင်မင်းနှင့်အတူ တစ်နေ့တစ်ရက်တည်း လုပ်ကြံခြင်းခံလိုက်ရသူများဖြစ်သော    သားတော်သုံးပါး၏အလောင်းများကိုလည်း ကောင်းမွန်စွာပြုပြင်၍ အခမ်းအနားကျင်းပထားစေသည်။

မြင်ကွန်းမင်း၏လုပ်ကြံသတ်ဖြတ်ခြင်းခံရသော မင်းသားသုံးပါးမှာ အထက်ဖော်ပြပြီး ဖြစ်ခဲ့သည့်အတိုင်း မလွန်မင်းသား၊  ပြင်စည်မင်းသား၊ စကုမင်းသားတို့၏ အလောင်းတော်များကို  ၎င်းတို့၏ မယ်တော်ဖြစ်သူမြောက်ဆောင်တော်မိဖုရားစံနေရာ အဆောင်တော်အောက် ယာယီအိမ်တွင် ခေါင်းသွင်း၍ ထီးဖြူဝဲယာနှစ်စင်း ဖွင့်လှစ်ကျင်းပပြီးလျှင် အစောင့်အနေများနှင့်ထားလေသည်။

ထို့နောက် နန်းမြေဘုံသာ ယာယီစံနန်းတော်ကြီးမှအဆောင်မကြီးကိုဖျက်သိမ်းပြီးလျှင် ၎င်းနေရာတွင် အုတ်ဂူတည်၍   အိမ်ရှေ့မင်းအလောင်းတော်နှင့် ၎င်းအနီးတွင် အတူကျဆုံးခဲ့သော  မလွန်မင်းသား၊ ပြင်စည်မင်းသားနှင့် စကုမင်းသားတို့ အလောင်းတော်များကို ဂူတွင် သွင်းနှံသင်္ဂြိုဟ်တော်မူလေသည်။

နောက်တစ်နှစ်ခန့်ကြာသော ၁၂၂၉ ခုနှစ်၊ နယုန်လပြည့်ကျော်  ၆ ရက်နေ့တွင် အမရပူရမြို့ရှိ စန္ဒာမုနိဘုရားကို ပင့်ဆောင်ပြီးလျှင် အိမ်ရှေ့မင်းအုတ်ဂူအနီး၌ အုတ်ရိုးနှင့် စေတီတည်ထားတော် မူလေသည်။ ယင်းဘုရားစေတီသည် စန္ဒာမုနိဘုရားဟူ၍ ထင်ရှားခဲ့သည်။

ယနေ့ခေတ်တိုင် မန္တလေးတောင်ခြေရှိ ဘုရားသုံးဆူဖြစ်သော ကျောက်တော်ကြီး၊ စန္ဒာမုနိ၊ ကုသိုလ်တော် ဘုရားများကို သီတင်းကျွတ်လ၌ နှစ်စဉ်ပွဲတော်ကြီး စည်ကားကြီးကျယ်စွာဖြစ်ခဲ့လေသည်။

အိမ်ရှေ့မင်းအလောင်းတော် အုတ်ဂူရှိနေရာ စန္ဒာမုနိဘုရားပွဲသည် ပွဲတော်ဖြစ် ဘုရားသုံးဆူအနက်မှ အလယ်နေရာကတည်ရှိသည်။

သီတင်းကျွတ်လ ဘုရားပွဲဖြစ်လေတိုင်း အိမ်ရှေ့မင်း၏ မိဖုရားများ၊ သားတော်၊ သမီးတော်၊ မြေးတော်၊ မြစ်တော် အဆက်အနွယ်များက စန္ဒာမုနိဘုရား ပရိဝုဏ်အတွင်းမှာ တဲကနားကိုယ်စီနှင့် လာရောက်ကန်တော့ပူဇော်၍ လှူဒါန်းဧည့်ခံကြမြဲဖြစ်လေသည်။ အရှေ့ဘက်အစွန်ဆုံးတွင် တည်ရှိသော မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော်ဘုရား ပရိဝုဏ်အတွင်းတွင်မူ မင်းတုန်းမင်းတရားကြီး၏ မိဖုရားများ၊ သားတော်၊ သမီးတော်၊ မြေးတော်၊ မြစ်တော်တို့က လာရောက်လှူဒါန်း ဧည့်ခံကျွေးမွေးကြလေသည်။

အနောက်ဘက်   အစွန်ဆုံးတွင် တည်ရှိသော ကျောက်တော်ကြီးဘုရားမှာ မှူးတော်မတ်တော်များ အမှူးထား၍ အရပ်သူအရပ်သားများဟာ ကမကထပြု၍ ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့ကြလေသည်။ ယင်းအစဉ်အလာမှာ ရတနာပုံခေတ်တစ်လျှောက်မှ အစပြု၍ ဒုတိယကမ္ဘာစစ်မတိုင်မီအထိရှိခဲ့ရာ    စစ်ပြီးခေတ်နောက်ပိုင်းတွင်မူ ဘုရားပွဲတော်ချိန်၌ ပြည်သူပြည်သားအများ၏ ကောင်းမှုပွဲတော်အဖြစ် ဆင်နွှဲလျက်ရှိကြလေတော့သည်။

အိမ်ရှေ့မိဖုရား လှိုင်ထိပ်ခေါင်တင်သည် မောင်တော်အိမ်ရှေ့မင်းအတွက် မျက်ရည်မသိမ်းနိုင်အောင် ပူဆွေးသောကရောက်လျက်ရှိရရှာသည်။ ခဲအိုတော်နှင့် အစ်မတော်တို့ကလည်း အရေးအခင်းထဲမှာပင် အလွန်လျှင် အာရုံစိုက်တော်မူခဲ့ကြသည်။ ယာယီနန်းတော်မှ မြို့တွင်းနန်းတွင်းသို့ ပြန်ရောက်ကြသောအခါလည်း အိမ်ရှေ့အိမ်တော်ကြီးမှာပင် လှိုင်ထိပ်ခေါင်တင်ကို အခြွေအရံ၊ မောင်းမမိဿံတို့နှင့် မညှိုးမငယ် စံနေတော်မူရစေသည်။ အိမ်ရှေ့မိဖုရား လှိုင်ထိပ်ထားနှင့်အတူ ဥမကွဲသိုက်မြုံမပျက်   ဆက်လက်နေထိုင်လိုသော ကိုယ်လုပ်မောင်းမများကိုလည်း  မင်းတရားကြီးက မနိမ့်မကျ အိမ်ရှေ့မင်းရှိစဉ်ကကဲ့သို့ ချီးမြှင့်စောင့်ရှောက်ထားတော်မူလေသည်။

အိမ်ရှေ့မိဖုရား လှိုင်ထိပ်ခေါင်တင်မှာ မောင်တော်အိမ်ရှေ့မင်း မရှိတော့ခြင်းကြောင့် နွမ်းယိညှိုးခွေ လွမ်းမိုးစွေ၍ မစဲနိုင်ရှိခဲ့ပြီးလျှင် နတ်ရွာမစံမီကလေးတွင်မှ ရှေးကထက်    မိမိအားချစ်ခင်ကြင်နာစိတ်ထားတော်မူခဲ့ပုံများကို တွေးတော သတိရမိသောအခါသာလွန်ညှိုးချုံးယူကျုံးမရ ဖြစ်မိတော်မူ ရရှာပြန်လေသည်။

ကိုယ်လုပ်တော်အပေါင်းနှင့် မောင်းမမိဿံတို့က ယုယဖျော်ဖြေကြခြင်းဖြင့် လည်းကောင်း၊ မိမိစိတ်အား ထက်သန်တော်မူရာ အိမ်ရှေ့မင်းအတွက်ရည်မှန်း၍ ဆွမ်းကွမ်းကပ်လှူခြင်း၊ လူတို့အား ကျွေးမွေးပေးကမ်းခြင်း စသောအလုပ်များနှင့်သာ ဖြေသိမ့်တော်မူရရှာလေသည်။ စာပေရေးရာတို့ဘက်ကလည်း အထက်အချိန်အခါ အိမ်ရှေ့မင်းရှိစဉ်ကလို တစ်ကိုယ်တည်းအမျှော်စိုက်သီချင်းများကို ရေးသားဖွဲ့နွဲ့ စီကုံးတော်မူခြင်း မပြုရတော့ဘဲ နိဗ္ဗိန္ဒကဗျာတေးတို့ကိုလည်းကောင်း၊ အငြီးငြေရေးလက်စရှိခဲ့သော မဆုံးနိုင်သေးသည့် ဝိဇယကာရီ နန်းတွင်းဇာတ်တော်ကြီးကိုလည်းကောင်း၊ ဆက်လက်ရေးသားရင်း  ခဲအိုတော်မင်းတရားကြီး အစောင့်အရှောက်ဖြင့်  ခုနစ်နှစ်တိုင်တိုင်  စံနေတော်မူခဲ့ရရှာသည်။  စိတ်သောကဝေဒနာက  ကြာရှည်ညှဉ်းဆဲလာခဲ့ရာတွင်  တဆွေးဆွေးတမြည့်မြည့်နှင့် နောက်ဆုံး ချစ်လှစွာသော သားတော်   ထန်းတပင် မင်းသားကလေးကို စွန့်ခွာ၍ နတ်ရွာစံတော်မူ ရရှာလေသည်။