အိန္ဒိယ၊ ယူအေအီး၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ Relief Flight များဖြင့် ပြန်လည်ဝင်ရောက်လာသူ ၄၂ ဦးတွင် အိုမီခရွန်ရောဂါပိုး ထပ်မံတွေ့ရှိ

SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်

(၁၃-၁-၂၀၂၂)ရက်နေ့

၁။      ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ်(Relief  Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုများနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။

၂။       ထိုသို့ဆောင်ရွက်လျက်ရှိရာ  ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ၍ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရန်ကုန်မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သည့် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ စစ်ဆေးခြင်းကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ရန်ကုန်တွင်   ယနေ့စစ်ဆေးရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ ၄၂ ခုတွင် တွေ့ရှိရပါသည်။

၃။      အဆိုပါအိုမီခရွန်ရောဂါပိုး တွေ့ရှိသူများတွင် မြန်မာနိုင်ငံသား (၄၀)ဦးနှင့် နိုင်ငံခြားသား (၂)ဦးတို့ပါဝင်ပြီး Relief  Flight များဖြင့် ဝင်ရောက်လာသူများဖြစ်ကာ အိန္ဒိယနိုင်ငံမှ (၃၂)ဦး၊ ယူအေအီးနိုင်ငံမှ (၄)ဦး၊ မလေးရှားနိုင်ငံမှ (၃)ဦးနှင့် ထိုင်းနိုင်ငံမှ (၃)ဦးတို့ဖြစ်ပါသည်။

၄။      ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရန်ကုန်မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သည့်   ဓာတ်ခွဲနမူနာ ၄၅ ခုတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်)ပိုး မတွေ့ရှိရပါ။

၅။      အိုမီခရွန်ရောဂါပိုး တွေ့ရှိသူများအား ကိုဗစ်-၁၉ ကုသရေးစင်တာများနှင့် သတ်မှတ်ဆေးရုံကြီး များတွင် သီးသန့်ထားရှိကာ အထူးကုသစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းသူတို့နှင့် လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့် ခရီးသည်များအားလည်း အသွားအလာကန့်သတ်ခြင်း (Strict Quarantine) နှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများအား အထူးအားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။

၆။      သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန