ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၀၇)

ခဲအိုတော်နှင့် အစ်မတော်တို့က   ကောင်းမွန်ခမ်းနားစွာသင်္ဂြိုဟ်တော်မူကြသည်။

လောလောဆယ်အချိန်၌ အိမ်ရှေ့မင်းနတ်ရွာစံလျှင် သားတော် ပန်းတိမ်းမင်းသား ဦးဆောင်သောအဖွဲ့သည် ဆိုအပ်ခဲ့ပြီး ဖြစ်သည့်အတိုင်း သဘောချင်းတူရာညီတော်များ၊ အိမ်ရှေ့အမှုထမ်းကြီးငယ်တို့နှင့် အိမ်ရှေ့တပ်တော်သားများပါ တစ်လုံးတစ်ရင်းတည်း စုဆောင်း မိကြသည်နှင့်တစ်ပြိုင်နက် မတ္တရာမြို့ဘက်သို့ ရှေးဦးစွာ ချီတက်ထွက်ခွာသွားကြပြီးနောက် ရတနာသိင်္ဃရွှေဘိုမြို့ အရောက်လာကြသည်။

ရတနာသိင်္ဃမြို့သို့ ရောက်လျှင် မြို့အုပ်မြို့ခံစသော အရာရှိများကို ရုတ်တရက် ဖမ်းဆီးပြီး အကျဉ်းချထား လိုက်သည်။ ထို့နောက် ၎င်းနယ်တစ်လွှားရှိ မြို့ရွာ ကျေးလက်များကို သိမ်းယူသည်။ လူသူစုဆောင်း၍ နောက်လိုက်နောက်ပါများနှင့် မင်းတုန်းမင်းတရားကြီး အား ထောင်လွှား ခုခံကြလေတော့သည်။

ပန်းတိမ်းမင်းသားက သူနှင့်အတူပါရှိသော ဒီပဲယင်းဝန် ဦးမှန်ကို ဗိုလ်ချုပ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီးလျှင် တိုက်ခိုက်ရန် တာဝန်ပေးသဖြင့် ရှိမ်မကားဘက်တွင် တပ်စွဲလေသည်။

Í္ဇာလဝန်ခန့်ခံရသူ ဦးအောင်မြတ်က ဧရာဝတီမြစ်ကို ဖြတ်ကူးလျက် မတ္တရာမြို့သို့ရောက်လျှင် ကပိုင် တောင်ပြုံးသို့အထိ နယ်ဆန့်လာသည်။ အလယ်စစ်ကြောင်းမှ ချီတက်လာရသူမှာ စစ်ကဲဦးအုန်းဖြစ်ပြီး မင်းကွန်းသို့ရောက်လာသည်။

စည်ပုတ္တရာဗိုလ်က   စစ်ကိုင်းသို့ရောက်အောင် ချီတက်ခဲ့သည်။

အိမ်ရှေ့မင်း၏ အရှိန်အဝါ သြဇာခံယူလာခဲ့သူများ ဖြစ်သော တောင်တွင်းကြီးနယ်၊  စလေနယ်၊ ပုဂံနယ်၊မြင်းခြံနယ်ရှိ တပ်သားများကလည်း စုပေါင်း၍ အမရပူရမြို့နယ်ဖြစ်သော စစ်ကိုင်း၊ ပလိပ်ရွာသို့အထိ ချီတက်ရောက်ကြလေသည်။

ပန်းတိမ်းမင်းသား ဦးဆောင်ပုန်ကန်သော တပ်သား များသည် ဤမျှအားကောင်းသည်။ ရတနာပုံရွှေမြို့ တော်ကြီး နေပြည်တော်အစပ်သို့ နီးကပ်လာလေရာ ဤအန္တရာယ်မှာ သေးငယ်သည်ဟု မဆိုသာ၊ မြင်ကွန်းမင်းသား၊ မြင်းခုံတိုင်မင်းသားတို့အရေးထက် အလေးသာလျက်ရှိနေပြန်လေတော့သည်။

ဤသို့ ပန်းတိမ်းမင်းသား၏ အင်အားအခြေအနေကို သိရှိတော်မူသော မင်းတုန်းမင်းတရားကြီးသည် ညီတော် အိမ်ရှေ့မင်း၏ မျက်နှာကို ထောက်ထားလျက်၊ တူတော်ပန်းတိမ်းစားအား စစ်မက်ပြု၍ ချေမှုန်းရန် ဆန္ဒတော်မသန်ခဲ့ပေ။ သို့တစေလည်း တူတော်က ရန်သူ တော်ပမာ ထောင်ထားလာခဲ့ပြန်သောအချိန်၌ ရက်ရက်စက်စက်    အကြမ်းဖက်၍နှိမ်နင်းချေမှုန်းရန်ထက် အစစ အရာရာ အနုနည်းနှင့်သာ အောင်တော်မူလိုရှာသည်။

တူတော်ကိုလည်း ပုန်ကန်ရမည်လောဟု အပြစ် မတင်သာ၊ သူ့ခမျာ ဖခင်တစ်ပါးလုံး ဆုံးရှုံးခံလိုက်ရရှာသူဖြစ်ပေသည်။ ထက်ထက်မြက်မြက် အရွယ်ဆိုသည်မှာ လက်စားချေလိုမှုက အင်တိုက်အားတိုက် ရှေ့ဆောင်နေမည်သာ။ သို့ရာတွင် ရန်သူအစစ်ဖြစ်သော မြင်ကွန်းမင်းသားကို မတိုက်ခိုက်ဘဲ ဘကြီးတော်အား ပုန်းစားပုန်ကန်နေခြင်းမှာ သူ၏ အမှားအယွင်းပင်ဖြစ်သည်ဟု ယူဆတော်မူသည်။

ထို့ကြောင့် ပန်းတိမ်းမင်းသား အကျိုးသင့်အကြောင်းသင့်၊ ချင့်ချင့်ချိန်ချိန်နှင့် အမြင်အတွေး မှန်ကန်လာရန် အရေးကိုသာ ဦးတည်တော်မူလိုသည်။ အနုနည်းနှင့် ကိစ္စပြီးစီးသွားလျှင်လည်း တူတော်အား အပြစ်မယူဘဲ ချမ်းသာစေရမည်။ စည်းစိမ်မပျက် ဆက်လက်သူကောင်းပြုတော် မူထားမည်ဟု ရည်ရွယ်တော်မူလေသည်။

ယင်းသို့ မင်းတုန်းမင်းတရားကြီးက တူတော်များကို သည်းခံသိမ်းသွင်းတော်မူလိုသည်မှာ ညီတော် အိမ်ရှေ့မင်း၏ မျက်နှာတော်ကို ထောက်ရှုတော်မူလိုခြင်း ဖြစ်သည်။ သို့ရာတွင် ပန်းတိမ်းမင်းသားတို့၏ အင်အားကလည်း မနည်းလှကြောင်း သိရှိရသည်။ နေပြည်တော်၏ အရပ်လေးမျက်နှာနယ်တစ်ဝိုက်၌

ပုန်ကန်သူတပ်များက ဆိုက်ရောက်နေလေပြီ။

သို့ကြောင့် မင်းတုန်းမင်းတရားကြီးက ဘုန်းတော် ပြည့် သေနတ်ဗိုလ်မင်းကြီး မဟာမင်းခေါင်ဇေယျသူကို လက်ဝဲ၀င်းမှူးခန့်၍ သေနတ်၊ အမြောက်၊ စိန်ပြောင်း၊ရဲမက်စစ်သည်အများ   ဆင်လုံး၊ မြင်းလုံးတို့နှင့် “စစ်ကိုင်းကြောင်း” ချီတက်စေသည်။ ပန်းချီဗိုလ်ကလေးကိုလည်း လက်နက်လူသူ  အများနှင့် မတ္တရာကြောင်း ချီတက်တိုက်စေသည်။ ပန်းချီဗိုလ်ကလေး မတ္တရာကြောင်း ချီတက်တိုက်ခိုက်ရာ၌ ပန်းတိမ်းမင်းသား၏ သူပုန်တပ်က အင်အားကြီးလှသောကြောင့် မခံမရပ်နိုင်သဖြင့် ပန်းချီဗိုလ်တပ်ပျက်ပြီးလျှင် ရဲဘက်တော်သား တို့ ဓားဦးလှံဦးတွင် အများအပြား ကျဆုံးကြရလေသည်။ သူပုန်တို့တပ်ဦးသည် ထိုအရပ်မှတစ်ဆင့် ကပိုင်လွန်တောင်းအရပ်သို့ ဆိုက်ရောက်လာကြလေသည်။

ကပိုင်လွန်တောင်းအရပ်တွင် မင်းတရားကြီးဘက်မှ ညောင်ရွှေစော်ဘွားကြီးကို ရွှေပြည်မှန်ကင်း ခန့်အပ်၍ ရွှေပြည်မှန်ကင်းအမှုထမ်း သေနတ်စွဲသူရဲ ၆၀၀ နှင့် တစ်တပ်။

နတ်ရှင်ရွေးဗိုလ်မင်း မဟာမင်းလှသူရိန်နှင့် နတ်ရှင်ရွေးအမှုထမ်း သေနတ်စွဲ ၄၀၀ တစ်တပ်၊ လက်ဝဲ ကြောင်း ဗိုလ်မင်းလှသီရိကျော်သူနှင့် လက်ဝဲကြောင်းသေနတ်ကိုင်အမှုထမ်းသူရဲ ၅၀၀ တစ်တပ်၊ လက်ယာ ကြောင်းဗိုလ် မဟာမင်းတင်တန်ဆောင်နှင့် လက်ယာ ကြောင်းအမှုထမ်း သေနတ်ကိုင်သူရဲ ၄၀၀ တစ်တပ်၊ တောင်မာရဘင်ဗိုလ် မင်းတင်သူရရဲခေါင်နှင့် တောင် မာရဘင်အမှုထမ်း သေနတ်ကိုင်စစ်သည် ၃၅၀ နှင့်တစ်တပ်။

နတ်စုလက်ဝဲဗိုလ် မဟာဒေဝတန်ဆောင်နှင့် နတ်စုလက်ဝဲအမှုထမ်း သေနတ်ကိုင်စစ်သည် သူရဲ ၄၅၀  တစ်တပ်၊ နတ်စုလက်ယာဗိုလ် မဟာဒေဝမင်းခေါင်နှင့် နတ်စုလက်ယာအမှုထမ်း သေနတ်ကိုင် စစ်သည်၄၀၀ တစ်တပ်။

တောင်ဒဝယ်ဗိုလ် မင်းတင်မင်းလှကျော်ခေါင်နှင့် တောင်ဒဝယ်အမှုထမ်း သေနတ်ကိုင်စစ်သည် ၇၀၀ တစ်တပ်၊ ရွှေလှံဗိုလ် မဟာမင်းလှကျော်သူနှင့် ရွှေလှံအမှုထမ်း သေနတ်ကိုင်သူရဲ ၈၀၀ တစ်တပ် စီစဉ်လျက်ရဲဘက်မြင်းဝန် ပခန်းငယ်မြို့စား (မင်းကြီးမဟာမင်းခေါင်ကျော်စွာ)ကို ရှေ့ဝင်းမှူး ခန့်တော်မူပြီးလျှင် ယင်းတပ်စုများကို အုပ်ချုပ်၍ မတ္တရာကြောင်း ချီတက်စေသည်။

ထိုတပ်မကြီးသည် လက်နက်ကိုင်စစ်သည်တော် ၂၅၀၀၀ ခန့်နှင့် မတ္တရာကြောင်း ချီတက်လာစဉ် တောင်ပြုံးကြီးမြို့၏အရှေ့ဘက် တောရကျောင်း၌ သူပုန် ပန်းတိမ်းမင်းတပ် ပဉ္ဇာလမြို့ဝန် မောင်အောင်မြတ် ဦးစီးသော တပ်ကြီးတစ်တပ် အခိုင်အမာရှိနေသည်ကိုတွေ့ရှိရသောကြောင့် အပြင်းအထန် ရင်ဆိုင်တိုက်ပွဲ ဖြစ်ကြလေသည်။ တိုက်ပွဲမှာ ၃ ရက်တိုင်တိုင် ကြာသည်။ ၃ ရက် နေ့ညဉ့်ပါမစဲ သေနတ်မီးပေါက် မိုးရွာသကဲ့သို့ရှိသည်။ ဘက်တော်မှာ ဤမျှ အပြင်းအထန် တိုက်ခိုက်သည့်တိုင် မောင်အောင်မြတ်(ပန်းတိမ်းမင်းဘက်)မှာ အကွပ်အကဲကောင်းလှ၍ မင်းတုန်းမင်း ဘက်တော်မှ မပေါက်မရောက်နိုင်အောင် ရှိနေလေသည်။

ဤတွင် ဗိုလ်ချုပ်ရှေ့ဝင်းတော်မှူးနှင့် ဗိုလ်မှူးတပ်မှူး၊ တပ်ဗိုလ်အရာရှိတို့ တိုင်ပင်ဆွေးနွေးကြရလေသည်။ ကျွန်ုပ်တို့သည် ဘဝရှင်မင်းတရားကြီး ယုံကြည် လွှဲအပ်တော်မူခြင်းကြောင့် အားကြိုးခွန်နွှဲ တိုက်ပွဲဝင် ကြသော်လည်း သူပုန်တို့တပ်သည် ကတုတ်ရင်ထားမှစ၍ ခိုင်ခံ့လှသောကြောင့် မပေါက်မမြောက်နိုင်အောင် ရှိနေသည်။       

ဒဂုန်ခင်ခင်လေး